အမေရိကန်၏ ယခု တပ်မတော် ခေါင်းဆောင်များအပေါ် ဘဏ္ဍာရေး ပိတ်ဆို့ အရေးယူမှုသည် နိုင်ငံရေးအရ ဖိအား ပေး ပစ်မှတ်ထားလာခြင်း ဖြစ်ကြောင်း တပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
“ရခိုင်ကိစ္စနဲ့ ပတ်သက်ပြီးတော့မှ အင်တိုက်အားတိုက် ကြိုးပမ်း ဆောင်ရွက်မှုတွေကိုကျတော့ လျစ်လျူရှုထားတယ်။ ရည်ရွယ်ချက် ရှိရှိနဲ့ နိုင်ငံရေးအရ ဖိအားပေး ပစ်မှတ်ထားလာတာလို့ ကျနော်တို့က ပြောချင်တယ်။ တပ်မတော်နဲ့ ပတ်သက်လာရင် အမေရိကန် အနေနဲ့က သူတို့ရဲ့စံနှုန်းတွေ ဖြစ်မှာပေါ့”ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောဆိုသည်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ဗိုလ်ချုပ် သန်းဦး နှင့် ဗိုလ်ချုပ် အောင်အောင်တို့သည် ရခိုင်ပြည်နယ်နှင့် တခြားသော တိုင်းရင်းသား ဒေသများ၌ လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ အကျင့်ပျက် ခြစားမှုများနှင့် ပတ်သက်ပြီး တာဝန်ရှိသည်ဟုဆိုကာ Global Magnitsky Human Rights Accountability Act (ကမာ္ဘလုံးဆိုင်ရာ လူ့အခွင့်အရေး ချိုးဖောက်မှု ဥပဒေ) အရ ဒီဇင်ဘာလ ၁၀ ရက် နိုင်ငံ တကာ လူ့အခွင့်အရေးနေ့တွင် အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက ဒဏ်ခတ် အရေးယူမှုများ ချမှတ်လိုက်ခြင်း ဖြစ် သည်။
မြန်မာ့ တပ်မတော်သည် ရခိုင် အပါအဝင် တခြားတိုင်းရင်းသား ဒေသများတွင် အလွန်ဆိုးရွားသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကျူးလွန်ခဲ့သဖြင့် ယခုကဲ့သို့ ဘဏ္ဍာရေး ဒဏ်ခတ် ပိတ်ဆို့ အရေးယူရသည့် ပြစ်ဒဏ်ကို ချမှတ်ရကြောင်း အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။
ယခု ချမှတ်လိုက်သည့် ဒဏ်ခတ် အရေးယူမှုတွင် ပါဝင်သူများအနေဖြင့် အမေရိကန်ရှိ ၎င်းတို့၏ ပိုင်ဆိုင်မှုများ၊ ၎င်းတို့ နှင့် အနည်းဆုံး ၅၀ ရာခိုင်နှုန်း ပိုင်ဆိုင်သည့် ဖက်စပ် လုပ်ငန်းများနှင့် ပိုင်ဆိုင်မှုများ၊ ယင်းပိုင်ဆိုင်မှုကို တခြား တဦး တယောက်၏ အမည်နှင့် လွှဲပြောင်းပေးထားသည့် ပိုင်ဆိုင်မှုများကို OFAC ဟု ခေါ်သည့် အမေရိကန် နိုင်ငံရပ်ခြား ငွေကြေးနှင့် ပစ္စည်း ပိုင်ဆိုင်မှု ထိန်းချုပ်ရေး ဌာနသို့ သတင်း ပို့ရမည်ဖြစ်ပြီး ယင်းပိုင်ဆိုင်မှုများကို အမေရိကန်က ထိန်းချုပ်သွားမည်ဟု သိရသည်။
အဆိုပါ ဒဏ်ခတ် အရေးယူခံရသူများနှင့် ဆက်သွယ်၍ အလုပ်လုပ်ကိုင်လိုသူ မည်သည့် အမေရိကန် နိုင်ငံသားမဆို သို့မဟုတ် အမေရိကန် ကုမ္ပဏီမဆို OFAC ဌာန၏ အထူး ခွင့်ပြုချက် ရရှိမှသာ ဆက်သွယ် လုပ်ဆောင်ခွင့် ရရှိမည် ဖြစ်သည်ဟုလည် အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာ ခင်ဇော်ဝင်းက အမေရိကန်၏ ယခု ပိတ်ဆို့မှုကို ကြည့်ရာတွင် တပ်မတော် ထိပ်ပိုင်း ခေါင်းဆောင်များကိုပါ ဦးတည်လာသဖြင့် ပိုပြင်းထန်လာကြောင်း၊ နောက်ပိုင်းတွင်လည်း ပိတ်ဆို့မှုများ ဆက်ရှိနေဦးမည်ဟု ကြားသိထားကြောင်း၊ နယ်သာလန်တွင် မြန်မာ၏ တုံ့ပြန်နိုင်မှုကိုလည်း စောင့်ကြည့်ရမည် ဖြစ်ကြောင်း ပြောသည်။
“ဒါက နိုင်ငံရေး ဖိအား မဟုတ်ဘူး။ ရခိုင်မှာ စစ်ဆင်ရေးမှာ ကျူးလွန်ခဲ့တာတွေကို ထောက်ပြနေတာ။ အဲဒါကို တပ်ကရော၊ အရပ်ဘက်ကရော အရေးယူမှုက သိပ်ပြီး ကျေနပ်လောက်စရာ မရှိဘူး။ ပြောမယ်ဆိုရင် ဒါက ရာဇဝတ်မှုပါ။ ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ နဂိုကတည်းက ပြောခဲ့တာ ကြာပြီ”ဟုလည်း ၎င်းက ပြောဆိုသည်။
ယခု ရခိုင်ပြဿနာသည် အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) အထိ ရောက်ရှိနေပြီး မြန်မာဘက်မှ ခုခံ ချေပနိုင်သည် ဖြစ်စေ၊ မချေပနိုင်သည် ဖြစ်စေ နိုင်ငံတကာ ဖိအားများ တိုးလာမည်မှာ သေချာနေပြီ ဖြစ်ကြောင်း ရခိုင်ပြည်နယ် မြေပုံ မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းကလည်း ပြောသည်။
“ပုဂ္ဂိုလ်ရေးကိစ္စကတော့ နိုင်ငံကို မထိခိုက်နိုင်ဘူးပေါ့။ ဒါပေမယ့် နောက်ပိုင်းမှာ နိုင်ငံအတွက် တော်တော်လေး နစ်နာ မှုတွေ ရှိလာနိုင်တယ်။ ရှေ့မှာ နိုင်ငံကိုပါ ပိတ်ဆို့မှုတွေ ရှိလာနိုင်တယ်။ ပုဂ္ဂိုလ်တွေကို သီးသန့် ပိတ်ဆို့တာမျိုးကတော့ ဘာမှ မပြောလိုဘူး”ဟုလည်း ဦးဖေသန်းက ဆိုသည်။
နိုင်ငံရေး စာရေးဆရာ ဦးသန်းစိုးနိုင်ကမူ နိုင်ငံတကာ အသိုင်းအဝိုင်းသည် ရခိုင်အရေးတွင် အာရကန် ရိုဟင်ဂျာ ကယ်တင်ရေး တပ် (ARSA) ၏ လက်ချက်ကို အမှောင်ချထားကြောင်း၊ ၎င်းတို့ကြောင့် လူ့အဖွဲ့အစည်းများကြားတွင် အလွန် ရှုပ်ထွေးသည့် ဖြစ်စဉ်တခု ဖြစ်ပွားခဲ့သော်လည်း တပ်မတော်သည် လူမျိုးတုန်း သတ်ဖြတ်မှုအား ကျူးလွန်သည် ဆိုသော အချက်အလက်များကို မမြင်မိကြောင်း ပြောသည်။
“တပ်မတော်က အလွန်အကျွံ အင်အားသုံးတာ၊ သတ်ဖြတ်တာမျိုးတော့ ရှိနိုင်ပါတယ်။ အဲဒီ ကိစ္စတွေနဲ့ ပတ်သက်လို့ ကျနော်တို့ တပ်မတော်က တာဝန်ရှိသူတွေကို စုံစမ်းစစ်ဆေးဖို့ အရေးယူဖို့ သဘာဝကျတယ်။ ဒါပေမယ့် အထောက်အထား ခိုင်လုံဖို့တော့ လိုတယ်။ ကော့ဘဇားက လူတွေ ပြောရုံလောက်နဲ့ အကဲဖြတ်လို့တော့ မရဘူး”ဟု ဦးသန်းစိုးနိုင် က ပြောဆိုသည်။
ယခုပြဿနာတွင် တပ်မတော်မှ တာဝန်ရှိသူ မည်သူ့ကိုမဆို အရေးယူမှုများ ပြုလုပ်ပေးစေလိုကြောင်း၊ ထိုသို့ အရေး ယူရန် အစိုးရ၊ တပ်မတော် ၂ ခုစလုံးတွင် အားနည်းခဲ့သည်ဟု ပြောနိုင်ကြောင်း၊ ဥပမာ ဂူတာပြင် ဖြစ်စဉ်ကို စောစီးစွာ စစ်ဆေးခဲ့လျှင် ပိုကောင်းသည်ဟု ပြောချင်ကြောင်းလည်း ၎င်းက ဆက်လက် ပြောကြားသည်။
ပြီးခဲ့သည့် နိုဝင်ဘာလကလည်း မြန်မာသည် ဓာတုလက်နက်များ ပိုင်ဆိုင်မှု ရှိနိုင်ကြောင်း အမေရိကန် ပြည်ထောင်စု၏ စွပ်စွဲချက်များကို တပ်မတော်က ငြင်းဆိုလိုက်ပြီး ဓာတုလက်နက် ပိုင်ဆိုင်ရန် ရည်ရွယ်ချက်ပင် မရှိကြောင်း တုံ့ ပြန်ခဲ့သည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “ဖြစ်ခဲ့ရတဲ့ သမိုင်းကြောင်းတွေ ရှိတယ်။ ပြီးရင် ပထဝီ အနေအထား ရှိတယ်။ ဒါတွေကို လည်း ထည့်သွင်း တွက်ချက်ဖို့ လိုမယ်။ ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ဟာသည် ကျနော်တို့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက စတင်ခဲ့တာ မဟုတ်ဘူးဗျ။ အဲဒီ ဒေသခံတွေကလည်း စတင်ခဲ့တာလည်း မဟုတ်ဘူး”ဟု ဧရာဝတီသို့ ပြောသည်။
“ဒါတွေကို ဆောင်ရွက်နေတာတွေကို လျစ်လျူရှုပြီးတော့ နိုင်ငံရေးအရ ဖိအားပေး ပစ်မှတ်ထားတယ်လို့ပဲ မြင်ပါတယ်။ စီးပွားရေး ပိတ်ဆို့မှုဆိုတာက အကျိုးသက်ရောက်မှု ဆိုတာထက် ဂုဏ်သိက္ခာပေါ့ဗျာ။ Diginity ပိုင်းကိုတော့ ထိခိုက် စေတာပေါ့”ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောဆိုသည်။
ICJ သို့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် သွားရောက် ရင်ဆိုင်နေရချိန်တွင် တပ်မတော်ကို ယခုလိုမျိုး ထုတ်ပြန် ပြောဆိုခြင်းသည်လည်း တိုက်ဆိုင်မှု မဖြစ်နိုင်ကြောင်း တပ်မတော်ဘက်က ရှုမြင်သည်ဟု ဆိုသည်။
“ကျနော်တို့က စစ်သားဆိုတော့ စစ်သားအမြင်နဲ့ ပြောရရင် နိုင်ငံရေးနဲ့ စစ်ရေးမှာတော့ တိုက်ဆိုင်တယ်ဆိုတာ မရှိပါ ဘူး။ ကြိုတင် လုပ်ဆောင်ထားမှုတွေသာ ရှိတယ်လို့ပဲ ယူဆပါတယ်”ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
မကြာမီ ထုတ်ပြန်မည့် မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်၏ လူ့အခွင့်အရေး နှစ်ပတ်လည်နေ့ အစီရင်ခံစာတွင် တပ်မတော်သည် လူ့အခွင့်အရေး ကော်မရှင်နှင့် ပူးပေါင်း ဆောင်ရွက်မှုများကို ထုတ်ပြန်ပေးလိ့မ်မည်ဟု သိရသည်။
ယခု ပိတ်ဆို့ အရေးယူခံရသည့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ဗိုလ်ချုပ် သန်းဦးနှင့် ဗိုလ်ချုပ် အောင်အောင်တို့ ၄ ဦး ကို အမေရိကန် နိုင်ငံခြားရေးဌာနက ပြီးခဲ့သည့် ဇူလိုင်လကလည်း အမေရိကန် ပြည်ထောင်စုသို့ ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်သည့် အရေးယူမှုတချို့ ချမှတ်ထားသည်။
ရခိုင်ပြည်နယ် မြောက်ပိုင်း ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီး မြန်မာ လုံခြုံရေး စခန်းများကို အကြမ်းဖက်အဖွဲ့ ARSA အဖွဲ့ က ဝင်ရောက် တိုက်ခိုက်ခြင်းအား မြန်မာ့ လုံခြုံရေး တပ်ဖွဲ့ဝင်များက ပြန်လည် စစ်ဆင်ရာတွင် ဒုက္ခသည် ၇ သိန်း ကျော် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးသွားခဲ့ပြီး လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်များ ထွက်ပေါ် လာ ခဲ့သည်။
ယခုလို တပ်မတော် ခေါင်းဆောင်များကို ပစ်မှတ်ထားပြီး အမေရိကန် အစိုးရ၏ ပိတ်ဆို့မှု မစတင်မီ ပြီးခဲ့သည့် ဇွန်လ က ပြုလုပ်ခဲ့သည့် အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ၏ ကြားနာမှုတခုတွင်လည်း မြန်မာ နိုင်ငံ အနေဖြင့် ရခိုင်ပြည်နယ်က မွတ်စလင်များ နေထိုင်သည့် အစိတ်အပိုင်းတခုကို ဘင်္ဂလားဒေ့ရှ်သို့ လွှဲပြောင်းပေး ရန် အမေရိကန် အောက်လွှတ်တော် အမတ် ဘရက်ရှာမင်ကက ပြောဆိုခဲ့သေးသည်။
ရခိုင်ပြည်နယ် အစိတ်အပိုင်းတချို့ကို ဘင်္ဂလားဒေ့ရှ်သို့ လွှဲပြောင်းပေးသင့်သည်မှာ ဘင်္ဂလားဒေ့ရှ် အစိုးရသည် မွတ်စလင်များကို လိုလားသည့်အတွက် ဖြစ်ကြောင်း၊ ထို့ကြောင့် အစိုးရဖြစ်ရန် ထိုက်တန်ကြောင်း ၎င်းက လွှတ်တော် ကြားနာပွဲ တခုတွင် ပြောဆိုသည့်အခါ မြန်မာ အစိုးရက တရားဝင် ကန့်ကွက်ရန် စဉ်းစားခဲ့သေးသည်။
တပ်မတော်အပေါ် အရေးယူရန် ကြိုးပမ်းမှုအပြင် ရခိုင်ပြည်နယ်တွင် မွတ်စလင်များအပေါ် ကျူးလွန်သည်ဟု စွပ်စွဲခံ ထား ရသော ရာဇဝတ်မှုဆိုင်ရာ လူ့အခွင့်အရေး ချိုးဖောက်မှုများကို အပြည့်အဝ စုံစမ်းစစ်ဆေးရန် နိုင်ငံတကာ ရာဇဝတ် မှု ဆိုင်ရာ ခုံရုံး (ICC)၏ ကြိုးပမ်းမှုများကလည်း ရှိနေသည်။
မြန်မာနိုင်ငံသည် ICC အဖွဲ့ဝင် မဟုတ်သော်လည်း တချို့သော ရာဇဝတ်မှုများသည် နယ်စပ်ဖြတ်ကျော်သည့် သဘော သဘာဝရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ICC အဖွဲ့ဝင်ဖြစ်သောကြောင့် စီရင်ခွင့်ရှိသည်ဟု ၂၀၁၈ ခုနှစ် စက်တင်ဘာလတွင် ICC က ဆုံးဖြတ်ခဲ့သည်။
နိုင်ငံတကာ၏ ပြောဆို စွပ်စွဲချက်များကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရကလည်း လက်မခံဘဲ ခိုင်မာသည့် အထောက်အထားများ ပေးရန် တောင်းဆိုထားသည်။
You may also like these stories:
ပြည်ပ ဖိအားကို ပြည်တွင်း ပြုပြင်ပြောင်းလဲရေး အရှိန်မြှင့်ခြင်းဖြင့် တုံ့ပြန်ပါ
ဒုက္ခသည် လက်ခံရေး မြန်မာ အသင့်ဖြစ်ပြီဟု ဘင်္ဂလားဒေ့ရှ်ကို ဒုတပ်ချုပ် ပြော
နယ်စပ်က လက်နက်ကိုင်များကို တရုတ် လက်နက်ထောက်ပံ့နေခြင်းအား မကျေနပ်ကြောင်း ပြသ