ရေပေးဝေရေး လုပ်ငန်းတွင် ရေခိုးသွယ်ခြင်းများ အပါအဝင် ရေလေလွင့်ဆုံးရှုံးမှုများ လျော့ကျစေရေးအတွက် ဂျပန်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုများ စတင်နေပြီ ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (YCDC)မှ သိရသည်။
ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက “ဖူကူအိုကာကို ရေကိစ္စ ဘာလို့ အားကိုးလည်းဆိုတော့ ကမာ္ဘပေါ်မှာ ရေအလေအလွင့် ၂ ရာခိုင်နှုန်းလောက်ပဲ ရေအလေအလွင့် ရှိတဲ့ မြို့ဟာ ဖူကူအိုကာ တမြို့တည်း ရှိတယ်။ ကျနော်တို့မှာ ရေစနစ်တကျ မရှိသေးဘူး လေလွင့်ဆုံးရှုံးမှု များတယ်။ ရေကို စနစ်တကျ ဘာလို့ ဖြစ်စေချင်လည်း ဆိုရင် နောက်ပိုင်း အထပ်မြင့် အဆောက်အအုံတွေလည်း လာလိမ့်မယ်။ နောက်ကလိုက်ရမှာက ရေနဲ့မီးနဲ့ လိုက်ရမှာ” ဟု ဒီဇင်ဘာလ ၉ ရက်နေ့က မြို့တော်ခန်းမတွင် ပြုလုပ်သည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် မီဒီယာများ တွေ့ဆုံပွဲတွင် ပြောကြားသည်။
လက်ရှိ ရန်ကုန်တိုင်းဒေသကြီးတွင် ရေလေလွင့်ဆုံးရှုံးမှုမှာ ၄၅ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်း အကြားတွင် ရှိနေခြင်းကြောင့် ရေလေလွင့်ဆုံးရှုံးမှုကို လျှော့ချနိုင်ရန်အတွက် ဂျပန်နိုင်ငံနှင့် နားလည်မှုစာချွန်လွှာ MOC ကို ဒီဇင်ဘာလ ၇ ရက်နေ့က ရန်ကုန်မြို့တော် မြို့တော်ခန်းမတွင် လက်မှတ်ရေးထိုးခဲ့သည်။
ရန်ကုန်မြို့ရှိ မြို့နယ်များတွင် စစ်တမ်းကောက်ယူမှုများလည်း ပြုလုပ်နေပြီး စည်ပင်သည် အိမ်သုံး ရေမီတာ တယူနစ် ၈၈ ကျပ်ဖြင့် ကောက်ခံပြီး စီးပွားသုံး တယူနစ် ၁၂၀ ကျပ်ဖြင့် ကောက်ခံလျက်ရှိကြောင်း YCDC မှ သိရသည်။
မြို့တော်ဝန် ဦးမောင်မောင်စိုးက “အလွဲသုံးစားမှု ရေဖောက်ခိုးသုံးတာတို့ကို ထိန်းချင်တာ။ အခုက ဈေးကလည်း ၈၈ ကျပ်၊ ပိုက်ဆံ မပေးဘဲ ယူထားတာကလည်း တဝက်လောက် ယူထားတယ်။ အကုန်လုံး ပိုက်ဆံပေးရင် နိုင်ငံတော် ဘက်ဂျက်လည်း ကာမိမယ်။ လူထုအတွက်လည်း ဒီပိုက်ဆံတွေနဲ့ သုံးလို့ရမယ်” ဟုဆိုသည်။
အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) လက်ထောက်ဌာနမှူး ဒေါ်သွဲ့နိုင်ဦးကလည်း “တချို့ရေမီတာတွေ ပျက်နေတာ ရှိတယ်။ တချို့ရေမီတာ တက်မထားဘဲနဲ့ ပုံသေနှုန်းနဲ့ ကောက်နေတာတွေ ရှိတယ်။ နောက်ပြီး ပိုက်ပေါက်တာတွေ ရှိတယ်။ အဲဒါတွေကို ပြန်ပြီးတော့ ကောင်းမွန်အောင် ဌာနက နေပြီးတော့လည်း လုပ်နေတယ်။ ရေလေလွင့်မှုကို လျှော့ချဖို့ အတွက် နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့လည်း ပူးပေါင်းပြီးတော့ လုပ်နေတယ်” ဟု ပြောသည်။
ဖူကူအိုကာမြို့နှင့် ရန်ကုန်မြို့တော်တို့သည် ညီအစ်မမြို့အဖြစ် ၂၀၁၆ ခုနှစ်ကတည်းက သဘောတူညီချက် လက်မှတ်ရေးထိုးထားခဲ့ခြင်းဖြစ်သည်။
ထို့အပြင် ဖူကူအိုကာနှင့် ရန်ကုန်မြို့တော်အကြားတွင် ရေပေးဝေရေးအပြင် အမှိုက်စွန့်ပစ်ရေးကိုပါ MOC လက်မှတ် ထိုးခဲ့ခြင်း ဖြစ်သည်။ ရန်ကုန် – ဖူကူအိုကာ ညီအစ်မဆက်ဆံရေး ၃ နှစ်ပြည့် အဖြစ် မီးထွန်းပွဲတော် Fukuoka Fantasy ကိုလည်း မဟာဗန္ဓုလပန်းခြံ၌ ဒီဇင်ဘာလ ၇ ရက်နေ့မှ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့ အထိ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
You may also like these stories:
၂၀၁၉ ခုနှစ်အတွက် နေထိုင်ဖို့ အဆိုးရွားဆုံး မြို့ ၁၀ မြို့စာရင်းမှာ ရန်ကုန်မြို့ ပါဝင်
Master Plan အားနည်းချက်ကြောင့် ဘဏ္ဍာငွေများ ဆုံးရှုံးနေဟု ရန်ကုန်မြို့တော်ဝန် ဝန်ခံ