သတင်း

စစ်ကိုင်းတိုင်းအတွင်းရှိ လုပ်သား ၁၀၀၀ ကျော် ဂျပန်သို့ စေလွှတ်ရန် တိုင်းအစိုးရ စီစဉ်

Want create site? Find Free WordPress Themes and plugins.

စစ်ကိုင်းတိုင်းရှိ အသက် ၁၈ နှစ်မှ ၃၀ နှစ်ကြား အခြေခံ အထက်တန်း အောင်မြင် ပြီးသူများကို ဂျပန်နိုင်ငံရှိ သက်ကြီး ရွယ်အို စောင့်ရှောက်ရေးလုပ်ငန်းများ၊ ဟိုတယ်လုပ်ငန်းများ၊ စိုက်ပျိူးရေးနှင့် စက်မှုကုန်ထုတ်လုပ်ငန်းများတွင် လုပ် ကိုင်ရန် အလုပ်သမားများအဖြစ် တရားဝင် စေလွှတ်သွားရန် စီစဉ်နေကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရ သည်။

“ဂျပန်ဘက်ကလည်း အလုပ်သမား လိုအပ်ချက် ရှိသလို ကျနော်တို့နိုင်ငံကိုလည်း ဦးစားပေး ခေါ်ချင်တာတွေလည်း ရှိနေတယ်၊ ဒါကြောင့် စီစဉ်ပေးနေတာပါ။ ပြည်ပမှာ အလုပ်သွားလုပ်တဲ့ နိုင်ငံသားတွေ မကြာခဏ ပြဿနာတွေနဲ့ ရင်ဆိုင်နေရတာတွေ မဖြစ်ရအောင်ရယ်၊ အဓိက ဂျပန်ကို သွားချင်တဲ့သူတွေ အနေနဲ့ သူတို့နောက်မှာ အစိုးရရှိတယ်၊ တခုခုဖြစ်လာရင် အစိုးရက ကာဗာလုပ်ပေးမယ်ဆိုတဲ့ အတွေးတွေ ရသွားမှာပါ၊ အစိုးရက နောက်ခံပါနေတဲ့အတွက် သွားချင်တဲ့သူတွေ ရဲရဲဝံ့ဝံ့ သွားနိုင်မှာပါ” ဟု စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူဝင်မှု ကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး ဦးမိုးကျော်သူက ပြောသည်။

လက်ရှိတွင် တိုင်းဒေသကြီးထံသို့ ဂျပန်သို့ အလုပ်လုပ်ကိုင်ခွင့်ရရန် လာရောက် လျှောက်ထားသူ ဦးရေ ၇၀၀ ကျော်ရှိပြီး ၅၀၀ ကျော်မှာ တက္ကသိုလ်ဘွဲ့ ရရှိထားသူများ ဖြစ်ကြောင်း၊ ထိုသူများသည် ဂျပန်စာ N5, N4 အရည်အချင်းစစ် စာမေးပွဲ ဖြေဆိုရမည်ဖြစ်ကြောင်း၊ ထိုစာမေးပွဲ အောင်မြင်ပါက သွားခွင့်ရရန် ရွေးချယ်ခံရမည်ဖြစ်ကြောင်း သိရသည်။

ရွေးချယ်ခံရသူများသည် အစိုးရက မုံရွာ၊ ရွေဘိုမြို့များတွင် ဖွင့်လှစ်ပေးရန် စီစဉ်ထားသည့် ဂျပန်ဘာသာစကား၊ လုပ်ငန်းနှင့် သက်ဆိုင်သော သင်တန်းများကို တက်ရမည်ဖြစ်ပြီး ပထမအသုတ်အနေဖြင့် အလုပ်သမား ၂၀၀ ကို ၂၀၂၀ နှစ်ဆန်းပိုင်းတွင် စတင်ပို့ဆောင်သွားမည် ဖြစ်သည်။

ထို့ပြင် သင်တန်းတွင် ထူးထူးချွန်ချွန် အောင်မြင်သူများ အပါအဝင် အရည်အချင်းစစ် စာမေးပွဲ အောင်မြင်သူများ ကိုလည်း အသေးစားချေးငွေဖြင့် သွားရောက်နိုင်ရန်လည်း စီစဉ်ပေးထားကြောင်း သိရသည်။

ထိုသို့ စေလွှတ်ရာတွင် N4 အောင်မြင်သူများကို အထွေထွေ လုပ်သားများ အဆင့်၊ N3၊ N2 အောင်မြင်သူများကို ပညာရှင်အဆင့်များဖြင့် စေလွှတ်မည် ဖြစ်ကြောင်း၊ တိုင်းအစိုးရနှင့် MoU ထိုးထားသည့် နိုင်ငံများနှင့်လည်း ဆက်လက် ချိတ်ဆက် လုပ်ကိုင်ရန် ရှိပြီး လတ်တလောတွင် စင်္ကာပူ၊ ကနေဒါနှင့် ကိုရီးယားနိုင်ငံများသို့ လည်း စေလွှတ်နိုင်ရန် စီစဉ်နေကြောင်း တိုင်းအစိုးရအဖွဲ့က ပြောသည်။

ဦးမိုးကျော်သူက “ဘာကြောင့်လဲဆိုတော့ တကယ်လည်း သွားချင်တယ်၊ သင်ကြားမှုတွေမှာလည်း တတ်မြောက် တယ်၊ အဲဒီမှာ ဂျပန်ကိုသွားဖို့ ကုန်ကျစရိတ် အလုံအလောက် မရှိဘူးဆိုရင် တော်ပြီးတော့မှ မသွားရဘူး ဖြစ်မှာ ဆိုတဲ့အတွက် ချေးငွေ လုပ်ပေးဖို့ ပြောထားပါတယ်”ဟု ရှင်းပြသည်။

တိုင်းအစိုးရသည် အဓိကအားဖြင့်် ပြည်ပသို့ အလုပ်သွားရောက် လုပ်ကိုင်ရာတွင် မလိုလားအပ်သော ပြဿနာများ ဖြစ်ပွားမှု မရှိစေရန်နှင့် ပြည်ပနိုင်ငံများသို့ ရောက်ရှိချိန်တွင် လိုအပ်သော ပံ့ပိုးကူညီမှုများ လုပ်ဆောင်ပေးနိုင်ရန် ရည်ရွယ်ကြောင်း၊ အလုပ်လက်မဲ့များကို နိုင်ငံတကာ အတွေ့အကြုံ ရရှိပြီး လုပ်ခလစာများ ထိုက်တန်စွာ ရရှိနိုင်ရေး စီစဉ်ပေးခြင်း ဖြစ်ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်း ဒေသကြီးများသည် ပြည်ပနိုင်ငံများသို့ အလုပ် သွားရောက်လုပ်ကိုင်သူ အများဆုံးဖြစ်ပြီး ယခုကဲ့သို့ အစိုးရ အစီအစဉ်ဖြင့် ပို့ဆောင်ခြင်းသည် ကောင်းမွန်သော အစီအစဉ်ဖြစ်သော်လည်း ပြဌာန်းပြီး ဥပဒေများ နှင့်အညီဖြစ်ရန် လိုအပ်ကြောင်း ပြည်တွင်းပြည်ပ အလုပ်အကိုင် အေဂျင်စီ လုပ်ငန်းရှင်များက ထောက်ပြသည်။

“အခုလို အစိုးရက တိုက်ရိုက်လုပ်ပေးတာတော့ အများကြီး အဆင်ပြေတာပေါ့၊ သူတို့တိုင်းအတွင်းမှာ ရှိတဲ့သူတွေ အတွက် အလုပ်ရရှိရေး ကြိုးစားပေးတာ တစိတ်တပိုင်း ကောင်းတယ်၊ ဥပဒေစည်းမျဉ်းအရတော့ လုပ်ငန်းလိုင်စင် ရှိတဲ့သူမှ လုပ်ဆောင်လို့ရတာလေ၊ အခုလို စီစဉ်တာကိုတော့ ဥပဒေနဲ့လွန်နေလား၊ မလွန်ဘူးလား ဆိုတာကို သက်ဆိုင်သူတွေက စဉ်းစားရမှာပါ၊ ကျနော်တို့က သူတို့လုပ်ရပ်ကိုတော့ ကန့်ကွက်စရာ မရှိပါဘူး၊ အလုပ် ရရှိအောင် လုပ်ပေးတယ် ဆိုတာက တကယ် ကောင်းတဲ့အလုပ် ဖြစ်ပါတယ်” မြန်မာနိုင်ငံ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းများ အဖွဲ့ချုပ်မှ ဦးမြတ်သူက သုံးသပ်သည်။

တိုင်းဒေသကြီး အစိုးရ အနေဖြင့် ဂျပန်နိုင်ငံသို့ စေလွှတ်နိုင်ရန် တရားဝင် လိုင်စင်ရ အေဂျင်စီများနှင့် လုပ်ဆောင်သွား မည်ဖြစ်ရာ ချိတ်ဆက်ထားသည့် အေဂျင်စီများအား တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များကို တွေ့ဆုံ ရွေးချယ် ဆုံးဖြတ်ခိုင်းမည် ဖြစ်ကြောင်း၊ ထိုအေးဂျင့်များ ကလည်း လုပ်ငန်းနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို တိုင်းလွှတ်တော်တွင် လာရောက် ရှင်းပြမည် ဖြစ်ကြောင်း သိရသည်။

ထိုသို့ရွေးချယ်ရာတွင်လည်း အလုပ်သမားများအား ချေးငွေ ထုတ်ပေးနိုင်မည့် အေးဂျင့်နှင့်သာ လုပ်ကိုင်မည် ဖြစ်ကြောင်း၊ ပြည်ထောင်စု အစိုးရ၏ သတ်မှတ်ချက်မှာ ဂျပန်နိုင်ငံသို့ သွားလာရန် စရိတ် စုစုပေါင်း အမေရိကန် ဒေါ်လာ ၂၈၀၀ အောက် ဖြစ်ရမည် ဖြစ်ကြောင်း၊ ထို စရိတ်ကို တနှစ်အတွင်း ပြန်လည်ပေးဆပ် ရမည် ဖြစ်ပြီး လုပ်ခလစာထဲမှ ပြန်လည် ဖြတ်တောက်ပေးသွားမည်ဟု တိုင်းအစိုးရအဖွဲ့ထံက သိရသည်။

“N4၊ N5တွေအောင်ဖို့နဲ့ လုပ်ငန်းခွင်သင်တန်းတွေမှာလည်း လုပ်ငန်းကျွမ်းကျင်တဲ့ စကေးတွေ ရဖို့က သူတို့ကိုယ်တိုင် ကြိုးစားမှ ရမှာပါ၊ ကျန်တာကတော့ ကျနော်တို့အစိုးရအနေနဲ့ သူတို့ကို အကူအညီပေးနိုင်တယ်၊ သူတို့ကိုယ်တိုင် လုပ်ရမယ့်ဟာတွေကတော့ ကိုယ်တိုင်ကြိုးစားရမှာ ဖြစ်တဲ့အတွက် အလုပ်အကိုင် အခွင့်အလမ်း ရအောင်အတွက် ကြိုးစားပေးကြပါလို့ပဲ မှာချင်ပါတယ်”ဟု ဝန်ကြီးဦးမိုးကျော်သူက ဆက်လက်ပြောသည်။
“ပြည်တွင်းမှာ အလုပ်အကိုင်တွေ အဆင်မပြေတော့ တောနယ်တွေဘက်မှာ ပြည်ပကိုထွက်ပြီး အလုပ်လုပ်ကြ တဲ့ သုူတွေ တော်တော်များတယ်၊ အဲဒီမှာ တရားဝင်သွားတဲ့သူတွေတောင် ပြဿနာ ဖြစ်တာတွေ ကြားနေရတယ်၊ တရားမဝင် သွားတဲ့သူတွေဆိုရင် ပိုဆိုးတာပေါ့နော်၊ သိသာတဲ့ အဖြစ်အပျက်ဆိုရင် ထိုင်းနိုင်ငံမှာဖြစ်ခဲ့တဲ့ ဝင်းနဲ့ဇော်လို မျိုး ကိုယ့်နိုင်ငံသား အလုပ်သမားတွေ ဖိနှိပ်ခံ အနိုင်ကျင့်ခံရတာမျိုးပေါ့၊ ဒါကြောင့် အခုလို အစိုးရ တရားဝင် လုပ်ဆောင် ပေးတယ် ဆိုတဲ့အပေါ်မှာတော့ ကြိုဆိုတယ်၊ အားပေးပါတယ်”ဟု ယင်းမာပင်မြို့နယ်မှ ဒေသခံ ကိုနိုင်နိုင်ထွန်းက ပြောသည်။

နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်လုပ်ကိုင်နိုင်သူ တစ်ဦးချင်းဝင်ငွေ တိုးပွားစေရေးအတွက် ရည်ရွယ်၍ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိ စေရေးအတွက် ပြည်ပသို့ တရားဝင်စေလွှတ်ခြင်းနှင့် ပြည်တွင်းအလုပ်အကိုင်များ ရှာဖွေပေးခြင်းတို့အား အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလအထိ ပြည်ပအလုပ်အကိုင် ရရှိမှုအနေဖြင့် မလေးရှားနိုင်ငံ သို့ ၉၁၄၅ ဦး၊ စင်ကာပူနိုင်ငံသို့ ၃၁ ဦး၊ ကိုရီးယားနိုင်ငံသို့ ၆၅၃ ဦး၊ ထိုင်းနိုင်ငံ သို့ ၂၆၁၇၃ ဦး၊ ဂျပန်နိုင်ငံ သို့ ၆၄၆ ဦး၊ ယူအေအီးသို့ ၁၀၁ ဦး၊ ဂျော်ဒန်နိုင်ငံ သို့ ၁၅၃ ဦး စုစုပေါင်း ၃၆၉၀၂ ဦး ကို အလုပ်အကိုင်ရရှိရေးအတွက် စေလွှတ် နိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်များအရ သိရသည်။

You may also like these stories:

အလုပ်သမားရေး မန္တလေးတိုင်းအစိုးရ ပိုအာရုံစိုက်ဖို့ လိုနေတယ်

မြန်မာ ရွှေ့ပြောင်းအလုပ်သမားများ ထိုင်းလူမူဖူလုံရေး အကျိုးခံစားရနိုင်သည်

အလုပ်သမားထုအတွက် အကာအကွယ်တွေ အများကြီး လိုအပ်နေသေးတယ်

Did you find apk for android? You can find new Free Android Games and apps.
Loading