ကချင်ပြည်နယ်တွင် ဘိန်းအစားထိုး အဖြစ် တရုတ် တစ်ရှုးငှက်ပျော စိုက်ပျိုးနေခြင်းကို စနစ်တကျ စိုက်ပျိုးရန်နှင့် အခွန် ဘဏ္ဍာရရှိရန် လိုအပ်ကြောင်း ယနေ့ အမျိုးသားလွှတ်တော်၌ လွှတ်တော် ကိုယ်စားလှယ်များက တိုက်တွန်း ဆွေးနွေးကြ သည်။
တရုတ် တစ်ရှုးငှက်ပျော စိုက်ပျိုးခြင်းကို စနစ်တကျ စိုက်ပျိုးရန်နှင့် အခွန်ဘဏ္ဍာငွေ ရရှိရန်အတွက် ဌာနအသီးသီး အနေ ဖြင့် ဟန်ချက်ညီညီ ပါဝင်ရန်လိုကြောင်း ပဲခူးတိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ် ၁ မှ ဒေါက်တာ ဆန်းမောင်မောင်က လွှတ်တော်တွင် ပြောဆိုခဲ့သည်။
ကချင်ပြည်နယ်တွင် တစ်ရှုးငှက်ပျောကို ဘိန်းအစားထိုး သီးနှံအဖြစ် ၂၀၀၆–၂၀၀၇ ခုနှစ်က စတင် စိုက်ပျိုးလာခဲ့ပြီး စတင် စိုက်ပျိုးချိန်တွင် ဧက ၁ သောင်းကျော်သာ ရှိသော်လည်း ယခုအချိန်တွင် ဧက ၁ သိန်းကျော် စိုက်ပျိုးနေပြီ ဖြစ်ကြောင်း၊ စိုက်ပျိုးလုပ်ကိုင်နေသည့် ကုမ္ပဏီ ၃၀ ကျော်မှာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) ခွင့်ပြုချက်မရှိဘဲ စိုက်ပျိုး နေခြင်း ဖြစ်ကြောင်း ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၃ မှ ဦးဇယ်ခေါင် က ဆိုသည်။
၎င်းက “တရုတ် ကုမ္ပဏီများသည် ဒေသခံ တောင်သူများနှင့် တိုက်ရိုက် ရောင်းဝယ် ငှားရမ်းပြီး စာချုပ်ချုပ်ကာ စိုက်ပျိုးနေ တာလည်း ရှိပါတယ်” ဟု ပြောသည်။
ကချင်ပြည်နယ် ဒေသတွင် မကဘဲ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် တိုးချဲ့စိုက်ပျိုးလာသည့် တရုတ် တစ်ရှုး ငှက်ပျောများ စိုက်ပျိုးရာတွင် ပိုးသတ်ဆေးများ၊ ဓာတ်မြေသြဇာများ အလွန်အကျွံသုံး၍ စိုက်ပျိုးနေသဖြင့် ဒေသခံ ပြည်သူ များ ကျန်းမာရေး ထိခိုက်ခြင်း၊ သစ်တောများ ပြုန်းတီးခြင်း အစရှိသဖြင့် ဘေးထွက်ဆိုးကျိုးများကို လွှတ်တော် ကိုယ်စား လှယ်များက ထောက်ပြဆွေးနွေးခဲ့ကြသည်။
ယင်းသို့ စိုက်ပျိုးရေး လုပ်ငန်းမှ ရင်းနှီးမြှုပ်နှံမှုများကို စနစ်တကျ ကွပ်ကဲရန်နှင့် ရေရှည်တွင် ဖြစ်ပေါ်လာမည့် ဘေးထွက် ဆိုးကျိုးများကို ကြိုတင် တားဆီးနိုင်ရန် လိုအပ်ကြောင်းကိုလည်း ဒေါက်တာ ဆန်းမောင်မောင်က ပြောသည်။
တပ်မတော်သား အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူး ဇဝနကလည်း “ရသင့်ရထိုက်တဲ့ အခွန်ရရှိပြီး သက်ဆိုင် တဲ့ ဌာန အသီးသီးတို့ကလည်း ဟန်ချက်ညီညီ ပါဝင်လုပ်ဆောင်နိုင်ကြတဲ့ ထိရောက်တဲ့ မူဝါဒ လမ်းညွှန်မှုများ စီမံချက် တရပ်ကို အမြန်ဆုံး ဘက်ပေါင်းစုံ၊ ရှုထောင့်မျိုးစုံက အကောင်အထည်ဖော် ဆောင်ရွက်ကြဖို့ အကြံပြုလိုပါတယ်” ဟု ပြော သည်။
ပိုးသတ်ဆေးများ၊ ဓာတ်မြေသြဇာများ အလွန်အကျွံ သုံး၍ စိုက်ပျိုးသည့် နည်းစနစ်မှ Organic (အော်ဂဲနစ်) စနစ်ဖြင့် စိုက် ပျိုး၍ ရကြောင်း၊ ယခုစိုက်ပျိုးနေသည့် တစ်ရှုးငှက်ပျော၏ ပျိုးပင်များကို တရုတ်နိုင်ငံက မှာရခြင်းဖြစ်သဖြင့် နိုင်ငံအတွင်း တစ်ရှုးငှက်ပျော ပျိုးပင်ပေါက် ထုတ်လုပ်နိုင်သည့် နည်းစနစ်များ ပြုလုပ်ရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။
ဗိုလ်မှူး ဇဝနက “အသုံးပြုမယ့် ပိုးသတ်ဆေးနဲ့ ဓာတ်မြေသြဇာတွေရဲ့ ဘေးထွက် ဆိုးကျိုးတွေကြောင့် မြေထု၊ ရေထု၊ လေ ထု နဲ့ ပတ်ဝန်းကျင်ရှိ လူပုဂ္ဂိုလ် အဖွဲ့အစည်းများ အသုံးပြုခဲ့သည့် ဓာတ်မြေသြဇာတွေကြောင့် အမှန်တကယ် သုံးသူများ အတွက်လည်း ဘေးထွက်ဆိုးကျိုးများ ရှိမရှိကို စဉ်းစားရန် လိုအပ်ပါတယ်” ဟု ပြောသည်။
ဒီဇင်ဘာ ၄ ရက်က ကျင်းပသည့် အမျိုးသား လွှတ်တော်တွင် ကချင်ဒေသ၌ တရုတ် တစ်ရှုးငှက်ပျောများကို စည်းကမ်းတ ကျ ထိန်းချုပ်နိုင်ရန်၊ ဘေးထွက်ဆိုးကျိုးများကို ကြိုတင် တားမြစ်နိုင်ရန်၊ ရသင့်သည့် အခွန်ဘဏ္ဍာများ ရရှိစေနိုင်ရန် ဌာန ဆိုင်ရာ အားလုံး ဟန်ချက်ညီညီ ပါဝင်ရေး အစိုးရကို တိုက်တွန်းကြောင်း အဆိုတခုကို ကချင်ပြည်နယ် အမျိုးသား လွှတ် တော် ကိုယ်စားလှယ် ဒေါက်တာ ခွန်ဝင်းသောင်း တင်သွင်းခဲ့ခြင်း ဖြစ်သည်။
ယင်းအဆိုကို လွှတ်တော် ကိုယ်စားလှယ် ၁၄ ဦးက ဆွေးနွေးကြမည် ဖြစ်ပြီး ယနေ့ ကိုယ်စားလှယ် ၅ ဦး ဆွေးနွေးကာ ကျန်သည့် ကိုယ်စားလှယ်များက နောက်ရက် ကျင်းပမည့် လွှတ်တော် အစည်းအဝေးတွင် ဆက်လက် ဆွေးနွေးကြမည် ဖြစ်သည်။
တရုတ်နိုင်ငံသားများသည် မြေများကို အနည်းဆုံး ၆ နှစ် စာချုပ်ဖြင့် ငှားရမ်းကြပြီး တနှစ်၊ ၂ နှစ်စာ ငွေချေကြောင်း၊ တနှစ် လုံး ငှားရမ်းပါက တောထဲမှမြေဆိုလျှင် တဧက ကျပ် တသိန်း ရှစ်သောင်းရပြီး လက်ရှိ လုပ်ကိုင် စားသောက်နေသည့် မြေ ဖြစ်ပါက တဧက ကျပ် ၄ သိန်း အထိ ငှားရမ်းခ ရကြကြောင်း ဒေသခံများက ပြောသည်။
ကချင်ပြည်နယ်တွင် စတင်ခဲ့သည့် တရုတ် တစ်ရှုးငှက်ပျောစိုက်ပျိုးသည့် လုပ်ငန်းများသည် တစနှင့်တစ ပိုမို ကျယ်ပြန့် လာနေပြီး ယခုအခါ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်များအထိ ယင်းငှက်ပျောများ စိုက်ပျိုးနိုင်ရေး ကြိုးပမ်းမှု များ ရှိလာကြောင်း သတင်း ရရှိသည်။
ဆက်စပ်ဖတ်ရှုရန်
ဥပဒေ ချိုးဖောက်သည့် ငှက်ပျောစိုက် ကုမ္ပဏီကို အရေးမယူဘဲ တရားဝင် မြေလျှောက်ခွင့်ပြု
ကချင်ဒေသ တစ်သျှူးငှက်ပျော စိုက်ပျိုးမှု ထိန်းချုပ်ရေးအဆို လွှတ်တော် လက်ခံ