နိုင်ငံခြားများ အနေဖြင့် မိမိလာရောက် နေထိုင်သည့် နိုင်ငံ၏ ဥပဒေကို လေးစားလိုက်နာရန် လိုအပ်ကြောင်း ရန်ကုန်မြို့ေ တာ်ဝန် ဦးမောင်မောင်စိုးက ဧရာဝတီကို ပြောသည်။
ရန်ကုန်တိုင်းအတွင်းရှိ ရွှေပြည်သာနှင့် လှိုင်သာယာ မြို့နယ်များတွင် တရုတ်နိုင်ငံသားများ အများအပြား လာရောက်နေ ထိုင်လာခြင်း၊ လက်လီ ဆိုင်ခန်းငယ်များမှ စတင်ပြီး စားသောက်ဆိုင်၊ ဟိုတယ်လုပ်ငန်းများ လုပ်ကိုင်လာခြင်းနှင့် ဒီဇင်ဘာ လ ၇ ရက်က ဖြစ်သွားခဲ့သည့် လှိုင်သာယာမြို့နယ် FMI စီးတီး အိမ်ရာဝန်းအတွင်း အိမ်ငှားနေထိုင်သော တရုတ်နိုင်ငံ သား ၅ ဦးနှင့် ပြည်သူများကြား ဖြစ်ပွားခဲ့သည့် ပဋိပက္ခ ကိစ္စနှင့် ပတ်သက်ပြီး ဧရာဝတီက မေးမြန်းရာ ယခုလို ပြန်လည် ဖြေကြားခြင်း ဖြစ်သည်။
ဦးမောင်မောင်စိုးက “သူတို့လာတာ ကောင်းပါတယ်။ သူတို့က လာပြီး ရင်းနှီးမြှုပ်နှံပြီး လုပ်ကြကိုင်ကြတာပေါ့။ ဒါပေမယ့် သူတို့ နိုင်ငံသွားရင် သူတို့စည်းကမ်းကို လိုက်နာရသလိုပေါ့။ ဒီနိုင်ငံလာရင်တော့ ဒီက စည်းကမ်းကို လိုက်နာဖို့ လိုတယ်” ဟု ပြောဆိုသည်။
နိုင်ငံတနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက်လာသည်နှင့် အမျှ ယင်းသို့ နိုင်ငံခြားသားများ အများအပြား ဝင်ရောက်လာခြင်း ကို ပိတ်ပင် မတားဆီးနိုင်သည့်အတွက် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို လိုက်နာ ဆောင်ရွက်ရေး ထိန်းသိမ်း ဆောင် ရွက် သွားရမည်သာ ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
မြို့တော်ဝန် ဦးမောင်မောင်စိုး က “ဒီလို ကိစ္စမျိုးတွေ ဖြစ်လာလို့ နိုင်ငံခြားသားတွေ မလာရဘူး ဘာညာပြောလို့ မရဘူး။ တနည်းပြောရရင် ကြွက်မနိုင်လို့ ကျီ ကို မီးနဲ့ရှို့သလို လုပ်လို့မရဘူး။ အဲဒီလို လုပ်လိုက်ရင် တိုင်းပြည်စီးပွားရေး ကျသွားနိုင်တယ်။ ကျနော်တို့မှာလည်း ဥပဒေက ရှိပြီးသားပါ။ ဒါပေမယ့် ဥပဒေဆိုတာ စာရွက်ပေါ်မှာပဲ ကောင်းနေလို့ မရဘူး။ ဒါကို အကောင်အထည်ဖော်တဲ့ အဖွဲ့အစည်းတွေက ဥပဒေအတိုင်း လုပ်ရမှာပေါ့” ဟု ပြောဆိုသည်။
လက်ရှိ အချိန်တွင် လှိုင်သာယာမြို့နယ် အတွင်း၌ တရုတ် နိုင်ငံသားများ နေထိုင်မှုသည် လူဦးရေ ငါးသောင်းကျော်အထိ ရှိနေပြီ ဖြစ်ပြီး ယင်းထဲတွင် တရားမဝင် နေထိုင်မှုများလည်း ရှိနေခြင်းကြောင့် သက်ဆိုင်ရာ လဝကနှင့် အထွေထွေ အုပ် ချုပ်ရေးမှူးရုံးတို့က ကြပ်ကြပ်မတ်မတ် စစ်ဆေးရန် လိုအပ်နေကြောင်း လှိုင်သာယာမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူ က ဧရာဝတီက ပြောသည်။
၎င်းက “ကျနော်တို့လည်း ဒါမျိုးတွေ မဖြစ်ခင်ကတည်းက သက်ဆိုင်ရာ လူတွေကို တိုက်တွန်း ပြောဆိုမှုတွေလည်း လုပ်ခဲ့ ပါတယ်။ အဓိကက စိစစ်လို့ သူတို့နေရမယ့် အနေအထားနဲ့ နေလား၊ တကယ် တရားဝင် လာရောက် နေထိုင်နေကြလား မဟုတ်ဘူး ဆိုရင် ဥပဒေအရ ထိထိရောက်ရောက် အရေးယူဖို့ လိုတယ်” ဟု ပြောဆိုသည်။
တရုတ် နိုင်ငံသားများသည် လှိုင်သာယာမြို့နယ်ရှိ FMI စီးတီး အိမ်ရာနှင့် နဝဒေးအိမ်ရာ အနီးတွင် အများဆုံး နေထိုင်ကြ ပြီး ယင်းပတ်ဝန်းကျင်တွင် တရုတ်အမည်ဖြင့် ရေးထားသော စားသောက်ဆိုင်များ၊ ဟိုတယ်များ၊ အိမ်၊ ခြံ၊ မြေ အကျိုး ဆောင် လုပ်ငန်းများမှ အစ တရုတ်ခေါက်ဆွဲဆိုင်၊ အလှပြင်ဆိုင်းများနှင့် ဟင်းသီးဟင်းရွက် လက်လီလက်ကား ရောင်းချ သည့် ဆိုင်များအထိ တရုတ် နိုင်ငံသားများက ရင်းနှီးမြှုပ်နှံလျက် ရှိကြောင်း သိရသည်။
ဒီဇင်ဘာ ၇ ရက် ညပိုင်းတွင် FMI City အိမ်ရာအတွင်း ကားပိတ်ဆို့ ရပ်တန့်မှုကို ဖယ်ရှားခိုင်းရာမှ စတင်ပြီး တရုတ်နိုင်ငံ သား ၅ ဦးနှင့် ရပ်ကွက် အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများ၊ နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များ၊ ဒေသခံ ပြည်သူများနှင့် ပဋိပက္ခ ဖြစ်ပွားခဲ့ရာမှ နယ်မြေခံရဲတပ်ဖွဲ့ဝင် ၁ ဦး၊ ရပ်ကွက် အုပ်ချုပ်ရေး ဆိုင်ရာ တာဝန်ရှိသူ ၄ ဦးတို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
ယင်းဖြစ်ရပ်သည် လှိုင်သာယာမြို့နယ် အတွင်းတွင် တရုတ်နိုင်ငံသားများနှင့် ဒေသခံပြည်သူများကြား ပထမဦးဆုံး အ ကြိမ် ဖြစ်ပွားသော လူသိရှင်ကြား ပဋိပက္ခတခု ဖြစ်သည်။
ပြီးခဲ့သည့် စက်တင်ဘာလ အတွင်းတွင်လည်း ကရင်ပြည်နယ် မြဝတီမြို့တွင် တဖက်နိုင်ငံမှ ဝင်ရောက်လာသော တရုတ် နိုင်ငံသား ၇ ဦးပါ အဖွဲ့သည် မြို့ခံတဦး ပိုင်ဆိုင်သော ဖုန်းဆိုင်အရှေ့၌ အပေါ့သွားရာမှ ဒေသခံများနှင့် ပြဿနာဖြစ်ပွား ခဲ့ပြီး တရုတ် ၅ ဦးကိုသာ ဖမ်းဆီးရမိပြီး အမှုဖွင့် အရေးယူခဲ့ရသည်။
ဆက်စပ်ဖတ်ရှုရန်
လှိုင်သာယာ FMI City တွင် ဒေသခံများနှင့် ပဋိပက္ခ ဖြစ်ပွားသည့် တရုတ်နိုင်ငံသား ၅ ဦးကို အာမခံပေး
မြဝတီရောက် တရုတ်များကိစ္စ သေချာပေါက် ကိုင်တွယ်မည်ဟု ပြည်နယ်ဝန်ကြီး ပြော