ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ရှိ ကုလားတန်မြစ်အတွင်း၌ သွားနေသည့် ခရီးသည်တင် စက် လှေတစီး လက်နက်ကြီး ကျည်ထိမှန်သဖြင့် အရပ်သား ၂ဦး သေဆုံးကာ ၇ဦး ထိခိုက်ဒဏ်ရာ ရကြောင်း သတင်းရသည်။
ပလက်ဝနှင့် တောင်ပြိုသို့ ပြေးဆွဲနေသည့် ခရီးသည် ၁၈ဦးပါ စက်လှေသည် ဒီဇင်ဘာ ၁၀ရက် မနက် ၈နာရီခန့်က ပလက်ဝမှ ထွက်ခဲ့ရာ နူန်းဗူးရွာ အနီး လက်နက်ကြီးဖြင့် အပစ်ခံရခြင်း ဖြစ်သည်။
သေဆုံးသွာသူ ၂ ဦးမှာ အသက် ၃ နှစ်အရွယ် ယောင်္ကျားလေး ၁ ဦးနှင့် အသက် ၅၀ အရွယ် အမျိုးသမီး ၁ ဦးတို့ ဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ချင်းပြည်နယ် အစိုးရအဖွဲ့ဝင် လျှစ်စစ် ဝန်ကြီး ဦးစိုးထက်က “ မနေ့က ကျနော်တို့ ပလက်ဝရဲ့ အထက်ပိုင်းကို သွားတဲ့ ပလက်ဝ – တောင်ပြိုဆိုတဲ့ စက်လှေလိုင်း ရှိတယ်။ မနက် ၈ နာရီကျော် လောက်က ခရီးသည် ၁၈ ယောက်နဲ့ စက်လှေက တက်သွားတယ်။ တောင်ပြို မရောက်ခင်မှာ နူန်းဗူး ရွာဆိုတာရှိတယ်။ အဲဒီမှာ AA နဲ့တပ်နဲ့ ပစ်ခတ်မှု ဖြစ်ကြတယ် ထင်ပါတယ်။ ဘယ်ဘက်က ပစ်မှန်း မသိတဲ့ လက်နက်ကြီး ၁ လုံးက စက်လှေ ဦးပိုင်းကို လာလို့ ၂ ဦး သေတယ်။ ၇ ဦး ဒဏ်ရာ ရတယ်လို့ ပြောတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ထို ပလက်ဝမြို့မှ တောင်ပြိုသို့ ကုလားတန် မြစ်ကြောင်းအတိုင်း သွားရောက်ပါက နုန်းဗူး ရွာ အနီး၌ ခရီးသည် အတက်၊ အဆင်း များကို စစ်ဆေးသည့် တပ်မတော် တပ်စခန်းတခု ရှိသည်။
ယင်း သေဆုံး၊ ဒဏ်ရာ ရရှိသူများထဲတွင် ပလက်ဝမြို့နယ် ပညာရေးဌာနမှ ရခိုင်တိုင်းရင်းသား ဝန်ထမ်းမိသားစု ၁ စု ပါရှိပြီး ရရှိခဲ့သော ဒဏ်ရာများမှာ ပြင်းထန်သည့်အတွက် ယနေ့ မနက်ပိုင်း က ပလက်ဝ ဆေးရုံမှတဆင့် စစ်တွေ ဆေးရုံသို့ ရွှေ့ပြောင်းရန် စီစဉ်နေကြောင်းလည်း ပလက်ဝ မြို့ခံများက ပြောသည်။
ပလက်ဝမြို့ခံ ကိုဘုထန်ပိုင်က “ကျနော်တို့ မနေ့က ဆေးရုံကိုသွားကြည့်တော့ ဒဏ်ရာရတဲ့ လူ တွေထဲက ၅ ဦး ဆေးရုံမှာ ရောက်နေတာကိုတွေ့တယ်။ အဲဒီအထဲမှာ ပညာရေးဝန်ထမ်း မိသားစု ၃ ပါတယ်။ သူတို့ ကလေးက အဲဒီမှာ တခါတည်း ဆုံးသွားတယ်။ မိဘနှစ်ပါးကတော့ ဒဏ်ရာ တော်တော်ပြင်းတယ်။ ဒီနေ့ မနက်တော့ ကျောက်တော်ဘက်က ပညာရေး ဌာနက လူတွေနဲ့ ချိတ်ဆက်ပြီး စစ်တွေဆေးရုံကို ခေါ်မယ်လို့ ပြောတယ်” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ တာဝန်ကျသည့်နေရာသို့ သွားရောက်စဉ် သေဆုံး၊ ဒဏ်ရာ ရရှိသည့် ပညာရေးဝန်ထမ်း မိသားစုမှာ ဦးဇော်ဌေးဝင်းနှင့်ဇနီး ဒေါ်လှကျော့ဌေး တို့ဖြစ်ပြီး သားဖြစ်သူ အသက် ၃ နှစ်အရွယ် မောင်ဇော်လင်းမြတ်ထက်မှာ ဒဏ်ရာကြောင့် ယင်းနေရာတွင် သေဆုံးခဲ့သည်။
ချင်းပြည်နယ်၊ ပလက်ဝ မြို့နယ်အတွင်း တပ်မတော်နှင့် AA တို့ စစ်ရေး ပဋိပက္ခ ဆက်လက် ပြင်းထန်နေမှုကြောင့် ဒေသခံ ပြည်သူလူထု ၄၀၀၀ မှ ၆၀၀၀ ကြား ပလက်ဝ မြို့ပေါ်နှင့် ကုလားတန် မြစ်ကြောင်း တလျှောက်တွင် တည်ရှိသည့် ကျေးရွာရှိ နီးစပ်ရာ ဆွေမျိုးသားချင်း နေအိမ်များတွင် ထွက်ပြေးခိုလှုံနေရကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့ဝင် လျှစ်စစ်ဝန်ကြီး ဦးစိုးထက် ဧရာဝတီသို့ ပြောသည်။
မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်တို့သည့် ၂၀၁၈ ခုနှစ်၊ နှစ်ကုန်ပိုင်းကတည်းက နှစ်ဘက်တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေမှုမှာ ၁ နှစ်ကျော်အထိ ကြာမြင့်လာပြီ ဖြစ်သည်။
ယနေ့ ဒီဇင်ဘာလ ၁၁ ရက် မနက်ပိုင်းတွင်လည်း မင်းပြားမြို့နယ် အတွင်း တပ်မတော်နှင့် AA တို့ တိုက်ပွဲ ပြင်း ထန်စွာဖြစ်ပွားနေပြီး အနီးရှိ ကုလားမတောင်ရွာသို့ လက်နက်ကြီး ကျရောက် ပေါက်ကွဲသည့် အတွက် ရွာသားတချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်းလည်း သိရသည်။
You may also like these stories:
ရှမ်းပြည်မြောက်ပိုင်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေ
မြောက်ဦးတွင် တပ်မတော်နှင့် AA တို့ ရင်ဆိုင်တိုက်ပွဲဖြစ်
ကုလားတန်စီမံကိန်းကို AA တိုက်ခိုက်နေဟု တပ်မတော်ပြော