ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် အကြိမ် ၃၀ မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲ၊ အမျိုးသားဘောလုံးပွဲစဉ် တတိယနေရာ လုပွဲအဖြစ် မြန်မာယူ ၂၂ အသင်းနှင့် ကမ္ဘောဒီးယား ယူ ၂၂ အသင်းတို့ ယနေ့ မြန်မာစံတော်ချိန် နေ့လည် ၂ နာရီ ၃၀ မိနစ်တွင် ယှဉ်ပြိုင်ခဲ့ကြရာ မြန်မာအသင်းက
ကမ္ဘောဒီးယားကို ပယ်နယ်တီ အဆုံးအဖြတ်ဖြင့် အနိုင်ရရှိကာ တတိယ ကြေးတံဆိပ်ဆု ဆွတ်ခူးရရှိခဲ့သည်။
ယနေ့ပွဲစဉ်တွင် ကမ္ဘောဒီးယားအသင်းက စပေးဘော တည်ပြီးနောက် စက္ကန့် ၂၀ အတွင်း တောင်ပံ တိုက်စစ် ကစားသမား ကျောနံပတ် ၁၇ ချန်သီယာဆင်း က အဖွင့်ဂိုး သွင်းယူခဲ့သည်။ အဆိုပါ သွင်းဂိုးကို မြန်မာအသင်း ဘောလုံးတချက်မှ မထိလိုက်ရခင် စက္ကန့်ပိုင်းအတွင်း ကမ္ဘောဒီးယားအသင်းက ဂိုးသွင်းခဲ့ခြင်းဖြစ်ပြီး ဆီးဂိမ်း ပြိုင်ပွဲ၏ အမြန်ဆုံး သွင်းဂိုးများစာရင်းထဲတွင် ချန်သီယာဆင်း၏ အဆိုပါ သွင်းဂိုး ပါဝင်သွားခဲ့သည်။
ဦးဆောင်ဂိုး ပေးလိုက်ရပြီးနောက် မြန်မာအသင်းဘက်က ပြန်လည် ဖိအားပေး တိုက်စစ်ဆင်ခဲ့ပြီး ပွဲကစားချိန်
၉ မိနစ်တွင် မြန်မာအသင်း ညာခြမ်းက တောင်ပံကစားသမား မြတ်ကောင်းခန့်၏ ဖြတ်တင်ဘောကို တိုက်စစ် မှူး အောင်ကောင်းမာန် က ခေါင်းတိုက်ဂိုး သွင်းယူခဲ့သည်။ အဆိုပါသွင်းဂိုးမှာ ဆီးဂိမ်းပြိုင်ပွဲတွင် အောင်ကောင်း မာန် ၏ ၅ ဂိုးမြောက် သွင်းဂိုးဖြစ်ပြီး ဆီးဂိမ်းပွဲစဉ် ၅ ပွဲဆက်တိုက် ဂိုးသွင်း ယူနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။
တဖက် ၁ ဂိုးစီ သရေရလဒ် ထွက်ပေါ်ပြီးနောက် မြန်မာနှင့် ကမ္ဘောဒီးယား နှစ်သင်းစလုံး အပြန်အလှန် တိုက်စစ် ဆင်ခဲ့သည်။
ကမ္ဘောဒီးယားအသင်းမှာ ညာခြမ်းမှ ကျောနံပါတ် ၁၇ ချန်သီယာဆင်း၏ အတိုးအလှုပ်များဖြင့် ထိုးဖောက် ခဲ့သလို မြန်မာအသင်းမှာလည်း တိုက်စစ်မှူး အောင်ကောင်းမာန်နှင့် မြတ်ကောင်းခန့်တို့၏ တွဲလုံးများဖြင့် ထိုးဖောက် ကစားခဲ့သဖြင့် ပွဲက ကြည့်ကောင်းခဲ့သည်။
တဖက် ၁ ဂိုးစီ သရေကျချိန်တွင် တိုက်စစ်မှူး အောင်ကောင်းမာန်က ဂိုးသမားကို ကျော်ဖြတ်ကာ အပိုင် ပိတ်သွင်းခဲ့သော်လည်း ဂိုးပေါက်ကို လွဲချော်ခဲ့သည်။
ပွဲချိန် ၃၅ မိနစ်တွင် တောင်ပံကစားသမား မြတ်ကောင်းခန့်က ၁၈ ကိုက်စည်းထိပ်တွင် ရရှိသည့် ပြစ်ဒဏ် ဘောကို တိုက်ရိုက်ကန်သွင်းကာ ဒုတိယမြောက် ဦးဆောင်ဂိုး သွင်းယူခဲ့သည်။
ဦးဆောင်ဂိုးရပြီးနောက်ပိုင်း မြန်မာအသင်း တိုက်စစ်ဆင်မှု လျော့ချခဲ့ပြီး ပွဲကိုထိန်း ကစားခဲ့သဖြင့် ပထမပိုင်းအပြီးတွင် ၂ ဂိုး ၁ ဂိုးဖြင့် မြန်မာအသင်း ဦးဆောင်နေခဲ့သည်။
ဒုတိယပိုင်း ပြန်လည်စတင်ချိန်တွင် ကမ္ဘောဒီးယားအသင်းမှာ ဘယ်ခြမ်းနှင့် ညာခြမ်းတောင်ပံတိုက်စစ် ကစားသမားများ၏ တိုးအားဖြင့် တိုက်စစ်ကို ပိုမို ဖိကစားခဲ့သည့်အတွက် မြန်မာအသင်း ဘက်က ဂိုးမပေး ရအောင် ခက်ခက်ခဲခဲ အနေအထားဖြင့် ခံစစ်ကို ခုခံကစားခဲ့ရသည်။
ယနေ့ပွဲစဉ်တွင် ကမ္ဘောဒီးယားအသင်း၏ အသင်းလိုက် စုစည်းမှုနှင့်ခြေစွမ်းပိုင်း ပိုမိုတိုးတက်လာသည်ကို မြင်တွေ့ခဲ့ရပြီး မြန်မာအသင်းမှာ ပထမပိုင်းတွင် ကစားပုံ ကောင်းခဲ့သော်လည်း ဒုတိယပိုင်းတွင် ဂိုးပေါက် ကန်သွင်းမှု၊ တည့်မတ်မှု ၁ ကြိမ်မျှ မရှိသည်အထိ ကစားပုံ ဆိုးရွားခဲ့သည်။
မြန်မာအသင်း၏ ခံစစ် အသားပေးကစားမှုကြောင့် ကမ္ဘောဒီးယားအသင်းက စိတ်ကြိုက် တိုက်စစ်ဆင်ခဲ့ပြီး ၁၈ ကိုက် စည်းထိပ်မှ ကန်သွင်းခွင့်များ ရရှိခဲ့သော်လည်း ဂိုးပေါက်လွဲချော်ခဲ့သည်။ ဒုတိယပိုင်း ပွဲချိန်မိနစ် ၇၀ တွင် မြန်မာအသင်း၏ ၁၈ ကိုက်စည်းထိပ်မှ ရရှိသည့် ပြစ်ဒဏ်ဘောကို အသင်းခေါင်းဆောင် တိုက်စစ်မှူး ဆော်ဖန်က တိုက်ရိုက်ကန်သွင်းကာ ချေပဂိုး ပြန်လည်ရယူခဲ့သည်။
ချေပဂိုးပေးလိုက် ရပြီးနောက်ပိုင်း မြန်မာအသင်းမှာ တိုက်စစ်မှူး ဝင်းနိုင်ထွန်း၊ ထက်ဖြိုးဝေတို့၏ တွဲလုံးများဖြင့် ထိုးဖောက်ခဲ့သော်လည်း ကမ္ဘောဒီးယားအသင်း က ပိတ်ဆို့ဖြတ်တောက် ကစားနိုင်ခဲ့ပြီး အသင်းလိုက်စုဖွဲ့မှုဖြင့် မြန်မာအသင်းဘက်သို့ တိုက်စစ်ဆင်ခဲ့သည်။ မြန်မာအသင်း ကွင်းလယ်ခံစစ်နှင့် နောက်တန်းကစားသမားများ
ကြံ့ကြံ့ခံ ဖျက်ထုတ် ရှင်းလင်းနေခဲ့သဖြင့် ပွဲပြီးချိန်တွင် တဖက် ၂ ဂိုးစီဖြင့် သရေရလဒ် ထွက်ပေါ်ခဲ့သည်။
ပွဲချိန်ပြည့်သည်အထိ သရေရလဒ် ထွက်ပေါ်ခဲ့သဖြင့် ပယ်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရာ မြန်မာအသင်းဘက်မှ ထက်ဖြိုးဝေ၊ လွင်မိုးအောင်၊ နေမိုးနိုင်၊ ရဲရင့်အောင်၊ ဝင်းနိုင်ထွန်းစသည့် ကစားသမား ၅ ဦးစလုံး ဂိုးဝင်အောင် ကန်သွင်းခဲ့ပြီး ကမ္ဘောဒီးယားအသင်းမှ ၅ လုံးမြောက် ပယ်နယ်တီ ကန်သွင်းသူ တိုက်စစ်မှူး ဆော်ဖန်၏ ကန်ချက်မှာ ဂိုးတိုင်ထိမှန်ကာ ကန်ထွက်ခဲ့သည့်အတွက် မြန်မာအသင်းက အနိုင်ရရှိကာ တတိယကြေး တံဆိပ်ဆုကို ဆွတ်ခူး ရရှိခဲ့သည်။
ဆီးဂိမ်းပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာအမျိုးသား ဘောလုံးအသင်းမှာ ကြေးတံဆိပ်ဆု ရရှိခဲ့သလို မြန်မာ့လက်ရွေးစင် အမျိုးသမီး ဘောလုံးအသင်းမှာလည်း ဒီဇင်ဘာလ ၈ ရက်နေ့က ယှဉ်ပြိုင်ခဲ့သည့် တတိယနေရာလုပွဲတွင် အိမ်ရှင်ဖိလစ်ပိုင် အမျိုးသမီးအသင်းကို ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ယူကာ တတိယ ကြေးတံဆိပ်ဆုကို ဆွတ်ခူးခဲ့ကြောင်း သိရသည်။
ဆက်စပ်ဖတ်ရှုရန်-
ဆီမီးဖိုင်နယ်အတွက် နောက်ဆုံးမိနစ်အထိ တိုက်ပွဲဝင်ရမည့် မြန်မာအသင်း
မြန်မာရဲ့ အာရှဖလားအိပ်မက် ကာဂစ်ကို ရှုံးနိမ့်ခြင်းကြောင့် ပျောက်ကွယ်
မလေးရှားဆီးဂိမ်းမှာ မြန်မာအမျိုးသားဘောလုံးအသင်း ထိုင်းကို ဖြိုနိုင်မလား