ရိုဟင်ဂျာ ဟု ကိုယ့်ကိုယ်ကိုယ်ခေါ်ဆိုပြီး ဘင်္ဂါလီဟု မြန်မာအများစုက ခေါ်သော ရခိုင်မြောက်ပိုင်းနေ မွတ်ဆလင်များကို နှိပ်စက်မှုအတွက် မြန်မာနိုင်ငံကို ကုလသမဂ္ဂ၏ အပြည်ပြည်ဆိုင်ရာ တရားရုံး(ICJ) တွင် တရားစွဲဆိုခဲ့ခြင်းကြောင့် ဂမ်ဘီယာ အစိုးရကို ကျေးဇူးတင်ကြောင်း စစ်သွေးကြွအုပ်စုတခုဖြစ်သည့် ရခိုင် ရိုဟင်ဂျာကယ်တင်ရေးတပ်မတော်(ARSA) ခေါင်းဆောင်က ပြောကြားခဲ့သည်။
ပြီးခဲ့သည့် လအတွင်းတွင် ဂမ်ဘီယာနိုင်ငံက အစ္စလမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(OIC) ၏ ကိုယ်စား ICJ တွင် တရား စွဲဆိုခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံက ရိုဟင်ဂျာခေါ် ဘင်္ဂါလီ မွတ်ဆလင်များအပေါ်တွင် လူမျိုးတုန်းသတ်ဖြတ်ခဲ့သည်ဟု စွပ်စွဲထားသည်။
ဒီဇင်ဘာလ ၈ ရက်နေ့က အွန်လိုင်းတွင် တင်ခဲ့သော ဗီဒီယို သတင်းစကားတခုတွင် ARSA ဦးစီးချုပ် Ataullah abu Ammar Jununi က “ ကျနော့် အနေနဲ့ ဂမ်ဘီယာအစိုးရကို ကျေးဇူးတင်ချင်ပါတယ်။ ရိုဟင်ဂျာတွေ အပေါ်မှာ လူမျိုးတုန်း သတ်ဖြတ်တဲ့ မြန်မာစစ်တပ်နဲ့ အကြမ်းဖက် အစိုးရတို့ရဲ့ ဆက်လက်ပြုလုပ်နေဆဲ နှိပ်စက်မှုတွေကို မြင်တွေ့နားလည်ခဲ့တာ ဂမ်ဘီယာ အစိုးရပဲ ဖြစ်ပါတယ်။ သူတို့က အခြေအနေကို နားလည်ရုံသာမက ICJ မှာ အမှုဖွင့်တိုင်ကြားပေးခဲ့ပါတယ်။ သူတို့ကို အလေးအနက် ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်” ဟု အင်္ဂလိပ်ဘာသာဖြင့် စာတန်းထိုးပေးထားသည့် ဗီဒီယိုဖိုင်တွင် ပြောသည်။
ရိုဟင်ဂျာခေါ် ဘင်္ဂါလီများအတွက် နေ့ရော ညပါ အလုပ်လုပ်ပေးခဲ့သည့် အတွက် ကမာ္ဘတလွှားမှ တက်ကြွလှုပ်ရှားသူများနှင့် နိုင်ငံရေးသမားများကိုလည်း Ataullah abu Ammar Jununi က ကျေးဇူးတင်ခဲ့သည်။ စစ်မှန်သော စီရင်ချက်တခု အတွက် အလုပ်လုပ်ကြရန်လည်း သူက တိုက်တွန်းလိုက်သည်။
၂၀၁၇ နှောင်းပိုင်းတွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်သည့် အစိုးရ၏ အကြံပေးကော်မရှင် က ၎င်းတို့၏ အစီရင်ခံစာနှင့် ရခိုင်ပြဿနာကို ဖြေရှင်းရန် အကြံပေးချက်များကို ထုတ်ပြန်ခဲ့ပြီး နာရီပိုင်းအတွင်းတွင် ရဲတပ်ဖွဲ့ ကင်းစခန်းများကို ARSA က တိုက်ခိုက်ခဲ့သည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များ ကျဆုံးခဲ့သည်။
ပြဿနာကို ဖြေရှင်းရန် အားထုတ်မှုများပြုလုပ်သည့်တိုင် လက်တွေ့မြေပြင်မှ အခြေအနေများက အကြမ်းဖက်တိုက်ခိုက်မှုများ ပေါ်ပေါက်ခဲ့ပြီး နောက်ပိုင်းတွင် ချက်ချင်းဆိုးရွားသွားခဲ့သည်။ ကိုဖီအာနန် ဦးဆောင်သော ကော်မရှင် တည်ထောင် ပြီး တလခန့်သာကြာသည့် ၂၀၁၆ ခုနှစ် အောက်တိုဘာလတွင် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ကို အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်မှာလည်း အလားတူအဖွဲ့ပင် ဖြစ်သည်။
တိုက်ခိုက်မှုများနှင့် နောက်ဆက်တွဲဖြစ်ပေါ်လာသည့် တပ်မတော်၏ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးများက ထိခိုက်ပျက် စီးမှုများကို ကြီးမားစေခဲ့ပြီး လူ ၇၀၀၀၀၀ ကျော် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးခဲ့ကြရသည်။ အရပ်သား အမြောက်အများသေဆုံးခဲ့ရပြီး အများစုမှာ မွတ်ဆလင်များဖြစ်သည်။
ARSA ခေါင်းဆောင်က ဒုက္ခသည်များကို မြန်မာ့တပ်မတော်နှင့် အစိုးရတို့၏ ထောင်ချောက်နှင့် ICJ သို့ပေးသည့် သက်သေ ထွက်ဆိုချက် အမှားများအတွင်းသို့ မဝင်မိကြရန် ပြောခဲ့သည်။
“နောက်ဆုံးအနေနဲ့ ကျနော်ရဲ့ ညီအစ်ကိုတွေကို သတိပေးချင်တာကတော့ ရခိုင်ပြည်က ကျနော်တို့ရဲ့ ဘိုးဘွားပိုင် အမိမြေ ဖြစ်ပါတယ်။ ကျနော်တို့ အားလုံးက ရခိုင်ပြည်ကို ပိုင်ဆိုင်သူတွေဖြစ်ကြပါတယ်။ ကျနော်တို့နဲ့ ထိုက်တန်တဲ့ အခွင့်အရေးတွေကို ရရှိဖို့ ဘယ်လိုနည်းနဲ့ ဖြစ်စေ ကျနော်တို့ လုပ်ကြရပါမယ်” ဟု Ataullah abu Ammar Jununi က ဗီဒီယိုထဲတွင် ပြောသည်။
(San Yamin Aung ၏ Rohingya Insurgent Chief Praises Gambia’s Genocide Charges Against Myanmar ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)
You may also like these stories:
လူမျိုးသုဉ်း သတ်ဖြတ်မှု မမြောက်ကြောင်း ICJ တွင် ဒေါ်အောင်ဆန်းစုကြည် လျှောက်လဲ
ICJ တရားရုံး၌ နှစ်ဖက် လျှောက်လဲချက် အပေါ် အမြင်များ
မြန်မာနှင့်ဆက်စပ်သောကြောင့် ဂျပန်ဘီယာ၏ အမေရိကန်တိုးချဲ့ရေး ခြိမ်းခြောက်ခံနေရ