ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဦးရဲသိန်းမှာ ယမန်နေ့ညက ပျောက်ဆုံးသွားကြောင်း သတင်း ရရှိသည်။
NLD ပါတီ စစ်တွေခရိုင် ဥက္ကဋ္ဌ ဦးသင်္ခါကျော်က “သူက ပါတီရုံးမှာ ညအိပ်နေကျလို့ ပြောတယ်။ ဒီနေ့ မနက် ပါတီဝင်တွေ ရုံးကိုသွားတော့ ရုံးကိုလည်း အိပ်ဖို့ မရောက်လာဘူး။ အိမ်ကို သွားကြည့်တော့လည်း အိမ်မှာလည်း မရှိဘူးလို့ ပြောတယ်။ ဘယ်လို ဖြစ်တယ်ဆိုတာ အတည်မပြုနိုင်သေးဘူး။ လောလောဆယ် ပျောက်နေတယ်၊ ဒီလောက်ပဲ သိရသေးတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ယနေ့ မနက်ပိုင်း၌ ဘူးသီးတောင်မြို့နယ်ရှိ NLD ပါတီဝင်များ ဦးဆောင်ကာ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ )တွင် သွားရောက် ဖြေရှင်းနေသော ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံကြို ဆိုပွဲ လုပ်မည့်ဆဲဆဲတွင် ယခုကဲ့သို့ မြို့နယ် ပါတီ ဥက္ကဋ္ဌ ပျောက်ဆုံးနေခြင်း ဖြစ်သည်။
မြို့နယ် ပါတီဥက္ကဋ္ဌ ဦးရဲသိန်း ပျောက်ဆုံးခြင်းနှင့် ပတ်သက်ပြီး အသေးစိတ် သိရှိနိုင်ရန် ဘူးသီးတောင်မြို့နယ် ရဲတပ်ဖွဲ့မှူး ရုံးသို့ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပေ။
ဦးရဲသိန်း ပျောက်ဆုံးခြင်းနှင့် ပတ်သက်ပြီး ဧရာဝတီမှ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးကြီး မောင်မောင်စိုးအား ဆက်သွယ်မေးမြန်းခဲ့ရာ ဟုတ်မှန်ကြောင်း အတည်ပြုပြောဆိုခဲ့သည်။
ဆက်စပ်ဖတ်ရှု့ရန် –
ဦးဝှေ့တင်း လွတ်မြောက်ရေး လွှတ်တော်တွင် စတင် တောင်းဆို