တရုတ်နိုင်ငံတွင် အလုပ်ရမည်ဟုဆိုကာ အမျိုးသမီးငယ် ၁၀ ဦးကို ရန်ကုန်မြို့၊ လှိုင်သာယာ မြို့နယ် FMI City အိမ်ရာအတွင်း ထိန်းသိမ်း စုဆောင်းခဲ့သည့် တရုတ်နိုင်ငံသူ ၁ ဦးနှင့် မြန်မာနိုင်ငံသား ၂ ဦးကို ဒီဇင်ဘာ ၇ ရက်နေ့က ဖမ်းဆီးထားကြောင်း ရန်ကုန်တိုင်း လူကုန်ကူးမှု တားဆီးကာကွယ်ရေး ရဲတပ်ဖွဲ့(လူကုန်တား)မှ သိရသည်။
ဖြစ်စဉ်မှာ FMI City တွင် နေထိုင်နေသည့် တရုတ်နိုင်ငံသူ Ms, Chen Siyi နှင့်အတူ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဆဒုံမြို့နေ မဘောက်ဆိုင်းနှင့် နေပြည်တော်၊ ဇေယျာသီရိမြို့နယ်နေ သန့်ဇင်ထက်တို့ ၃ ဦးကို တရုတ်နိုင်ငံသို့ လိုင်စင် မရှိဘဲ အလုပ်လုပ်ကိုင်ရန် လူစုဆောင်းကာ ပေးပို့မှုကြောင့် ပြည်ပ အလုပ်အကိုင်ဆိုင်ရာ ဥပဒေဖြင့် ဖမ်းဆီး စစ်ဆေး နေခြင်း ဖြစ်သည်။
Ms, Chen Siyi ၏ ရည်းစားဖြစ်သူ တရုတ်နိုင်ငံသား Mr, Hu Yun Fei မှာလည်း ထိုကိစ္စတွင် ပါဝင်ပြီး ၎င်းကိုလည်း အမှုဖွင့်လှစ်ထားပြီး ယနေ့ အထိ ဖမ်းဆီးရမိမှု မရှိသေးကြောင်း လူကုန်တားရဲတပ်ဖွဲ့၏ လှိုင်သာယာရဲစခန်းသို့ အမှုဖွင့် တိုင်တန်းချက်များ အရ သိရသည်။
လူကုန်တားရဲတပ်ဖွဲ့မှ တာဝန်ရှိသူတဦးက “မမိသေးတဲ့ တရုတ်နိုင်ငံသားက မြန်မာပြည်ကို မကြာခဏ ဝင်လာနေကြပါ။ သူ့ရဲ့ နိုင်ငံကူးလက်မှတ်တွေပါ ကျနော်တို့ ရရှိထားပြီးပါပြီ။ သူ့ကို မြန်မာပြည်ထဲမှာ ရှိနေသေးတယ် ဆိုရင်တော့ ကျနော်တို့ မကြာခင် မိမှာပါ။ လေဆိပ်တွေ၊ နိုင်ငံကူးဂိတ်တွေဆီ ကျနော်တို့ ပေးပို့ အကြောင်းကြားထားပြီးပါပြီ” ဟု ဆိုသည်။
FMI City တွင်နေထိုင်နေသည့် Ms, Chen Siyi၊ မန်နေဂျာဖြစ်သူ မဘောက်ဆိုင်းနှင့် အကျိုးဆောင်ဖြစ်သူ သန့်ဇင်ထက် တို့သည် အမျိုးသမီး ၁၀ ဦးကို တရုတ်နိုင်ငံနှင့် စင်္ကာပူနိုင်ငံတို့တွင် သက်ကြီးရွယ်အိုများ စောင့်ရှောက်ရန်နှင့် ကလေးထိန်း အလုပ် လုပ်ကိုင်ရန်ဟုဆိုကာ တလလျှင် ကျပ် ၁၂ သိန်းအထိ ရရှိမည်ဖြစ်ကြောင်း၊ စုဆောင်းနေသည့် နေအိမ်တွင် နေထိုင်စဉ် နေစရိတ်၊ စားစရိတ်များကို Ms, Chen Siyi မှသာ ကျခံစေပြီး အကျိုးဆောင်ခအဖြစ် လစာ၏ ၄ လစာကို ဖြတ်တောက်မည် ဖြစ်ကြောင်း ပြောဆို စုဆောင်းခဲ့သည်ဟု လူကုန်တားရဲတပ်ဖွဲ့၏ တိုင်တန်းချက် စာများအရ သိရသည်။
သို့သော် စုဆောင်းထားသူ ၁ဝ ဦးထဲမှ ပဲခူးတိုင်း ဒေသကြီး အတွင်းရှိ အသက် ၂၅ နှစ်အရွယ် မမြင့်မြင်သန်း (အမည်လွှဲ) သည် အဆိုပါ FMI City အတွင်းရှိ Ms, Chen Siyi ၏ နေအိမ်တွင် နေထိုင်စဉ် စကားပြော အဆင်မပြေရာမှ မမြင့်မြင့် သန်းကို Ms, Chen Siyi နှင့် သန့်ဇင်ထက်တို့မှ ခါးပတ်၊ ဖိနပ်တို့ဖြင့် ရိုက်နှက်မှုကြောင့် ထွက်ပြေးလာပြီး လူကုန်တား ရဲတပ်ဖွဲ့နှင့် ချိတ်ဆက် တိုင်ကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
လူကုန်တားရဲတပ်ဖွဲ့မှ သတင်းရသည့်အခါ အဆိုပါနေအိမ်သို့ သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များနှင့်အတူ ဝင်ရောက် ရှာဖွေရာ အဆိုပါနေအိမ်တွင် တရုတ်ပြည်သို့ ပို့ဆောင်ရန် ချိတ်ဆက်ထားသည့် လက်ကိုင်ဖုန်းများ၊ နိုင်ငံကူး လက်မှတ် များ နှင့်အတူ မြန်မာနိုင်ငံသူ အမျိုးသမီး ၉ ဦးတို့ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း၊ လိုင်စင်မရှိဘဲ ပြည်ပသို့ အလုပ်လုပ်ကိုင်ရန် လူစုဆောင်းခဲ့သည့်အတွက် ပြည်ပ အလုပ်လုပ်ကိုင်ဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လူကုန်တားရဲတပ်ဖွဲ့မှ တာဝန်ရှိသူတဦး က “ကျနော်တို့နိုင်ငံနဲ့ တရုတ်နိုင်ငံက အလုပ်လုပ်ကိုင်မှုဆိုင်ရာ နားလည်မှု စာချွန် လွှာ လက်မှတ်ရေး မထိုးထားတော့ တရားဝင် အလုပ်လုပ်ဖို့ လူပို့လို့ မရဘူး။ မလေးရှား၊ ထိုင်းတို့နဲ့က ကျနော်တို့က လက်မှတ်တရားဝင် ထိုးထားတယ်။ နောက်တခုက တရုတ်ပြည်မှာ အလုပ်လုပ်ရမယ်ဆိုပြီး မြန်မာမိန်းကလေးတွေကို ခေါ်သွား၊ ဟိုရောက်မှ တရုတ်မယား လုပ်ခိုင်းတဲ့ ဖြစ်စဉ်တွေကလည်း အများအပြားပဲ” ဟု ဆိုသည်။
ထို့အပြင် ၎င်းက “ဟိုရောက်မှ ဘာဖြစ်လာမလဲဆိုတာ ဘယ်သူက အတိအကျ သိရမှာလဲ။ ဒါပေမယ့် အခုအမှုမှာတော့ ကျနော်တို့ရဲ့ စစ်မေးချက်တွေအရ တရုတ်မယား လုပ်ခိုင်းဖို့ဆိုပြီး အတိအလင်းပြောကာ လူစုဆောင်းတာ မဟုတ်တော့ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေနဲ့ ကျနော်တို့က အမှုဖွင့်လို့မရဘူး။ လိုင်စင်မရှိဘဲ ပြည်ပပို့တဲ့ဥပဒေနဲ့ပဲ ကျနော် တို့က အမှုဖွင့်ထားလိုက်ရတယ်” ဟု ဆက်ဆိုသည်။
လိုင်စင်မရှိဘဲ ပြည်ပသို့ အလုပ်သမားများ စုဆောင်းပေးပို့မှုသည် ပြစ်မှုထင်ရှားလျှင် ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်နိုင်ပြီး ငွေဒဏ်တရပ်ရပ်ကိုလည်း ချမှတ်နိုင်သည့် အပြင် ဒဏ် ၂ ရပ်လုံးကိုလည်း ချမှတ်နိုင်သည်။
မြန်မာတနိုင်ငံလုံးတွင် ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအတွင်း လူကုန်ကူးမှု ၂ဝ၈ မှုအထိ ဖြစ်ပျက်ခဲ့ပြီး ရန်ကုန်တိုင်းနှင့် ရှမ်းပြည်နယ်တို့သည် လူကုန်ကူးမှု အများဆုံး ဖြစ်ပွားရာ ဒေသများဖြစ်ကြောင်း လူကုန်တားရဲတပ်ဖွဲ့၏ မှတ်တမ်းများအရ သိရသည်။
ဆက်စပ်ဖတ်ရှုရန်
လူကုန်ကူးမှု ဂယက်ကြောင့် ကျားဖောင်လုပ်သားတချို့ မိသားစုက ပြန်လည်ခေါ်မှုများ ရှိလာ
ထိုင်ဝမ်အဆိုတော်အဖွဲ့ S.H.E ရဲ့ ၁၇ နှစ်ပြည့် နှစ်ပတ်လည် ဖျော်ဖြေပွဲကျင်းပ
အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်သည့် အမှုအရေအတွက် တိုးလာ ဟုဆို