သတင်း

လူမျိုးသုဉ်းသတ်ဖြတ်မှုကို ပယ်ချရန် ICJ တွင် ဒေါ်အောင်ဆန်းစုကြည် လျှောက်ထား

Want create site? Find Free WordPress Themes and plugins.

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ဂမ်ဘီယာနိုင်ငံမှ မြန်မာနိုင်ငံ အပေါ်စွဲဆိုထားသည့် လူမျိုးတုန်းသတ်ဖြတ်မှုကို ပယ်ချပေးရန် အပြည်ပြည်ဆိုင်ရာ တရားရုံး(ICJ) ကို တောင်းဆိုခဲ့သည်။ ၃ ရက်ကြာပြုလုပ်ခဲ့သည့် စစ်ဆေးကြားနာမှု၏ နောက်ဆုံးနေ့ နိဂုံးချုပ် မှတ်ချက်ပြောကြားရာတွင် ထိုသို့တောင်းဆိုခဲ့ခြင်း ဖြစ်ပါသည်။

ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် မြန်မာနှင့် ဂမ်ဘီယာ ၂ ဘက်လုံးက ကုလသမဂ္ဂ တရားရုံးသို့ ၎င်းတို့၏ နောက်ဆုံးပိတ် နှုတ်ဖြင့် လျှောက်လဲချက်ကို တင်ပြခဲ့ကြပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က အပိတ်လျှောက်လဲချက်ကို တင်သွင်းခဲ့သည်။

၂၀၁၇ ခုနှစ် နှောင်းပိုင်းက ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ရခိုင်ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော်(ARSA) က ရဲတပ်ဖွဲ့ စခန်းများကို ဆက်တိုက် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းကို တုန့်ပြန်သည့်အနေဖြင့် အစိုးရလုံခြုံရေးတပ်ဖွဲ့များက နယ်မြေ ရှင်းလင်းရေး စစ်ဆင်ရေးများပြုလုပ်ခဲ့ပြီး နောက်ပိုင်းတွင် လူ ၇၀၀၀၀၀ ကျော် မြန်မာနိုင်ငံမှနေ၍ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးခဲ့ကြသည်။ အဆိုပါစစ်ဆင်ရေးများတွင် လူမျိုးတုန်းသတ်ဖြတ်ရန် ရည်ရွယ်ချက်ရှိခဲ့သည်ဟု ကုလသမဂ္ဂ စုံစမ်းစစ်ဆေးသူများက ပြောခဲ့ကြသည်။ မြန်မာအစိုးရကရော တပ်မတော်ကပါ အဆိုပါ စွပ်စွဲချက်များကို ငြင်းဆန်ခဲ့ကြသည်။

နိုဝင်ဘာလအတွင်းတွင် ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာတရားရုံးတွင် မြန်မာနိုင်ငံကို ရိုဟင်ဂျာဟု မိမိကိုယ်ကိုယ်ခေါ်ဆိုပြီး ဘင်္ဂါလီဟု မြန်မာအများစုက ခေါ်ကြသော ရခိုင်ပြည်နယ်မြောက်ပိုင်းနေ မွတ်ဆလင် များအပေါ်တွင် လူမျိုးတုန်းသတ်ဖြတ်နေသည်ဟု စွပ်စွဲချက်ဖြင့် တရားစွဲဆိုခဲ့သည်။ ကြိုတင်ပြင်ဆင်ရေး ခြေလှမ်းတခု အနေဖြင့် အာဖရိကမှ ဂမ်ဘီယာနိုင်ငံက နောက်ထပ်အကြမ်းဖက်မှုများကို တားဆီးရန် မြန်မာနိုင်ငံအပေါ် ကြားဖြတ် စီမံ ဆောင်ရွက်ချက် များချမှတ်ပေးရန် တရားရုံးသို့ တောင်းဆိုခဲ့သည်။

ICJ က အမှုအတွင် အများပြည်သူရှေ့မှောက်၌ စစ်ဆေးကြားနာခြင်းကို ဒီဇင်ဘာလ ၁၀ ရက်မှ ၁၂ ရက်နေ့အထိ ပြုလုပ်ခဲ့သည်။ ဒီဇင်ဘာ၁၂ ရက်နေ့ ညနေပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်က ဤအမှုအတွက် မြန်မာနိုင်ငံ၏ ကိုယ်စားလှယ်အနေဖြင့် သူ၏ နိဂုံးချုပ် မှတ်ချက်ကို ပြောကြားခဲ့သည်။

“တရားရုံးအနေနဲ့ ဒီအမှုကို စာရင်းကနေဖယ်ရှားပေးဖို့ တောင်းဆိုပါတယ်။ အခြားနည်းလမ်းအနေနဲ့ ဂမ်ဘီယာနိုင်ငံက တင်သွင်းလာတဲ့ ကြားဖြတ် စီမံဆောင်ရွက်ချက်များ ချမှတ်ပေးဖို့ တောင်းဆိုချက်ကို ငြင်းပယ်ပေးဖို့ မေတ္တာရပ်ခံပါတယ်” ဟု သူပြောသည်။

မြန်မာနိုင်ငံတွင် နိုင်ငံတကာဥပဒေ၌ ဖွင့်ဆိုထားသော လူမျိုးတုန်းသတ်ဖြတ်မှု မရှိခဲ့ကြောင်း ဒီဇင်ဘာလ ၁၁ ရက်နေ့က တရားရုံးတွင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောဆိုခဲ့ပြီးနောက် ယခုကဲ့သို့ တောင်းဆိုလိုက်ခြင်းက အံ့အားသင့်စရာ မဖြစ်ခဲ့ပါ။ ရခိုင်ပြည်နယ်မြောက်ပိုင်း ပြဿနာကို သူက ပြည်တွင်းရေး ပဋိပက္ခတခု အဖြစ် ဖွင့်ဆိုခဲ့သည်။

ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်နှင့် ARSA ကြားတွင် လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားခဲ့သည်မှာ ၂ နှစ် ကြာမြင့်ခဲ့ပြီ ဖြစ်ကြောင်းနှင့် ဒုတိယ အကြိမ်မြောက် စစ်ခုံရုံးတင်စစ်ဆေးမှုတခုကို လက်ရှိ အချိန်တွင် ဆောင်ရွက်နေဆဲ ဖြစ်ကြောင်း တရားရုံးသို့ ပြောကြားခဲ့သည်။ ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်မြောက်ပိုင်း ဂူတာပြင် ကျေးရွာမှ နယ်မြေရှင်းလင်းရေးများတွင် တပ်မတော်၏ ထိတွေ့တိုက်ခိုက်မှု စည်းမျဉ်းများကို လိုက်နာရန် ပျက်ကွက်ခဲ့သည်ဟု စွပ်စွဲခံရသည့် တပ်သား အများအပြားကို စစ်ခုံရုံးတင် စစ်ဆေးခဲ့ခြင်းကို ရည်ညွှန်းခဲ့သည်။

“ရက်သတ္တပတ် အနည်းငယ်အတွင်း လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင် (ICOE) ရဲ့ နောက်ဆုံး အစီရင်ခံစာ တင်သွင်းပြီးနောက်ပိုင်းမှာ နောက်ထပ် စစ်ခုံရုံးတင် စစ်ဆေးမှုတွေ ရှိလာမယ်လို့ ကျမ ယုံကြည်ပါတယ်” ဟု နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်က ပြောသည်။ ICOE သည် ARSA တိုက်ခိုက်မှုများနောက်ပိုင်း ကာလများအတွင်း ရခ်ိုင်ပြည်နယ်မှ လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်များနှင့် အခြားကိစ္စများကို ကိုင်တွယ်ရန် မြန်မာသမ္မတက တည်ထောင်ထားသည့် လွတ်လပ်သော အထူးစုံစမ်းစစ်ဆေးရေး ယန္တယားတခု ဖြစ်သည်။ ဖိလစ်ပိုင်နိုင်ငံမှ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီးဟောင်း တဦးက ဥက္ကဌ အဖြစ်ဆောင်ရွက်ပြီး အခြားအဖွဲ့ဝင် ၃ ဦးထဲတွင် ဂျပန်နိုင်ငံမှ ကုလသမဂ္ဂ ဒုတိယ အတွင်းရေးမှူးချုပ် ဟောင်းတဦးလည်း ပါဝင်သည်။

ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် မြန်မာနိုင်ငံ၏ နောက်ဆုံးလျှောက်လဲချက်ကို တင်သွင်းခဲ့ပြီးနောက် ICJ ၏ သဘာပတိ အ ဖြစ်ဆောင်ရွက်နေသော တရားသူကြီး Abdulqawi Yusuf က လျှောက်လဲချက်ကို တရားရုံးက မှတ်တမ်းတင်ထားမည် ဖြစ်ပြီး ကြားဖြတ်စီမံဆောင်ရွက်ချက်နှင့် ပတ်သက်သည့် အမိန့်တခုကို တတ်နိုင်သမျှ အမြန်ဆုံး ထုတ်ပြန်ပြန်ပေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဒီဇင်ဘာ ၁၂ ရက်နေ့ အစောပိုင်းတွင် ဂမ်ဘီယာနိုင်ငံက ၎င်းတို့၏ နှုတ်ဖြင့်လျှောက်လဲချက် တင်သွင်းစဉ်အတွင်း မြန်မာ့ တပ်မတော်မှ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် ထိပ်တန်း ဗိုလ်ချုပ်ကြီး ၆ ဦးလုံးကို ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေး အဖွဲ့က လူမျိုးတုန်း သတ်ဖြတ်မှုဖြင့် စွပ်စွဲထားပြီး ရာဇဝတ်မှုဖြင့် စွဲချက်တင်ရန် အကြံပြုထားသည့် အချိန်တွင် ရိုဟင်ဂျာများအပေါ်တွင် ကျုးလွန်ခဲ့သည့် လူမျိုးတုန်းသတ်ဖြတ်မှုအတွက် တပ်မတော်ကိုယ်တိုင်က တာဝန်ခံပေးရန် မည်သို့ မျှော်လင့်နိုင်မည်နည်းဟု မေးခွန်းထုတ်ခဲ့သည်။

“အဲဒီတော့ တပ်မတော်က စုံစမ်းစစ်ဆေးဖို့၊ တရားစွဲဆိုဖို့ သို့မဟုတ် ရိုဟင်ဂျာတွေ အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် သူ့ရဲ့ တပ်ဖွဲ့ဝင်တွေကို အရေးယူအပြစ်ပေးဖို့ ဆန္ဒမရှိခဲ့တာက အံ့သြစရာမဟုတ်ပါဘူး” ဟု ဂမ်ဘီယာ နိုင်ငံ၏ ရှေ့ နေများထဲမှ တဦးဖြစ်သည့် Paul Reichler ကပြောသည်။

မြန်မာရိုဟင်ဂျာများအသင်း(ယူကေ) ၏ ဥက္ကဌ ဦးထွန်းခင်က မြန်မာနိုင်ငံ၏ ဥပဒေအဖွဲ့၏ ကာကွယ်မှုက လုံးဝပိတ်၍ ငြင်းဆန်ခြင်းပေါ်တွင် အခြေခံထားသော်လည်း ဂမ်ဘီယာဥပဒေအဖွဲ့က လူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာ ဥပဒေများကို ထိရောက်စွာ ထောက်ပြခဲ့ပြီး သူတို့၏ လျှောက်လဲချက်ကို အထောက်အကူဖြစ်စေမည့် ဆီလျှော်သည့် ဥပမာများကို ပေးခဲ့ကြောင်းပြောသည်။

လုံခြုံရေး တပ်ဖွဲ့များ၏ တရားလက်လွတ်သတ်ဖြတ်ခြင်း၊ မတရားပြုကျင့်ခြင်း ကဲ့သို့သော ရက်စက်မှုများနှင့် ဒုက္ခသည် ၇၀၀၀၀၀ ကျော် ထွက်ပြီးရခြင်းတို့က အမှန်တကယ် ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်ဟု သူကပြောသည်။

“ဒါကြောင့် ICJ က ကြားဖြတ်စီမံဆောင်ရွက်ချက်တွေ ချမှတ်ပေးဖို့ အရေးကြီးပါတယ်။ တကယ်လို့ မြန်မာနိုင်ငံက အဲဒါတွေကို လိုက်နာဖို့ ပျက်ကွက်မယ်ဆိုရင် နိုင်ငံတကာ အသိုင်းအဝိုင်းက ဖိအားတွေ ပိုပေးရပါမယ်” ဟု သူကပြောသည်။

(သဟိဂ်မြို့မှ ဧရာဝတီ အင်္ဂလိပ်ပိုင်း သတင်းအယ်ဒီတာ ကျော်ဖြိုးသာ ပေးပို့သော Myanmar State Counselor Asks World Court to Reject Genocide Caseသတင်းကို ဘာသာပြန်ဆိုသည်။)

You may also like these stories:

မြန်မာ လျှောက်လဲချက်အပေါ် ဂမ်ဘီယာက တုန့်ပြန်ချေပ

လူမျိုးသုဉ်း သတ်ဖြတ်မှု မမြောက်ကြောင်း ICJ တွင် ဒေါ်အောင်ဆန်းစုကြည် လျှောက်လဲ

နိုင်ငံတကာ အမြင်လွဲမှားမှုများကို ဒေါ်အောင်ဆန်းစုကြည် ရှင်းပြနိုင်ဟု တပ်မတော်ပြော

Did you find apk for android? You can find new Free Android Games and apps.
Loading