ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ဖုံသာဝ ကျေးရွာအုပ်စု စိတ္တရ ရွာအတွင်း ပစ်ခတ်မှု ဖြစ်ပွားခဲ့ သဖြင့် ၂ ဦး သေဆုံးခဲ့ ကြောင်း သတင်း ရရှိသည်။
သေဆုံးသူများမှာ စိတ္တရ ကျေးရွာအုပ်ချုပ်ရေးမှူး ဖြစ်သူ ဦးဉာဏ်သိန်း(၄၂နှစ်)နှင့် ဒေါ်ဖြူဖြူ ဝင်း(၃၉နှစ်)တို့ ဖြစ်ပြီး ဒီဇင်ဘာလ ၁၁ ရက် ည ၁၁ နာရီ အချိန်ခန့်က ပစ်ခတ်ခံရခြင်း ဖြစ် ကြောင်း မိသားစုဝင် များက ပြောသည်။
အခင်းဖြစ်ပွားချိန်တွင် သေဆုံးသွားသည့် ကျေးရွာအုပ်ချုပ်ရေးမှူး၏ညီ ဖြစ်သူ ကိုအောင်ဘသိန်း မှာ ကျေးရွာအတွင်း ဆွေ မျိုးအိမ်တွင် ရောက်ရှိနေကြောင်း၊ အစ်ကို ဖြစ်သူ အိမ်ဘက်မှ ပစ်ခတ် သံကြားရသည့် အတွက် အိမ်သို့ လာရောက်စဉ် လမ်း၌ တပ်မတော်သားများနှင့် တွေ့ရာ ပြန် လှည့်ရန် ပြောဆိုသည့်အတွက် ပြန်လှည့်ခဲ့ရကြောင်း ၎င်းက ဆိုသည်။
ကိုအောင်ဘသိန်းက “မနေ့က ညက တပ်မတော်သား ၈၀ လောက်က ရွာကို လူစုခွဲပြီး ဝင်လာ တယ်။ ကျနော့် အစ်ကို အိမ်ရှေ့ရောက်တာနဲ့ စစ်သား ၃ ယောက်က အိမ်ထဲကို ဝင်လာတယ်။ အဲဒီ အချိန် အစ်ကိုလည်း ဖုန်းပြောနေတယ်လို့ ပြော တယ်။ အဲဒီအချိန်မှာ မင်းဘယ်သူနဲ့ ဖုန်းပြောနေ တာလဲဆိုပြီး သေနတ်ဒင်နဲ့ ရိုက်ပြီး ပစ်သတ်သွားတာလို့ ပြောတယ်။ ကျနော့် အမေကိုယ်တိုင် မြင်လိုက်တာ။ အဲဒီလိုမေးပြီး ကျနော့် အစ်ကို တခွန်းမှ ဖြေချိန် မရလိုက်ဘူးလို့ ပြောပြsတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ထိုသို့ ကျေးရွာအုပ်ချုပ်ရေးမှူး အိမ်ထဲမှ သေနတ်သံများကြားရသည့်အတွက် မျက်နှာချင်းဆိုင် နေအိမ်မှ ကလေး ၂ ဦး၏ မိခင် ဒေါ်ဖြူဖြူဝင်းမှာ တံခါးဖွင့်ကြည့်စဉ် တပ်မတော်သား များ လှမ်း၍ ပစ်ခတ်လိုက်ကြောင်း၊ ထိုသို့ ပစ်ခတ်လိုက်သည့် အတွက် ကျည်ဆန်ထိမှန်ပြီး ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်းလည်း ကျေးရွာသားများက ပြောကြသည်။
စိတ္တရကျေးရွာမှ အုပ်ချုပ်ရေးအဖွဲ့ဝင် တဦးက “မနေ့က ကျနော်က အိမ်မှာ အိပ်နေပါတယ်။ ရွာထဲကနေ သေနတ်သံတွေ ကြားလို့ နိုးလာတယ်။ ကျနော် ထကြည့်တာနဲ့ အိမ်ရှေ့မှာ စစ်သား တွေ ရောက်နေကြတယ်။ ကျနော့်ကို ၃၈၀ တပ်ရင်းမှူး ခေါ်တယ်ဆိုပြီး ဗိုလ်တယောက်နဲ့ ရွာသား တယောက် အိမ်ထဲဝင်ပြီး ခေါ်တယ်။ ကျနော် လိုက်သွားတော့ ခင်ဗျားတို့ အုပ်ချုပ်ရေးမှူးက ထွက်ပြေးလို့ ကျနော်တို့ လူတွေ ပစ်လိုက်တာမှာ ဒဏ်ရာရသွားတယ်၊ လှေ၂ စီး ရှာပေးပါဆိုလို့ ကျနော်သူ တို့ကို လှေရှာပြီး ချောင်းဟိုဘက်ကမ်းကို ပို့ပေးလိုက်ရပါတယ်။ ကျနော် ပြန်လာတဲ့ အခါ အုပ်ချုပ်ရေးမှူးက သေနေပြီ။ သူ တို့ သေနတ်နဲ့ ပစ်သွားတာ” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ ရွာထဲသို့ ဝင်ရောက်လာသော တပ်မတော် စစ်ကြောင်းမှာ မင်းပြား အခြေစိုက် အမှတ် (၃၈၀) တပ်ရင်းမှ ဖြစ်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူး နေအိမ်သို့ ရောက်ရှိနေသော ဖုံသာဝ ကျေး ရွာအုပ်စု၊ ကျောက်မော်ကျေးရွာ တာဝန်ခံ ဦးမောင်မဲ ချေ အပါအဝင် ကျေးရွာသား ၈ ဦးလည်း တပ်မတော်သားများ ဖမ်းဆီးခေါ်ဆောင်သွားကြောင်းလည်း ဒေသခံ ရွာသားများ က ပြောသည်။
ဖုံသာဝ ကျေးရွာအုပ်စုမှ အုပ်ချုပ်ရေး အဖွဲ့ဝင်တဦးက “မနေ့က အနီးအနားမှာ တိုက်ပွဲဖြစ်တော့ လူတွေက မနေရဲကြဘူး။ အုပ်ချုပ်ရေးမှူးအိမ်မှာ စုပြီး စကားပြောနေကြတာ။ ရွာက ဘုန်းကြီး လည်း သူ့အိမ်မှာ ရှိတယ်။ အဲဒီမှာ တပ်က ဝင်လာပြီး ပစ်တာ ကျောက်မော်ရွာက အုပ်ချုပ်ရေး တာဝန်ခံ ကိုမောင်မဲချေက တပ်က ပစ်ကတည်းက လက်မောင်းမှာ ဒဏ်ရာ ရသွား တယ်။ သူတို့ကို တပ်က ဒဏ်ရာနဲ့ ဖမ်းခေါ်သွားတာ။ အခု သူ့အလောင်းကို ချောင်းဟိုဘက်ကမ်းမှာ တွေ့တယ်လို့ ပြောသံကြားတယ်။ လူတွေလည်း တယောက်မှ သွားမကြည့်ရဲကြဘူး” ဟု ဧရာဝတီသို့ ပြောသည်။
မင်းပြားမဲဆန္ဒနယ်မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးလှအောင်သိန်းက “ရွာသားတွေ ပြောပြချက်အရတော့ ကျနော် လည်း ကြားပါတယ်။ ကျနော်ပြောချင်တာက တပ်မတော် စစ်ကြောင်းက သူ့အလုပ်နဲ့ သူလုပ်တယ်ဆိုပေမယ့် တကယ်လို့ သံသယရှိလို့၊ အပြစ်ရှိတယ် ထင် ရင် ဖမ်းဆီးပြီးတော့ ဥပဒေ အတိုင်း တရားစွဲလို့ ရတယ်။ အခုက တရားဝင် အဖွဲ့အစည်းတခု ဖြစ်ပြီးတော့ ဒီလို ပစ်သတ်လိုက်တာက သမိုင်းမှာ မေ့ပျောက်လို့ ရမှာ မဟုတ်တော့ဘူး။ ဒီလို ရက်ရက် စက်စက် မလုပ်သင့်၊ မလုပ်ထိုက်တဲ့ အလုပ်ကို လုပ်တယ်လို့ပဲ ကျနော်က ပြောချင်တယ်” ဟု ဧရာဝတီသို့ ပြောသည်။
မင်းပြားမြို့နယ် စိတ္တရွာသားများ ပစ်ခတ်ခံရမှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဧရာဝတီမှ အနောက်ပိုင်း တိုင်း စစ်ဌာနချုပ်မှ ပြော ခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူးကြီး ဝင်းဇော်ဦးအား ဆက်သွယ်မေးမြန်ခဲ့ရာ “ကျနော် ခရီးသွားနေလို့ အဲဒီကိစ္စကို သေချာ မသိသေး ဘူးဗျ” ဟု ပြန်လည် ပြောဆိုခဲ့သည်။
တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကလည်း အဆိုပါ စိတ္တရကျေးရွာ ဖြစ်စဉ်အား ၎င်း အနေဖြင့် မသိရှိကြောင်း ဧရာဝတီသို့ ပြောသည်။
လက်ရှိ အချိန်တွင် သေဆုံးသွားသည့် စိတ္တရ ကျေးရွာနေ ဖုံသာဝ ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး ဦးဉာဏ်သိန်းနှင့် ဒေါ်ဖြူ ဖြူဝင်းတို့၏ ရုပ်အလောင်းများကို မင်းပြားပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်းလည်း မိသားစုဝင်များက ဆိုသည်။
ထိုသို့ ပစ်ခတ်မှုကြောင့် သေဆုံးသွားခြင်းနှင့် ပတ်သက်ပြီး မိသားစုဝင်များက ဒီဇင်ဘာ ၁၂ ရက် နေ့လယ်ပိုင်း၌ မင်းပြားမြို့မ ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့ကြောင်းလည်း သိရသည်။
ယမန်နေ့ ဒီဇင်ဘာလ ၁၁ ရက် မနက်ပိုင်းက အဆိုပါ မင်းပြားမြို့နယ် စိတ္တရ ကျေးရွာ၏ အရှေ့ဘက် မင်းဖူးတောင် တန်းတွင် တပ်မတော်နှင့် AA အဖွဲ့တို့သည် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။
You may also like these stories:
ရခိုင်တိုက်ပွဲများအတွင်း အရပ်သားသေဆုံးထိခိုက်မှု စုံစမ်းရေးအဖွဲ့ ဖွဲ့ရန် လွှတ်တော် အတည်ပြု
ကျောက်တော်ပစ်ခတ်မှု ၁ ဦးသေ၊ ၁ ဦး ဒဏ်ရာရ
AA က အားကစား ဝတ်စုံဖြင့် တိုက်ခိုက်မှုကြောင့် အရပ်သားနှင့် ခွဲရခက်လာဟု တပ်မတော် ပြော