နယ်သာလန်နိုင်ငံ သဟိဂ်မြို့ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ၌ ၃ ရက်တာ ကြားနာမှု၏ နောက်ဆုံးနေ့ အဖြစ် ဒီဇင်ဘာ ၁၂ ရက် ဒေသစံတော်ချိန် နံနက် ၁၀ နာရီမှ ၁၁ နာရီခွဲထိ ဂမ်ဘီယာနိုင်ငံဘက်က လျှောက်လဲချက် ပေးခဲ့သည်။
ယနေ့ ဒုတိယအကျော့ နှုတ်ဖြင့်ကြားနာမှုတွင် ဂမ်ဘီယာဘက်က ယမန့်နေက တင်ပြသွားသော မြန်မာဘက်မှ လျှောက်လဲချက်များကို တချက်ချင်း ပြန်လည် တုန့်ပြန်ချေပသွားသကဲ့သို့ မြန်မာသည် လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်ကြောင်း အချက် ၇ ချက်ဖြင့် လျှောက်ထားစွပ်စွဲခဲ့ပြီး ကြားဖြတ်အစီအမံ (Provisional Measure) တခု ချမှတ်ပေးရန် တောင်းဆိုခဲ့သည်ကိုလည်း တွေ့ရသည်။
ဂမ်ဘီယာနိုင်ငံဘက်မှ ရှေ့နေ မစ္စတာ ပေါလ်ရိုက်ခလာက မြန်မာအဖွဲ့ လျှောက်လဲချက်အပေါ် အချက် ၇ ချက်ဖြင့် ထပ်မံတင်ပြ၍ လူမျိုးသုဉ်း သတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း လျှောက်လဲချက်ပေးခဲ့ခြင်း ဖြစ်သည်။
နယ်မြေရှင်းလင်းရေး ဆောင်ရွက်ချက်များတွင် အလွန်ရက်စက်ခြင်း၊ တပ်မတော်၏ စနစ်တကျ ခြေမှုန်းဖျက်ဆီးရေး ဆောင်ရွက်ခဲ့ခြင်း၊ အမျိုးသမီးနှင့် မိန်းကလေးငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း၊ ရိုဟင်ဂျာများအပေါ် မြန်မာ တာဝန်ရှိသူများက လူမျိုးခွဲခြားဆက်ဆံခြင်း၊ နိုင်ငံသားဖြစ်မှုဥပဒေနှင့် နိုင်ငံသားစိစစ်ရေး လုပ်ငန်းစဉ်တွင် ခွဲခြားဆက်ဆံသည့် မူဝါဒများရှိနေခြင်းတို့ဟူ၍ ပြောကြားခဲ့သည်။
ထို့ပြင် ရိုဟင်ဂျာများနှင့် ပတ်သက်သည့် အမုန်းတရား ဖြန့်ချိနေမှုများကို အစိုးရက လျစ်လျူရှုထားခြင်း၊ လူအခွင့် အရေးနှင့် လူသားချင်းစာနာထောက်ထားမှု ဥပဒေများ ချိုးဖောက်မှုအား အစိုးရက စုံစမ်းစစ်ဆေးရန်၊ တရားစွဲရန် ပျက်ကွက်ခြင်းတို့လည်း ပါဝင်သည်ဟု ဆိုသည်။
ရှေ့နေ ပေါလ်ရိုက်ခလာက ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးမစ်ရှင် (FFM) ၏ အစီရင်ခံစာပါ အချက်အလက်များကို ကိုးကားသွားပြီး ယမန်နေ့က မြန်မာနိုင်ငံဘက်မှ ငြင်းဆိုခြင်းမရှိသည့် အချက်အလက်များကိုလည်း ထောက်ပြ သွားသည်။
ထို့ပြင် တပ်မတော်က အင်းဒင်ကျေးရွာရှိ ရိုဟင်ဂျာများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည့် ဓာတ်ပုံများကိုလည်း တရားရုံးခွင်၌ ပြသခဲ့ပြီး ယင်းသတင်းကို ဖော်ပြသည့် သတင်းထောက်များအား ထောင်ဒဏ်ချမှတ်ခဲ့မှုကိုလည်း ထည့်သွင်း လျှောက်ထားခဲ့သည်။
“ဒီဓာတ်ပုံကို ကမ္ဘာသိ ဖော်ပြသွားတဲ့အခါ ဖမ်းဆီးမှုတော့ လုပ်တယ်။ ဒါပေမယ့် ကျူးလွန်တဲ့သူကို ဖမ်းဆီးတာမဟုတ်ပါဘူး။ ဖော်ထုတ်တဲ့သူကို ဖမ်းဆီးတာ” ဟု ဂမ်ဘီယာရှေ့နေအဖွဲ့ ခေါင်းဆောင် ပေါလ်ရိုက်ခလာက ပြောကြားသည်။
ထို့ပြင် မြန်မာဘက်က ဒုက္ခသည်များ ဂုဏ်သိက္ခာရှိစွာ လုံခြုံစွာ နေရပ်ပြန်နိုင်ရေးအတွက် ဆောင်ရွက်နေသည် ဟူ၍ ပြန်လည်ထူထောင်ရေး ကိစ္စများကို ပြောခဲ့သော်လည်း အဆိုပါ အခြေအနေများသည် အတုယောင်များသာ ဖြစ်ကြောင်းလည်း ပြောဆိုသွားသည်။
ဂမ်ဘီယာ တရားရေးရာ ဝန်ကြီး မစ္စတာ အဘူဘာကာ တမ်ဘာဒူးကလည်း “လူကြီးမင်းတို့ အင်္ဂါနေ့နဲ့ ဒီမနက်က ကြားခဲ့သလိုပဲ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေရဲ့ အခြေအနေက သေရေးရှင်ရေး ဖြစ်နေပါတယ်။ ကုလအဖွဲ့အစည်း အသီးသီးနဲ့ လွတ်လပ်တဲ့ လူ့အခွင့်အရေး အဖွဲ့အစည်းတွေရဲ့ သက်သေတွေက ဒီလူတွေ ရင်ဆိုင်နေရတဲ့ လူမျိုးသုဉ်းသတ်ဖြတ်မှု ပြန်လည်ဖြစ်လာနိုင်တဲ့ အရေးတကြီး အခြေအနေကို ရှင်းရှင်းလင်း လင်း ဖော်ပြနေပါတယ်။ ဒီလူသားတွေရဲ့ အသက်ဟာ အန္တရာယ်ကြုံနေရပါပြီ” ဟု လျှောက်လဲပြောကြားခဲ့သည်။
ရှေ့နေ Pierre d’Argent ကလည်း ယမန်နေ့က မြန်မာဘက် လျှောက်လဲချက်တွင် ဂမ်ဘီယာနိုင်ငံအနေဖြင့် ကိုယ်တိုင် နစ်နာသည့် နိုင်ငံမဟုတ်သဖြင့် မြန်မာနိုင်ငံအပေါ် ICJ တွင် အမှုဖွင့်ခွင့်မရှိဟူသည့် အချက်နှင့် ပတ်သက်၍လည်း ရှင်း လင်းပြောကြားခဲ့ပြီး ဂမ်ဘီယာအနေဖြင့် အမှုဖွင့်ခွင့်ရှိကြောင်း၊ အဆိုပါအမှုကို ICJ သို့ သယ်ဆောင်လာသည်မှာ မှန်ကန်ကြောင်း လျှောက်ထားခဲ့သည်။
“ဂမ်ဘီယာက OIC အဖွဲ့ဝင်အနေနဲ့ စွဲတာဖြစ်တယ်။ ကိုယ်စားလှယ်အနေနဲ့ စွဲတာ မဟုတ်ဘူး။ ကုလသမဂ္ဂအဖွဲ့ဝင်အနေနဲ့ ဂမ်ဘီယာက ကိုယ်တိုင် ဆောင်ရွက်တာ ဖြစ်ပါတယ်။ OIC အနေနဲ့ မြန်မာကို အမှုဖွင့်ဖို့ ဖိအားမပေးခဲ့ဘဲ အဖွဲ့ဝင်နိုင်ငံများက တိုက်တွန်းခဲ့ခြင်းသာ ဖြစ်ပါတယ်။ ဒီအငြင်းပွားမှုက မြန်မာနဲ့ ဂမ်ဘီယာပဲ သက်ဆိုင်ပါတယ်။ OIC နဲ့ မသက်ဆိုင်ဘူး” ဟု လည်း ၎င်းက ပြောဆိုသွားသည်။
ယမန်နေ့က မြန်မာဘက်မှ လျှောက်လဲချက်တွင် ရခိုင်ထဲမှ လူများကို ဇာတိ လူမျိုး မခွဲဘဲ မွေးစာရင်းများ ထုတ်ပေး နေသလို ပညာရေးဆိုင်ရာများလည်း ထောက်ပံ့ပေးနေ ကြောင်း၊ ဒုက္ခသည်စခန်း ၃ ခုကိုလည်း ပိတ်နိုင်ခဲ့ကြောင်း၊ ရာဇဝတ်မှု ကျူးလွန်သူများကိုလည်း အပြစ်ပေး အရေးယူဆောင်ရွက်လျက်ရှိရာ ထိုဆောင်ရွက်ချက်များ လုပ်နေလျက်က ရခိုင်တွင် လူမျိုးသုဉ်း သတ်ဖြတ်မှု ရှိသည်ဟု ပြောနိုင်ပါ့မလားဟု မေးခွန်းထုတ်ခဲ့သည်။
ထို့ပြင် ဂမ်ဘီယာ၏ လျှောက်လဲထားချက်တွင် လူမျိုးသုဉ်း သတ်ဖြတ်သည့် ရည်ရွယ်ချက်နှင့် ပတ်သက်၍ တင်ပြရန် အကြီးအကျယ် ပျက်ကွက်နေသကဲ့သို့ ပီပီပြင်ပြင်လည်း ဖော်ပြနိုင်ခြင်းမရှိသောကြောင့် ကြားဖြတ်အစီအမံ မပေးရန် ငြင်းပယ်သင့်ကြောင်း လျှောက်ထားခဲ့သည်။
You may also like these stories:
လူမျိုးသုဉ်း သတ်ဖြတ်မှု မမြောက်ကြောင်း ICJ တွင် ဒေါ်အောင်ဆန်းစုကြည် လျှောက်လဲ
ICJ တရားရုံး၌ နှစ်ဖက် လျှောက်လဲချက် အပေါ် အမြင်များ
နိုင်ငံတကာ အမြင်လွဲမှားမှုများကို ဒေါ်အောင်ဆန်းစုကြည် ရှင်းပြနိုင်ဟု တပ်မတော်ပြော