တိုင်းရင်းသားလက်နက်ကိုင်များမှ ကျူးလွန်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို အရေးယူနိုင်ရန် အတွက် တိုင်းရင်းသားဒေသများတွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံးခွဲများ ဖွင့်လှစ်ပြီး စုံစမ်းစစ်ဆေး မှုများ ပြုလုပ်စေချင်ကြောင်း တအောင်းအမျိုးသမီးအဖွဲ့ (TWO) က ပြောသည်။
TWO ၏ အလုပ်အမှုဆောင်ကော်မတီဝင် Lway Chee Sangar က “ကျမတို့ကတော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဘယ်ဘက်လက်နက်ကိုင်ကပဲ လုပ်လုပ် အများ ပြည်သူ ရှိတဲ့ နေရာမှာဖြစ်တဲ့အတွက် ဒါလူ့အခွင့်အရေးချိုး ဖောက်မှုပဲ။ ကျမတို့ဖြစ်စေချင်တာ လူ့အခွင့်အရေး ကော်မရှင်ကလည်း နယ်ပိုင်းမှာ အခြေချပြီး ရုံးထိုင်ပြီးမှ မြေပြင်မှာ ဖြစ်ပျက်နေတဲ့ ကိစ္စတွေကို စုံစမ်းစစ်ဆေးမှုတွေ ဝိုင်းဝန်း အဖြေရှာတာမျိုး ဖြစ်စေချင်တယ်” ဟု ဆိုသည်။
TWO က ထုတ်ပြန်ခဲ့သော စာရင်းအရ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကွတ်ခိုင်၊ နမ့်ဆန်၊ ကျောက်မဲ၊ သီပေါနှင့် နမ့်ခမ်းမြို့နယ်တို့တွင် ဖြစ်ပွားခဲ့သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများက ၃ လအတွင်း မြန်မာ့တပ်မတော်မှ ၁၅ ကြိမ်၊ ပြည်သူ့စစ် ၁ ကြိမ်၊ RCSS/SSA ၂ ကြိမ်နှင့် TNLA က ၂ ကြိမ်ရှိကြောင်း သိရသည်။
Lway Chee Sangar က “တိုင်းရင်းသား လက်နက်ကိုင်တွေဘက်က ကျူးလွန်တဲ့ အမှုဆိုရင်တော့ RCSS/SSA က စစ်သား စုဆောင်းတာ မကြာခဏရှိတယ်။ သွားလာလို့ ခက်ခဲအောင် စစ်ဆေးတာတွေ လုပ်တာရှိတယ်။ TNLA ဆိုရင် မိုင်းအသုံးပြုတာပေါ့။ သူတို့ရဲ့မိုင်းတွေကြောင့် ပြည်သူလူထု ထိခိုက်တဲ့ ကျုးလွန်မှုတွေ တွေ့နေရတယ်” ဟု ပြောသည်။
ရှမ်းပြည်နယ် မြောက်ပိုင်းတွင် တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ခေါ် ပလောင် (တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA-ကိုးကန့်အဖွဲ့)၊ ရက္ခိုင် စစ်တပ် (AA) တို့အကြား ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် အရပ်သား ပြည်သူများ အပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများ ရှိခဲ့သည်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ မြေပြင် လူ့အခွင့် အရေး ချိုးဖောက်မှုများမှာ TWO က ထုတ်ပြန်သည်ထက် များပြားသည်။
ပြည်သူများ အသုံးပြုသော လမ်းများပေါ်မိုင်းထောင်မှုများ၊ အများပြည်သူသုံး ကုန်သွယ်ရေး လမ်းကြောင်း များကို မိုင်းခွဲဖြတ်တောက်မှုများ၊ ကျေးရွာများအတွင်း လက်နက်ကိုင် ဝင်ရောက်မှုများ၊ စစ်သားစုဆောင်းမှုများ၊ ရွာသားများကို ဖမ်းဆီးနှိပ်စက်မှုများ၊ လူနေကျေးရွာများအနီး တိုက်ပွဲဖန်တီးမှုများ ရှိခဲ့သည်။
အရပ်ဘက်အဖွဲ့အစည်းပေါင်း ၂၀ ဖွဲ့မှ ဒီဇင်ဘာ ၁၀ ရက်နေ့တွင် ကျရောက်မည့် လူ့အခွင့်အရေးနေ့အတွက် မြန်မာနိုင်ငံ အမျိူးသား လူ့အခွင့်အရေး ကော်မရှင်၏ စွမ်းဆောင်ရည်အား ဆန်းစစ်သုံးသပ်ခြင်း အစီရင်ခံစာကို ယနေ့ထုတ်ပြန်ခဲ့သည်။
ထိုအစီရင်ခံစာတွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကို ပဋိပက္ခနယ်မြေများမှ လူ့အခွင့်အရေးချိုးဖောက်မှု များ စုံစမ်းစစ်ဆေးခွင့် အာဏာကို အတိအလင်းပေးပြီး လက်ရှိပဋိပက္ခနယ်မြေများနှင့် အပစ်အခတ်ရပ်စဲရေး နယ်မြေများသို့ အတားအဆီးမရှိ လွတ်လပ်စွာ စစ်ဆေးခွင့် အပြည့်အဝပေးရန် တောင်းဆိုထားသည်။
အဆိုပါ အစီရင်ခံစာထုတ်ပြန်ပွဲတွင် The Seagull: Human Rights, Peace & Development မှ မစုချစ်က လည်း “များသောအားဖြင့် တချို့ပဋိပက္ခနယ်မြေတွေမှာ လုံခြုံရေးအရ အကြောင်းပြချက်နဲ့ အစိုးရက ပေးမသွား တဲ့အချိန်မှာ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အနေနဲ့ တခြားအဖွဲ့အစည်းတွေက ထုတ်ထားတဲ့ အစီရင်ခံစာ တွေကိုပဲ ကြည့်ပြီးတော့ သူတို့အနေနဲ့ ပြန်ပြီး ထုတ်လိုက်ရတာတွေ ရှိတယ်။ အဲဒါကြောင့် သူတို့ရဲ့ ထုတ်ပြန် ချက်တွေက တစုံတရာအားနည်းတယ်” ဟု ထောက်ပြသည်။
အဆိုပါ ၃ လအတွင်း ပြည်သူလူထုများကို ဖမ်းဆီးချုပ်နှောင်ခြင်း၊ ပေါ်တာဆွဲခြင်း၊ လက်နက်ကြီး လက်နက်ငယ် များ ပစ်ခတ်ခြင်း၊ မြေမြှုပ်မိုင်း အသုံးပြုမှုကြောင့် သေဆုံးခြင်းနှင့် ထိခိုက်ဒဏ်ရာရရှိခြင်း၊ နေအိမ်ရှိ ပစ္စည်းများ သိမ်းယူ ဖျက်ဆီးခြင်းနှင့် စစ်ဘေးရှောင် ဒုက္ခသည် များပြားလာခြင်း စသည့် လူ့အခွင့်အရေး ချိုးဖောက်မှု အမျိုးမျိုး ကျူးလွန်ခဲ့ကြသည်ဟု (TWO)က ဆိုထားသည်။
TWO ၏ တွေ့ရှိကောက်ခံချက်အရ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လမှ စက်တင်ဘာလကုန်အထိ ရှမ်းမြောက်ရှိ မန်တုံ၊ နမ်ဆမ်၊ သီပေါ၊ ကျောက်မဲ၊ ကွတ်ခိုင်၊ နန်းခမ်းမြို့တို့တွင် ဒေသခံ ၇၀ ဦးခန့်သည် လူ့အခွင့်အရေး ချိုးဖောက်မှု ပုံစံအမျိုးမျိုးဖြင့် ခံစားနေရသည်ဟု သိရသည်။
TWO က ထုတ်ပြန်ချက်အရ တပ်မတော်က ကျူးလွန်သည့် လူ့အခွင့် အရေး ချိုးဖောက်မှုက ပိုမိုများပြားနေသည်ကိုတွေ့ရသည်။
တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “အဲဒီဒေသမှာဖြစ်ဖြစ် ဘယ်နေရာမှာ ဖြစ်ဖြစ် ဖြစ်တာရှိရင် တပ်မတော်ရဲ့ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ မူဝါဒကတော့ လူ့အခွင့်အရေးနဲ့ပတ်သက် ပြီး ချိုးဖောက်မှုမရှိအောင် ညွန့်ကြားချက်များနဲ့ဆောင်ရွက်ပြီး ဖြစ်တယ်။ ရှိလာခဲ့ရင်လည်း မြန်မာနိုင်ငံသား တိုင်းမှာ သက်ဆိုင်ရာကို တိုင်ကြားနိုင်တဲ့အခွင့်အရေး ရှိတယ်။ ငါတို့ဆီမှာလည်း ဒါတွေဖြစ်လာရင် စုံစမ်းစစ်ဆေး တာတွေ အရေးယူဆောင်ရွက်တာတွေရှိတယ်” ဟု ရှင်းပြသည်။
ထိုလူ့အခွင့်အရေးချိုးဖောက်မှုများအတွက် အမျိုးသား လူ့အခွင့် အရေးကော်မရှင်က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လေ့ရှိသော်လည်း တိုင်းရင်းသားဒေသများရှိ လူ့အခွင့် အရေး ချိုးဖောက်မှုများအတွက် မည်သို့ အရေးယူမည်ကို လူ့အခွင့်အရေး လှုပ်ရှားသည့် အဖွဲ့များက မေးခွန်းထုတ် လျှက်ရှိသည်။
ထို့ကြောင့် Lway Chee Sangar က “လူ့အခွင့်အရေးကော်မရှင်အနေနဲ့က ကျမတို့ သိရသလောက်ဆိုရင် နယ်မှာအဖွဲ့တွေလည်း မရှိသလို ရုံးတွေလည်း မရှိတဲ့အခါကျတော့ နယ်မှာဘာတွေဖြစ်ပျက်နေလဲဆိုတာ သူတို့က မေ့နေတဲ့ပုံစံမျိုး တွေ့ရေတယ်။ ပြီးခဲ့တဲ့ သက်တမ်းအရဆိုရင် ကော်မရှင်က နယ်တွေမှာမရှိဘူး။ ရန်ကုန်မှာပဲ ရှိတော့ မြေပြင်မှာ ဘာတွေဖြစ်နေ လဲ ဆိုတာ မီဒီယာပေါ်တက်နေတာလောက်နဲ့ ကြည့်ပြီးမှ သုံးသပ်ဖို့ မလုံလောက်ဘူး” ဟု ထောက်ပြသည်။
You may also like these stories:
နယ်စပ်က လက်နက်ကိုင်များကို တရုတ် လက်နက်ထောက်ပံ့နေခြင်းအား မကျေနပ်ကြောင်း ပြသ
ရှမ်းမြောက်ဒေသတွင် ၃လအတွင်း ဒေသခံ ၇၀ဦး လူ့အခွင့်အရေး ချိုးဖောက် ခံရ
တိုင်းရင်းသား လက်နက်ကိုင် တိုက်ခိုက်မှု က တရုတ် BRI စီမံကိန်းများအပေါ် အရိပ်မိုးနေ