လူတိုင်း လက်လှမ်းမီ လွှမ်းခြုံနိုင်သော ကျန်းမာရေး စောင့်ရှောက်မှု (Universal Health Coverage -UHC)ကို ရရှိနိုင်ရေး အတွက် ခိုင်မာသော ဥပဒေ တရပ် ပြဋ္ဌာန်းရန် လိုအပ်နေ ကြောင်း ကျန်းမာရေးဆိုင်ရာ အရပ်ဖက် အဖွဲ့အစည်းအချို့က ထောက်ပြကြသည်။
အဆိုပါစနစ် တရပ် ပေါ်ပေါက်လာရန်မှာ အစိုးရသက်တမ်း ၁ ခုအတွင်း အကောင်အထည် ဖော်နိုင်စွမ်း မရှိသည့် အရာ ဖြစ်သဖြင့် ဥပဒေကို မဖြစ်မနေ ပြဋ္ဌာန်းရန် လိုအပ်ကြောင်း ရတနာ့မေတ္တာ အဖွဲ့ ထူထောင်သူ ဦးမြင့်ဆွေက ပြောသည်။
“အစိုးရရဲ့ အမိန့်အာဏာနဲ့ ဥပဒေပြုဖို့ လိုတယ် ဘာကြောင့်လဲဆိုတော့ ဒီလုပ်ငန်းကြီးက အစိုးရ သက်တမ်း ၅ နှစ်နဲ့လည်း မပြီးဘူး။ ၁၀ နှစ်နဲ့လည်း မပြီးနိုင်ဘူး။ အနှစ် ၂၀ ထက်လည်း ပိုကြာနိုင် တယ်။ ၂၀၃၀ ဆိုတာ အစိုးရသက်တမ်း ၃ ခု ဒါက စာရွက်ပေါ်မှာ ရှိတဲ့ Target တခြားနိုင်ငံတွေ ဒီထက်မက ကြာခဲ့တယ်။ အဲဒီလိုဆိုရင် ဥပဒေ တရပ်ရှိမှ နောင်တက်တဲ့ အစိုးရက ဒါကို ဆက်ပြီးတော့ အကောင်အထည်ဖော်မှာ”ဟု ၎င်းက ပြောသည်။
ရတနာ့မေတ္တာအဖွဲ့သည် အိပ်ချ်အိုင်ဗွီ ၊ အေအိုင်ဒီအက်စ် ရောဂါ ခံစားရသူများကို စောင့်ရှောက် ကုသမှုအပြင် ရုပ်ပိုင်း ဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် ပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်မှု အတွက်ပါ ကျန်းမာရေး စောင့်ရှောက်မှု အထောက်အပံ့ ပေးနေသည့် အဖွဲ့အစည်း ဖြစ်သည်။
တကမ္ဘာလုံး အတိုင်းအတာဖြင့် လူတိုင်းလွှမ်းခြုံသည့် ကျန်းမာရေး UHC ရရှိရေး အတွက် ကုလသမဂ္ဂက ဦးဆောင်က ပန်းတိုင်များ ချမှတ်ထားသည်။
သို့သော် မြန်မာနိုင်ငံ အနေဖြင့် ထိုစနစ်ကို ၂၀၃၀ ခုနှစ်တွင် ရရှိမည်ဟု ကတိကဝတ် ပြုထားသော် လည်း အကောင် အထည် ဖော်နိုင်ရန် နှောင့်နှေးနေဆဲဖြစ်ကြောင်း အရပ်ဖက်အဖွဲ့အစည်းများက ဝေဖန်နေကြခြင်းဖြစ်သည်။
ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာန မှ လက်ထောက် အတွင်းဝန် ဒေါက်တာ သန့်စင်ထူးက “UHC ဆိုတာ အကုန်လုံး တသက်တာ အခမဲ့ ထာဝရပေးတဲ့ ပုံစံမျိုး မဟုတ်ဘူး။ သတ်မှတ်ထား တဲ့ အရည်အသွေး ပြည့်မီ ရေး စောင့်ရှောက်မှုကို ပေးတာ။ သတ်မှတ်ထားတာက အခုလော လောဆယ် ဘာမှ မသတ်မှတ်ထားဘူး။ အဲဒါ ကြောင့် အမျိုးအစားတွေကိုကြည့် ပြီးတော့ ကုသမှု ပေါင်း အမျိုး ၁၅၀ လောက်ကို ထုတ်ထားပြီးတော့ မြို့နယ် အဆင့်မှာ ရှိတဲ့ မြို့နယ် ဆေးရုံဆိုရင် တော့ ဒါတွေကို လုပ်နိုင်ရမယ် ဒီလိုကုထုံးနဲ့ ကုနိုင်ရမယ် အဲဒီအတွက်ဆေးဝါး အဆင်သင့် ရှိနေရမယ် ဒါတွေကို လုပ်တာကို ပြောတာ။ ဒါတွေကို လိုအပ်တဲ့ စနစ်တွေကို ဖြည့်ဆည်းနေတာ ၂ နှစ်ရှိပြီ” ဟု ရှင်းပြသည်။
လာမည့် ဒီဇင်ဘာလ ၁၂ ရက်နေ့ကို Universal Health Coverage Day (UHC Day) အဖြစ် သတ်မှတ်ပြီး ကမ္ဘာတဝှမ်း တွင် ကျင်းပခဲ့သည်မှာ ၃ နှစ်ရှိပြီဖြစ်ပြီး မြန်မာနိုင်ငံတွင် ယခုနှစ် စတင်ကာ ပထမဆုံး အနေဖြင့် ကျင်းပမည်ဖြစ်သည်။
လက်ရှိတွင်မူ လူမျိုး၊ ဘာသာ၊ လူတန်းစား မခွဲခြားဘဲ လူဦးရေအားလုံးကို လွှမ်းခြုံမှု ရရှိရန်၊ အရည်အသွေး ပြည့်ဝသည့် ကျန်းမာရေး ဝန်ဆောင်မှုကို လွှမ်းခြုံရရှိရန်၊ ကျန်းမာရေးဆိုင်ရာ ဘဏ္ဍာငွေကို စိုးရိမ်ပူပန်ရခြင်းမရှိဘဲ ကျန်းမာရေး ဆိုင်ရာ ဘဏ္ဍာရင်းမြစ် လွှမ်းခြုံမှုရရှိရန် စသဖြင့် UHC ဆိုင်ရာ ရည်မှန်းချက် သုံးရပ်ကို မြန်မာနိုင်ငံအနေဖြင့် ချမှတ်ထား ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနထံမှ သိရသည်။
မြန်မာနိုင်ငံ၏ လူဦးရေ ၁ ဒဿမ ၇ သန်းသည် ကျန်းမာရေး အသုံးစရိတ်ကြောင့် ဆင်းရဲမွဲတေမှု ဒဏ်ကို ခံစားရကြောင်း နှင့် ၃ ဒဿမ ၄ သန်းသည် လစဉ် အသုံးစရိတ်၏ ၁၀ ပုံ ၁ ပုံကို ကျန်းမာ ရေး အသုံးစရိတ်အတွက် သုံးစွဲနေရကြောင်း ၂၀၁၇ ခုနှစ်က ကောက်ယူခဲ့သည့် မြန်မာ့နေထိုင်မှု အခြေအနေ စစ်တမ်းတွင် ဖော်ပြထားသည်။
အဆိုပါ စစ်တမ်းကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဗဟိုစာရင်းအင်းအဖွဲ့က ကမ္ဘာ့ဘဏ်နှင့် ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ်တို့၏ အကူအညီဖြင့် မြို့နယ်ပေါင်း ၂၉၆ မြို့နယ်ရှိ အိမ်ထောင်စု ပေါင်း ၁၃၇၃၀ စုအား ကောက်ယူခဲ့သည့် စစ်တမ်းဖြစ်သည်။
ရတနာမေတ္တာအဖွဲ့သည် ကလေးငယ်များကာကွယ်ရေး၊ လူထုအခြေပြု HIV ကာကွယ်ရေးနှင့် အိမ်တိုင်ရာ ရောက် ပြုစုစောင့်ရှောက်ရေး၊ လူထုအခြေပြု ဖွံ့ဖြိုးရေး စသည့် ကဏ္ဍများတွင် ၁၅ နှစ်ကြာ အတွေ့အကြုံရှိသည့် အဖွဲ့အစည်း ဖြစ်ပြီး ဥပဒေနှင့် မူဝါဒများ ပြန်လည်ရေးဆွဲရေးနှင့် ဒေသခံအဖွဲ့အစည်းကွန်ရက်များအကြား ပျံ့နှံ့ရေးတို့အတွက် တိုက်တွန်းအားပေး နေသော အဖွဲ့အစည်းလည်း ဖြစ်သည်။
ထို့ပြင်၂၀၁၄ ခုနှစ် လူဦးရေ သန်းခေါင်စာရင်းအရ နှစ်စဉ် အမျိုးသမီး ၂၈၀၀ ခန့်သည် ကိုယ်ဝန်ဆောင်စဉ်နှင့် မီးဖွားစဉ် ကာလများ အတွင်း အသက်ဆုံးရှုံးမှုများ ရှိနေပြီး ကျန်းမာရေး စောင့်ရှောက်မှု အားနည်းသည့် ချင်းပြည်နယ်တွင် ကလေး မွေးဖွား ပြီးနောက် မိခင်သေဆုံးမှုမှာ လူ ၁ သိန်းလျှင် ၃၅၇ ဦးရှိနေသည်။
ကျန်းမာရေး စောင့်ရှောက်မှုကို လက်လှမ်းမီ ရရှိထားသည်ဟု ဆိုနိုင်မည့် ရန်ကုန်မြို့တွင် ပင် မိခင်သေဆုံးမှု၂၁၃ ဦး ရှိကြောင်း သိရသည်။
ကျန်းမာရေးဆိုင်ရာ ဆောင်းပါးရှင် ဒေါက်တာ ဖြိုးသီဟက “ဘယ်လောက်အကုန်အကျ သက် သာမှာလဲ ဆိုတဲ့ အပိုင်း ကတော့ Politics လို့ခေါ်တဲ့ နိုင်ငံရေးနဲ့ ပတ်သက်တယ်။ ဘောဂဗေဒနဲ့ ပတ်သက်ဆက်နွယ်မှု ရှိတဲ့ အခါကျတော့ တဦး တယောက်ထဲက လုပ်လို့မရဘူး ဆိုတာကို ပြောချင်တယ်။ အရင်ဆုံး လိုအပ်ချက် အနေနဲ့ ဥပဒေမူကြမ်းတခု ပေါ်လာဖို့ ကတော့ လိုအပ်လိမ့်မယ်လို့ ယူဆပါတယ်” ဟု ပြောသည်။
အမျိုးသမီးနှင့် ကလေးများ၏ ကျန်းမာရေး၊ လူမှုစီးပွားရေးနှင့် အခြေခံပညာရေးတို့ မြှင့်တင် ရေးအတွက် ဆောင်ရွက်နေ သည့် အဖွဲ့အစည်းဖြစ်သည့် ပြည်ကြီးခင်မှ အမှုဆောင် ဒါရိုက်တာ ဒေါ်နွယ်ဇင်ဝင်းကလည်း “လူထုအကျိုးရှိတဲ့ အတွက် ကြောင့် လုပ်ရမယ်ဆိုတဲ့ တွန်းအားမျိုး မရှိတဲ့ အတွက်ကြောင့် ကြန့်ကြာနေတယ်လို့လည်း ထင်ပါတယ်။ အရပ်ဖက် အဖွဲ့အစည်းတွေ နိုင်ငံတကာက ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အဖွဲ့အစည်းတွေ INGO တွေကလည်း ဒီဥပဒေ တရပ် လိုအပ်နေတော့ လိုအပ်ချက်တွေကို နည်းပညာအားဖြင့် ပံ့ပိုးပေးနေတာ ရှိပါတယ်” ဟု ဆိုသည်။
၂၀၁၇ ခုနှစ်တွင် မြန်မာနိုင်ငံ၌ အမျိုးသားကျန်းမာရေး အာမခံစနစ်တရပ်လိုအပ်ကြောင်း လွှတ်တော်တွင် ဆွေးနွေး အတည်ပြုခဲ့သော်လည်း ဥပဒေပြုရေး၊ မူကြမ်းရေးဆွဲရေးတို့တွင် လက်တွေ့ဖြစ်မလာခဲ့ကြောင်း ၎င်းက သုံးသပ်သည်။
လူတိုင်းလက်လှမ်းမီလွှမ်းခြုံနိုင်သော ကျန်းမာရေးစောင့်ရှောက်မှုကို အိမ်နီးချင်း နိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံတွင် ၂၀၀၂ ခုနှစ်က ရရှိထားပြီး ဖြစ်သည်။
You may also like these stories:
ကမ္ဘာ့ကျန်းမာရေး စောင့်ရှောက်မှု အကောင်းဆုံး နိုင်ငံစာရင်းမှာ ထိုင်းနိုင်ငံ အဆင့် ၆ နေရာမှာ ရှိ
ကမ္ဘာ့ကျန်းမာရေး စောင့်ရှောက်မှုစနစ် အကောင်းဆုံး နိုင်ငံများ