ရခိုင်ပြည်နယ် အတွင်းရှိ ရေလုပ်ငန်း ကဏ္ဍ ဖွံ့ဖြိုးရေး အတွက် အစိုးရ မှ ထောက်ပံ့ပေးရန် အစီအစဉ် ရှိ၊ မရှိကို ပြည်နယ် မဲဆန္ဒနယ် အမှတ် ၆ မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ်က ယနေ့ မေးမြန်းခဲ့ခြင်း ဖြစ်သည်။
အစိုးရ အနေဖြင့် ရခိုင်ကမ်းလွန် ငါးဖမ်းလုပ်ကွက်များမှ ရရှိသည့် အခွန်အခ၏ ၂၀ ရာခိုင်နှုန်း (သို့မဟုတ်) သင့်တော်သော ရာခိုင်နှုန်းကို ရခိုင်ပြည်နယ် ရေလုပ်ငန်း ဖွံ့ဖြိုးရေးအတွက် ထောက်ပံ့ပေးရန် မေးမြန်းခဲ့ခြင်း ဖြစ်သည်။
အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ်က “ရခိုင်တိုင်းရင်းသားတွေက စီးပွားရေးလည်း ပျက်သလို ကိုယ် စားဖို့ ငါးတောင် ပင်လယ်ထဲမှာ မရှိတော့ဘူး။ အဲဒါကို လူတွေက မသိကြဘူး။ အဲဒါကို သိစေချင်လို့ ဒီမေးခွန်းကို မေးရတာ ပါ။ ကုန်းပေါ်က သယံဇာတ ဆုံးရှုံးမှုကို မြင်ကြပေမယ့် ပင်လယ်ထဲက ရှိတဲ့ ငါးတွေ ဆုံးရှုံးနေတာကို မမြင်ကြဘူး ” ဟု လွှတ်တော် အစည်းအဝေး အပြီးတွင် သတင်းထောက်များကို ပြောသည်။
လက်ရှိ ရခိုင်ကမ်းလွန်လုပ်ကွက်တွင် ငါးဖမ်းလုပ်ငန်း လုပ်ကိုင်သည့် သင်္ဘောအစီးပေါင်း ၃၀၀ ကျော်မှာ ရန်ကုန်အခြေပြု ကမ်းဝေးငါးဖမ်း သင်္ဘောများဖြစ်ရာ ရခိုင်ဒေသခံ ပြည်သူများပိုင်ဆိုင်သည့် သင်္ဘောများ မရှိကြောင်း၊ ဖမ်းမိသည့် ငါးများကို လည်း ရခိုင်ပြည်နယ်ထဲသို့ သွင်းလာခြင်း မရှိကြောင်း ဦးခင်မောင်လတ်က ဆိုသည်။
ယင်းမေးခွန်းနှင့် ပတ်သက်၍ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ရခိုင် ပြည်နယ်အတွင်း ရေချိုငါးလုပ်ငန်း၊ ကမ်းနီးနှင့် ငါး၊ ပုဇွန်မွေးမြူခြင်း လုပ်ငန်းများမှ ရရှိသည့် အခွန်ငွေများကို ပြည်နယ် အစိုးရအဖွဲ့၏ ဘဏ္ဍာရန်ပုံငွေကို ပေးသွင်းရကာ ကမ်းလွန်မှ ရရှိသည့် အခွန်ဘဏ္ဍာ ရန်ပုံငွေကို ပြည်ထောင်စု ရန်ပုံငွေသို့ ပေးသွင်းရခြင်း ဖြစ်ကြောင်း ပြောသည်။
ဒုတိယ ဝန်ကြီး ဦးလှကျော်က “သက်ဆိုင်ရာ ပြည်နယ်အစိုးရ အဖွဲ့၊ မိမိတို့ ဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီးဌာန တို့ ဆက်စပ်ညှိနှိုင်းရမယ့် အခြေအနေ ဖြစ်ပါတယ်” ဟု လွှတ်တော်တွင် ပြောကြားသွားသည်။
သို့ဖြစ်ရာ ပင်လယ်ငါးလုပ်ငန်းများနှင့် စပ်လျဉ်းပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၉၆ ဇယား ၁ အရ ပြည်ထောင်စုမှ ဥပဒေပြုခြင်း၊ စီမံခန့်ခွဲခြင်းတို့ကို ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
ဒေသတွင်း ရေလုပ်ငန်း ကဏ္ဍတွင် လုပ်ကိုင်နေသည့် ရေလုပ်သားများမှာလည်း အလုပ်လက်မဲ့ ဖြစ်နေကြကြောင်း၊ အခြား ဒေသများတွင် ရွှေ့ပြောင်းလုပ်သား အဖြစ် သွားရောက်လုပ်ကိုင်နေခြင်း၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ထံသို့ ဝင် ရောက်သွားသူများလည်း ရှိနေကြောင်း ဦးခင်မောင်လတ်က ပြောသည်။
ထို့ကြောင့် ဝန်ကြီးဌာနဘက်မှ လာရောက်ဖြေကြားမှုမှာ ကျေနပ်သည့် အဖြေမျိုး မဟုတ်သော်လည်း အခြားဝန်ကြီး ဌာန များနှင့် ပေါင်းစပ်ညှိနှိုင်းမည် ဖြစ်သောကြောင့် အချိန်ကာလ တခုစောင့်ရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ရခိုင်ပြည်နယ် ငါးဖမ်းကွက် အတွင်း ဝင်ရောက် လုပ်ငန်း လုပ်ကိုင်သည့် ရေယာဉ် အရေအတွက်နှင့် ပြည်ထောင်စု ဘဏ္ဍာ ရန်ပုံငွေ အခွန်ငွေ ရရှိမှုများကို နီးစပ်ရာ နှစ်များ အလိုက်ကြည့်ပါက ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ပထမ ၆ လ တွင် ရေယာဉ် ၃၆၉ စီး၊ အခွန်ငွေကျပ် ၁၂၅ ဒသမ ၆၇၉ သန်း ရရှိထားကြောင်း သိရသည်။
ဆက်စပ်လင့်ခ်-
ပင်လယ် ကျားများနှင့် ရေအဆုံး ကုန်းတဝက်
ရခိုင်တွင် ရင်းနှီးမြှုပ်နှံမှုအားပေးရန် တောင်ကိုရီးသံအမတ် စိတ်အားထက်သန်