သတင်း

ကယားပြည်နယ်မှ လယ်သမား ၂၇ ဦးကို တပ်မတော်က တရားစွဲ

Want create site? Find Free WordPress Themes and plugins.

တပ်မတော်ပိုင် မြေတွင် ကျူးကျော်ဝင်ရောက်၍ စိုက်ပျိုးရေးလုပ်ကိုင်သည်ဆိုသည့် စွဲချက်ဖြင့် ကယားပြည်နယ် မြို့နယ် ၂ ခုမှ လယ်သမား ၂၇ ဦးကို တပ်မတော်က တရားစွဲဆိုခဲ့သည်။

ဇူလိုင်လမှ နောက်ပိုင်းတွင် အဆိုပါ လယ်သမား ၂၇ ဦးအပေါ် တပ်မတော်က တရားစွဲဆိုမှု ၅၀ ခန့် ရှိခဲ့သည်။

၁၉၉၀ ခုနှစ်တွင် လယ်သမားများထံမှ သိမ်းယူခဲ့သော်လည်း အသုံးပြုခြင်း မရှိသောမြေများတွင် လွိုင်ကော်နှင့် ဒီမောဆိုမြို့ နယ်များမှ အမြောက်တပ်နှင့် ခြေလျင်တပ်ရင်းများက ခြံစည်းရိုးတည်ဆောက်ခြင်းများ မေလတွင် စတင်ပြုလုပ်ခဲ့ကြောင်း ကရင်နီပြည်နယ်တောင်သူလယ်သမားသမဂ္ဂ(KSFU) ၏ အဆိုအရ သိရသည်။

ထိုမြေတွင် စိုက်ပျိုးခဲ့သည်မှာ နှစ် ၅၀ ခန့် ရှိပြီဖြစ်ပြီး လယ်သမားများထံတွင် ပုံစံ ၇ မြေမှတ်ပုံတင်လက်မှတ်များ ရှိခဲ့ကြောင်း KSFU ၏ ဥက္ကဌ ခူးတူးရယ်က ဧရာဝတီသို့ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ပြောသည်။

မြို့နယ် ၂ ခုမှ လယ်သမား စုစုပေါင်း ၂၇ ဦးကို ကျူးကျော်ဝင်ရောက်မှုနှင့် ထိခိုက်ပျက်စီးစေမှု တို့အတွက် ရာဇသတ်ကြီး ပုဒ်မ ၄၄၇ နှင့် ၄၂၇ တို့အရ တရားစွဲဆိုခဲ့ပြီး တပ်မတော်၏ ခြံစည်းရိုးများကို ချိုးဖျက်ခဲ့သည့်အတွက် ပြည်သူပိုင်ပစ္စည်းကာကွယ်ရေး ဥပဒေဖြင့် သီးခြားစွဲဆိုခဲ့သည်။

ဥပဒေများက အမြင့်ဆုံး ပြစ်ဒဏ်အဖြစ် ထောင်ဒဏ် ၃ လမှ ၇ နှစ်အတွင်း ကျခံရနိုင်သည်။

လယ်သမားများကို အလားတူဥပဒေများဖြင့် မတူညီသည့် တပ်မတော် အရာရှိများက အကြိမ်ကြိမ် တရားစွဲဆိုခဲ့သည် ဟု ခူးတူးရယ်က ပြောသည်။

အမျိုးသမီးတဦး အပါအဝင် လယ်သမား ၁၂ ဦး ထိန်းသိမ်းခံထားရသည်။ အမျိုးသမီး ၄ ဦး အပါအဝင် အခြား ၁၅ ဦးက အာမခံရရှိခဲ့သည်ဟု သိရသည်။

ဝင်ငွေဆုံးရှုံးရခြင်းနှင့် မိသားစုပြိုကွဲခြင်းကြောင့် သူတို့၏ မိသားစုများမှာ ကြီးမားသော အခက်အခဲများကို ခံစားနေရသည် ဟု ခူးတူးရယ်က ပြောသည်။

တပ်မတော်ထံမှ မှတ်ချက်တောင်းခံ၍ မရရှိခဲ့ပါ။

“စိုက်ပျိုးမြေတွေကို တရားမဝင်သိမ်းယူတာက မြေယာအခွင့်အရေး ချိုးဖောက်တာပါပဲ။ အစိုးရအနေနဲ့ ဒီကိစ္စတွေကို ဥပေက္ခာပြု မထားသင့်ပါဘူး။ တပ်မတော် ပါဝင်ပတ်သက်နေတဲ့ မြေယာအညင်းပွားမှုတွေကို တာဝန်ယူ ကိုင်တွယ်သင့်ပါတယ်။ လယ်သမားတွေရဲ့ နစ်နာမှုတွေကို ဖြေရှင်းပေးသင့်ပါတယ်”ဟု လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အတွက် ဆောင်ရွက်နေသော “အသံ” အဖွဲ့မှ မောင်ဆောင်းခ ကပြောသည်။

တပ်မတော်က တင်သွင်းခဲ့သည့် ပုံစံတူ တရားစွဲဆိုမှုများကို တားဆီးရန် ကယားပြည်နယ်မှ ဥပဒေအကြံပေးရုံးများက ပျက်ကွက်ခဲ့သည်ဟု သူက ဧရာဝတီသို့ ပြောသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသည့် Zaw Zaw Htwe ၏ Military Sues 27 Farmers for Using Seized Land in Kayah State  ကို ဘာသာပြန်ဆိုသည်။)

You may also like these stories:

ဝေဖန်သံတွေ တိုးတိတ်သွားအောင် တရားရုံးတွေကို အသုံးချလာနေကြသည်

Did you find apk for android? You can find new Free Android Games and apps.
Loading