သတင်း

မြန်မာရွှေ့ပြောင်းကလေးငယ်ကို အဓမ္မပြုကျင့်ခဲ့သူအား ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီးစစ်ဆေးနေ

Want create site? Find Free WordPress Themes and plugins.

ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖင ခရိုင်အတွင်း နေထိုင်သည့် အသက် ၉ နှစ်အရွယ် တတိယတန်းကျောင်းသူ မြန်မာရွှေ့ပြောင်းကလေးငယ် ၁ ဦးကို အဓမ္မပြုကျင့်ခဲ့သည့် တရားခံအား ထိုင်းရဲတပ်ဖွဲ့မှ ဖမ်းဆီး စစ်ဆေးလျှက်ရှိကြောင်း သိရသည်။

ကျူးလွန်သူသည် မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သား ၁ ဦးဖြစ်ပြီး အသက် ၃၃ နှစ်ခန့်ရှိသူ ဖြစ်ပြီး သိရသည်နှင့် တပြိုင်နက် ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံရှိ မြန်မာရွေ့ပြောင်း အလုပ်သမားအရေး လိုက်ပါ ဆောင်ရွက်ပေးနေသော ပညာရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး ဖောင်ဒေးရှင်း (FED) ၏ အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က“တရားခံကို ထိုင်းရဲက ဖမ်းလည်း ဖမ်းထားပြီးပြီ။ တရားစွဲဖို့လည်း လုပ်ထားတယ်။ ကလေးကတော့ အခုဆေးရုံမှာပါ”ဟု ဧရာဝတီသို့ ပြောသည်။

ထို့ကဲ့သို့သော မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ ကလေးများကို အဓမ္မပြုကျင့်သည့် ကိစ္စရပ်များ ဖြစ်လာ ပါက မည်သည့်အဖွဲ့အစည်းနှင့် လုပ်ကိုင်ပါစေ၊ သက်ဆိုင်ရာ နိုင်ငံအစိုးရတရပ်အနေဖြင့် စနစ်တကျပူးပေါင်း ဆောင်ရွက်ပေးရန်လည်း ဦးထူးချစ်က တိုက်တွန်းသည်။

“တချို့အမှုတွေက မပေါ်တာရှိတယ်။ ဒီဘက်မှာက မြန်မာရွှေ့ပြောင်းမိန်းကလေးတွေ အုပ်စုဖွဲ့ မုဒိမ်း ကျင့်ခံရတဲ့ အထိ ဖြစ်ဖူးတယ်။ အဓိကကတော့ အဲဒီလို ဖြစ်လာရင် ကျနော့်အနေနဲ့ ထိုင်းဘက်မှာက အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့ လုပ်တဲ့အခါ လုပ်ရကိုင်ရ ခက်ခဲပါတယ်”ဟု ၎င်းက ပြောပြသည်။

ကလေးငယ်၏ မိဘများက ဘန်ကောက်တွင် သွားရောက် အလုပ်လုပ်နေသည့်အတွက် ထိုကလေးငယ်သည် ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖန်ငခရိုင်တွင် အဘွားဖြစ်သူနှင့်နေထိုင်ပြီး ထိုခရိုင်ရှိ ရွှေ့ပြောင်းမြန်မာကလေးများ အလယ်တန်းကျောင်း (ULC) တွင် တတိယတန်း တက်ရောက်နေသူဖြစ်သည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၂၈ ရက်နေ့တွင် ကျောင်းလာတက်သည့် အဆိုပါ ကလေး၏ ခန္ဓာကိုယ်တွင် သွေးထွက် နေကို ဆရာမက မြင်ခဲ့ရာမှ မေးမြန်းသည့် အခါ ကလေးငယ်က ကြောက်ရွံ့နေပြီး ဖြေကြားခြင်းမရှိကြောင်း၊ ထို့နောက် ကလေးငယ်၏အဘွားကို သွားရောက် မေးမြန်းရာမှ ဖြစ်စဉ်မှန်ကို သိခဲ့ရကြောင်း သိရသည်။

(FED)မှ အလုပ်သမားရေးနှင့် မှတ်တမ်းတာဝန်ခံ ဦးမင်းဦးက “ကျူးလွန်ခံထားရတာ လပိုင်းလောက်တော့ ရှိပြီ။ အကြိမ် အရေအတွက်ကတော့ မပြောနိုင်သေးဘူး။ အနည်းဆုံးတော့ ၃ ကြိမ်လောက်ရှိတယ်လို့ ခန့်မှန်း ထားတယ်။ ကလေးကို သတ်ပစ်မယ်လို့ ခြိမ်းခြောက်ထားတော့ မပြောရဲဘူး”ဟု ပြောသည်။

လက်ရှိတွင် အဓမ္မပြုကျင့်ခံရသည့် ကလေးငယ်သည် ဆီးလမ်းကြောင်း ပျက်စီးသွားကာ ပိုးဝင်နေပြီး သားအိမ်တွင်လည်း အနာ ဖြစ်နေသည့်အတွက် ဆေးရုံတွင် ကုသမှု ခံယူနေရသည်ဟု သိရသည်။

ထိုင်းနိုင်ငံရှိ မြန်မာရွေ့ပြောင်းအလုပ်သမား အကြားတွင် အလားတူ သက်ငယ်မုဒိမ်းမှု အပါအဝင် မုဒိမ်းမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသော်လည်း ထိုင်းဥပဒေအရ အရေးယူမှုကို ကြောက်ကြသဖြင့် တချို့တရားခံများက ထွက်ပြေးခြင်း၊ တချို့အမှုတွင် သက်သေထွက်ပြေးခြင်းနှင့် တိုင်ကြားရန် ကြောက်ရွံ့ခြင်းများကြောင့် အမှု အခင်းများက ထွက်မလာကြောင်း ဦးမင်းဦးက ရှင်းပြသည်။

ထိုင်းဥပဒေအရ သက်ငယ်မုဒိမ်း ကျူးလွန်သူများကို အာမခံပေးလေ့ မရှိဘဲ ပြစ်ဒဏ်ပေးရာတွင် နိုင်ငံသားနှင့် နိုင်ငံခြားသား ခွဲခြားခြင်း မရှိကြောင်း၊ ကျူးလွန်သူကို ထောင်ဒဏ် ၁၀ နှစ်မှ ၃၀ နှစ်အထိ ချမှတ်ပြီး ကလေးကို သတ်ပစ်ပါက ထောင်ဒဏ် တသက်တကျွန်း ချမှတ်ကြောင်း သိရသည်။

၂၀၁၆ ခုနှစ်က FED မှ လိုက်ပါဆောင်ရွက်ပေးခဲ့သည့် သက်ငယ်မုဒိမ်းမှုတွင် ကျူးလွန်သူ မြန်မာနိုင်ငံသားကို ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့သည်။

You may also like these stories:

သက်ငယ်မုဒိမ်းမှုများကို ဓလေ့ထုံးတမ်းများဖြင့် မကျေအေးသင့်ပါ

စာသင်ကျောင်းအတွင်း သက်ငယ်မုဒိမ်းမှု ကျူးလွန်ခဲ့သူအား ထောင် နှစ် ၂၀ ချမှတ်

သက်ငယ်မုဒိမ်းမှု သေဒဏ်ပေးရန် ဆောင်ရွက်နေဟု ရန်ကုန် လုံ/နယ် ဝန်ကြီးပြော

Did you find apk for android? You can find new Free Android Games and apps.
Loading