ရန်ကုန်တိုင်းဒေသကြီး အတွင်း 199 call center သို့ စနောက်၍ မမှန်သတင်းပေးသည့် ဖုန်းခေါ်ဆိုမှု အကြိမ်ရေ ၁၂ သိန်း ကျော်ရှိကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ ဒုဝန်ကြီး ဗိုလ်ချုပ် အောင်သူက ယနေ့ ကျင်းပသည့် အမျိုးသား လွှတ်တော် တွင် ပြောကြားသည်။
မန္တလေးတိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ် ၆ မှ ဒေါက်တာ ကြွယ်ကြွယ် မေးမြန်းသော ပြည်သူလူထု၏ လုံခြုံရေးကို ထိ ခိုက်သော အခြေအနေတရပ် ပေါ်ပေါက်ပါက အလျင်အမြန် တုံ့ပြန်နိုင်ရန် ဖုန်းနံပါတ် 199 ကို ဆက်သွယ်ပါက အလျင် အမြန် ချက်ချင်း ရောက်လာနိုင်ရန် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တွင် စီစဉ်ထားခြင်း ရှိ မရှိ မေးခွန်းနှင့် ပတ်သက်၍ ယင်းသို့ ဖြေ ကြားခြင်း ဖြစ်သည်။
199 call center ကို ၂၀၁၆ ခုနှစ် ဇူလိုင်တွင် စတင် ဖွင့်လှစ်ခဲ့ကာ ယခုနှစ် နိုဝင်ဘာ ၁၅ ရက်အထိ ၄ နှစ်အတွင်း ရန်ကုန် တိုင်းဒေသကြီး အတွင်း ဖုန်းခေါ်ဆိုမှု ၁၄ သိန်းကျော် ရှိပြီး၊ အကူအညီ တောင်းခံမှုပေါင်း ၁ သိန်း ၅ သောင်းကျော်၊ လောင်းကစားနှင့် ပတ်သက်သည့် သတင်းပေး တိုင်ကြားမှု ၈၀၀၀ ကျော်၊ သတင်းအတည်ဖြစ်၍ အကူအညီပေးနိုင်မှု ၁ သိန်း ၁ သောင်းကျော် ရှိပြီး စနောက်ခေါ်ဆိုမှုပေါင်း ၁၂ သိန်းကျော် ရှိကြောင်း ဒု ဝန်ကြီး ရှင်းပြသည်။
Call center က အကြောင်းကြားလာပါ ရဲတပ်ဖွ့ဲဝင်များ အနေဖြင့် သွားရောက် စစ်ဆေးရခြင်း ပြုလုပ်ရကြောင်း၊ တခါတရံ ညပိုင်းများတွင် ဖုန်းဆက်၍ သွားရောက်ကြည့်သော်လည်း ဘာမှ မတွေ့ရသည့် စနောက်ပြီး သတင်းပေးမှုများ ရှိကြောင်း၊ သို့သော် ရဲလုပ်ငန်း အနေဖြင့် ပြည်သူက သတင်းပေးပါက သွားရောက် အတည်ပြုရသည်မှာ ရဲတာဝန်ဖြစ်ကြောင်း ပျဉ်း မနားမြို့ အမှတ် ၁ မြို့မ ရဲစခန်းမှ မြို့နယ်မှူး ရဲမှူး အေးမြင့်နိုင်က ဧရာဝတီသို့ ပြောသည်။
ရဲမှူး အေးမြင့်နိုင်က “သတင်းပေးတဲ့သူက ကျနော်တို့ ရဲတပ်ဖွဲ့တွေ သွားရောက် ရှာဖွေတဲ့အခါမှာ ဘေးကနေ ကြည့်ပြီး ရယ်ချင်ရယ်နေမှာပေါ့။ အဲဒီလိုပဲ မရှိဘူးဆိုရင်လည်း Call center ကို သွားကြည့်ပြီးပါပြီ၊ မရှိရင်လည်း မရှိတဲ့ အကြောင်း တော့ ပြန်ဖြေပေးရတာပေါ့” ဟု ဆိုသည်။
မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းနှင့် ညှိနှိုင်း၍ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး တိုင်းဒေသကြီး၊ ကယား၊ ရခိုင်ပြည်နယ် တို့တွင် ရှိသော ရဲတပ်ဖွဲ့မှူးရုံးများတွင် 199 Centre များကို ဖွင့်လှစ် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သိရသည်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အနေဖြင့် ရပ်ကွက်၊ ကျေးရွာအုပ်စု အတွင်း ဒုစရိုက်မှုများ၊ ရာဇဝတ်မှုများ၊ ပြည်သူ လူထုလုံခြုံရေးကို ထိခိုက်စေသော ပြစ်မှုများ၊ အကြမ်းဖက်မှု ပေါ်ပေါက်လာပါက ပြည်သူလူထုမှ သတင်းပေး ဆောင်ရွက်နိုင်ရန် ဆက်သွယ် ရေး ကောင်းမွန်သော နေရာများတွင် အရေးပေါ် 199 ဖုန်းများနှင့် ဆက်သွက်ရေး အခက်အခဲရှိသော နေရာများတွင်199 ကဲ့သို့ ဆက်သွယ်နိုင်မည့် သက်ဆိုင်ရာ နယ်မြေအတွင်းရှိ ရဲစခန်း ဖုန်းနံပါတ်များ၊ ရဲကင်းမှူး၊ နယ်ထိန်းအရာရှိ၊ စခန်းမှူး၊ မြို့နယ် ရဲတပ်ဖွဲ့မှူးတို့၏ ဖုန်းနံပါတ်များကို မှုခင်း ကျဆင်းဟောပြောပွဲများ လက်ကမ်း စာစောင်များတွင် ထည့်သွင်း ဖြန့် ဝေခြင်း၊ ပိုစတာများ စိုက်ထူ၍ ကြေညာထားကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနက ဆိုထားသည်။
ထို့ပြင် အမျိုးသားအဆင့် မှုခင်းကြိုတင်ကာကွယ်ရေး မဟာဗျူဟာ ၂၀၁၈-၂၀၂၀ ကို ရေးဆွဲခဲ့ပြီး တရားဥပဒေ စိုမိုးရေးနှင့် မှုခင်းကာကွယ်ရေး လုပ်ငန်းများတွင် ပြည်ထောင်စုဝန်ကြီးဌာနများ၊ အစိုးရ အဖွဲ့အစည်းများ၊ လူမှုရေး အဖွဲ့အစည်းများနှင့် ပြည်သူ တရပ်လုံး ပူးပေါင်း ပါဝင်ဆောင်ရွက်ရန် လုပ်ဆောင်နေကြောင်းလည်း ဒုဝန်ကြီးက ပြောသည်။
ထိုသို့ 199 သို့ ဖုန်းခေါ်ဆိုပြီး မမှန်မကန် သတင်းပေးသူ ၁ ဦးကို ပြည်သူ့ဝန်ထမ်း ဥပဒေ ပုဒ်မ ၁၈၂ (မမှန်မကန်သတင်း ပေးမှု) ဖြင့် ဖမ်းဆီး အရေးယူကာ အလုပ်နှင့် ထောင်ဒဏ် ၃ လ ချမှတ်ခဲ့မှုလည်း ၂၀၁၇ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည်။