ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် ဝန်ကြီးများရုံး(အတွင်းဝန်ရုံး)တွင် ဖွင့်လှစ်ရန် ပြင်ဆင်ခဲ့သည့် Spa ကဲ့သို့ ဝန်ဆောင် မှုများ ပေးမည့် ကျန်းမာရေး စင်တာကို ပိတ်သိမ်းခြင်း ရှိမရှိ ဒီဇင်ဘာလ ၉ ရက်က ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော် မတီ (YCDC) က စစ်ဆေးခဲ့ကြောင်း သိရသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ စီမံရေးရာဌာန၊ ဌာနမှူး ဦးကျော်မင်း က “ဝင်ရောက် စစ်ဆေးတဲ့ အခါ မှာ သူတို့ရဲ့ ပရိဘောဂတွေနဲ့ ပစ္စည်းတွေ ပြန်သိမ်းနေပါပြီ။ လုပ်ငန်း ဆက်လုပ်တာ မရှိပါဘူး” ဟု ပြောသည်။
ဒီဇင်ဘာလ ၉ ရက်တွင် ပြုလုပ်သော YCDC ၏ ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွင် ဝန်ကြီးများရုံး၌ ဖွင့်လှစ်ရန် ပြင်ဆင်ခဲ့ သည့် အဆိုပါ Spa ကိစ္စနှင့် ပတ်သက်ပြီး ဧရာဝတီ၏ မေးမြန်းမှုကို ပြန်လည် ဖြေကြားခြင်းဖြစ်သည်။
ထိုကျန်းမာရေး စင်တာကို ပြီးခဲ့သည့် နိုဝင်ဘာလ အတွင်းတွင် ရန်ကုန်တိုင်း လွှတ်တော် ဥက္ကဋ္ဌ ဦးဆောင်ပြီး ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ အပါအဝင် သက်ဆိုင်ရာ ဌာနများ၊ ဝန်ကြီးများ ရုံးကို ပြုပြင်ထိန်းသိမ်းပြီး လုပ်ငန်း လုပ်ကိုင်ခွင့် ရရှိ ထားသော အနော်မာ ကုမ္ပဏီနှင့် ရန်ကုန်မြို့ ပြ အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့ (YHT) တို့ ပါဝင်သော ကြား နာမှု ပြုလုပ်ခဲ့ပြီး ပိတ်သိမ်းရန် ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။
ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက “ အဲဒီ Spa က အစကတည်း ခွင့်ပြုထားလည်း မဟုတ် ဘူး။ ဖွင့်ခွင့်လည်း မပေး ဘူး။ သက်ဆိုင်ရာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကလည်း မထောက်ခံထားဘူး” ဟု ပြောဆိုသည်။
ဝန်ကြီးများ ရုံးဝင်း အတွင်းရှိ အဆောက်အအုံ တခု၌ De Beau Wellness Center အမည်ဖြင့် ကျန်းမာရေး စင်တာကို အောက်တိုဘာလ၂၆ ရက်တွင် အကြို ဖွင့်ပွဲတခု ပြုလုပ်ခဲ့ပြီး ယင်း ဖွင့်ပွဲ မှတ်တမ်း ဓာတ်ပုံများသည် Facebook တွင် ပျံ့နှံခဲ့ကာ ပြည်သူများကြား ဝေဖန်မှုများ ဖြစ်ပေါ်ခဲ့သည်။
ဝန်ကြီးများရုံး အတွင်း ထိုသို့ လုပ်ငန်း လုပ်ကိုင်ရန်အတွက် ရန်ကုန်တိုင်း ဒေသကြီး အစိုးရနှင့် YCDC တို့ထံမှ လုပ်ငန်း လိုင်စင်ရရှိခြင်း မရှိဘဲ အကြိုဖွင့်ပွဲကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
၂၀၁၄ ခုနှစ် သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်တွင် မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှုကော်မရှင် (MIC) က ဝန်ကြီးများ ရုံး ဝင်းကို ပြန်လည် ပြုပြင်ထိန်းသိမ်းပြီး မြန်မာ့အနုပညာ လုပ်ငန်းများ၊ ပြတိုက်များ၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှုပစ္စည်း အရောင်း ဆိုင်များ ဖွင့်လှစ်ရန် အတွက်ဟု ဆိုကာ အနော်မာ ကုမ္ပဏီ (Anawmar Art ) ကို လုပ်ကိုင်ခွင့်ပြုခဲ့ကြောင်း သိရသည်။
ဆက်စပ်ဖတ်ရှုရန် –
အတွင်းဝန်ရုံးသည် ထူးခြားနေရာဖြစ်၍ ကျန်းမာရေးစင်တာအဖြစ် ရင်းနှီးမြှုပ်နှံခြင်းဟု လုပ်ငန်းရှင်ပြော