ပြင်ဦးလွင် ပန်းပွဲတော်တွင် နိုင်ငံ ၄ နိုင်ငံကိုယ်စားပြု ပန်းပြကွက်များ ပါဝင်မည့် အပြင် နယ်သာလန်နိုင်ငံမှ ပန်းပညာရှင် များဖြင့် ပူးပေါင်းကာ ယခင်နှစ်များနှင့် မတူစေရန် ထူးထူးခြားခြား လုပ်ဆောင်သွားမည်ဟု အမျိုးသားကန်တော်ကြီး ဥယျာဉ်က သိရသည်။
အဆိုပါ ပန်းပွဲတော်ကို မန္တလေးတိုင်း ဒေသကြီး၏ တောင်ပေါ် အပန်းဖြေမြို့တော် ပြင်ဦးလွင်(ခေါ်) မေမြို့တွင် စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ရာ ယခုနှစ်သည် ၁၄ ကြိမ်မြောက် ကျင်းပခြင်းဖြစ်ပြီး ဒီဇင်ဘာ ၁၅ ရက်မှ ၂၀၂၀ ဇန်နဝါရီလ ၁၅ ရက် အထိ ကျင်းပမည်ဟု သိရသည်။
၄ နိုင်ငံ ကိုယ်စားပြု ပန်းပြကွက်များမှာ မြန်မာ ကိုယ်စားပြု နေကြာပန်း ဝင်္ကပါ၊ နယ်သာလန် ကိုယ်စားပြု ကျူးလစ်ပန်းပြ ကွက်၊ UK ကိုယ်စားပြု နှင်းဆီ ပန်းပြကွက်နှင့် အီတလီ ကိုယ်စားပြု လီလီပန်းပြကွက်များဟု သိရသည်။
အမျိုးသား ကန်တော်ကြီး ဥယျာဉ် စီမံကိန်း ဒါရိုက်တာ ဦးဝေမျိုးအောင် က “နိုင်ငံခြားမျိုးတွေ အပါအဝင် ပြည်တွင်းမျိုးတွေ ကိုပါ စိုက်ပျိုးပြီး ပန်းအစစ်ရဲ့အရသာကို ပြည့်ပြည့်၀၀ ခံစားလို့ရအောင် ဖန်တီးပေးထားတယ်။ ဒီနှစ်မှာလည်း ပန်းတွေက နိုင်ငံခြားမျိုးစိတ်တွေ တော်တော်များများ ပါတယ်။ ပန်းအတုက ၁၀ ရာခိုင်နှုန်းပဲ ပါမယ်။ ပန်းအများစုက ဆောင်းရာသီ ပန်းတွေ ဖြစ်တာကြောင့် ပွဲတော်ရက်အတွင်းမှာ အစားထိုးမှုတွေ လုပ်နိုင်အောင်လည်း စီစဉ်ထားပါတယ်” ဟု ပြောသည်။
ထို့ပြင် မြန်မာမျိုးရင်း ပန်းများနှင့်အတူ နိုင်ငံခြားမျိုး ပန်းအစစ် ၉၀ ရာခိုင်နှုန်း ပြသပေးသွားမည် ဖြစ်ကာ သစ်ခွအလှ ပြိုင် ပွဲကိုလည်း ထည့်သွင်းကျင်းပမည် ဖြစ်သည်။
ဦးဝေမျိုးအောင်က “ပန်းပွဲတော်က ပြည်တွင်းအကြိုက် ပွဲတော်အဆင့်မှာပဲ ရှိသေးတယ်။ နိုင်ငံခြားသားတွေ လာရောက် ပေမယ့် ပုံမှန်လာနေကျ ပုံစံမျိုးသာ ဖြစ်နေတယ်။ ပန်းပွဲတော်ကို စိတ်ဝင်စားလို့ လာခြင်းမျိုး မဟုတ်သေးပါဘူး။ ဒါကို အများကြီး လုပ်ဖို့ လိုပါသေးတယ်။ ပွဲတော်ချိန်မှာ လာရောက် အပန်းဖြေသူတွေ လုံခြုံရေး၊ လွယ်ကူစွာ သွားလာကြည့်ရှု အပန်းဖြေနိုင်ရေး အတွက်လည်း လုပ်ဆောင်ပေးထားပါတယ်”ဟု ပြောသည်။
ပန်းပွဲတော်ကို မြန်မာနိုင်ငံ၏ ထင်ရှားသောပွဲတော် ဖြစ်လာစေရန်နှင့် ရာသီအလိုက် ပန်းများကို တနေရာတည်း ကြည့်ရှု ခံစားနိုင်စေရန်၊ မြန်မာနိုင်ငံ၏ ပန်းစိုက်ပျိုး ထုတ်လုပ်မှုဆိုင်ရာ စီးပွားရေးကဏ္ဍ အထောက်အကူ ဖြစ်စေရန်၊ ခရီးသွားကဏ္ဍ မြှင့်တင်ပြီး ဒေသဖွံ့ဖြိုးမှု အားကောင်းလာစေရန် ရည်ရွယ်ကျင်းပခြင်း ဟု သိရသည်။
ခရီးသွား အေဂျင်စီမှ ကိုဝေလင်းက “ပြင်ဦးလွင် ပန်းပွဲတော်က လက်ရှိ အချိန်မှာတော့Tour ခရီးစဉ်မှာ ထည့်ရောင်းတာ အချိန် သတ်မှတ်ထားရတာလေ။ သူက ခရီးသွားရာသီချိန်မှာ အချိန်ကိုက် လုပ်ထားပေမယ့်လည်း ဝယ်ယူသူက အတန် အသင့်ပဲ ရှိသေးတယ်။ ပန်းပွဲတော်ကို အခုထက်ပိုပြီး ကမ္ဘာကသိအောင် ပူးပေါင်းပြီးတော့ လုပ်ဆောင်ပေးဖို့ လိုနေသေး တယ်လို့တော့ မြင်တယ်။ ဒါမှသာ ခရီးသွားကဏ္ဍ မြှင့်တင်မယ်ဆိုတဲ့ ပန်းပွဲတော်ရဲ့ရည်ရွယ်ချက်ရာနှုန်းပြည့်အောင်မြင် မယ်” ဟု ပြောသည်။
ပြင်ဦးလွင် ပန်းပွဲတော်အတွက် သြဂုတ်လလောက်မှ စ၍ မျိုးစေ့များ မှာယူပြီး အောက်တိုဘာလတွင် စတင်စိုက်ပျိုး ကြောင်း၊ ပန်းပွဲတော်အတွက် သင့်တော်မည့် ပန်းအမျိုးအစားများကို ရွေးချယ်စိုက်ပျိုးသလို ရာသီအလိုက် ဒေသမျိုးရင်း များကိုလည်း စိုက်ပျိုးကြောင်း သိရသည်။
ထို့ပြင် ပြသမည့် ပန်းပြကွက်များကို နယ်သာလန် ပန်းပညာရှင်များက ဖန်တီးပေးမည် ဖြစ်ကာ ပန်းများဖြင့် ပုံဖော်ထား သော ရုပ်လုံးရုပ်ကြွများလည်း ထည့်သွင်း ပြသသွားမည် ဖြစ်သည်။
ယခင်နှစ် ပန်းပွဲတော် ကာလအတွင်းက ပြည်တွင်း ပြည်ပ ဧည့်သည် ၃ သိန်း ၆ သောင်းကျော် ဝင်ရောက်ခဲ့ရာ ယခုနှစ် တွင် ယခင်နှစ်ထက် ပို၍များနိုင်သည်ဟု ခန့်မှန်းထားကြောင်း၊ ပွဲတော်လုံခြုံရေး အတွက် အင်အား ၆၀ ခန့် ချထားပေးမည် ဖြစ်သလို Tourist police ၆ ဦး၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များအပြင် CCTV ကင်မရာအလုံး ၄၀ ကိုလည်း တပ်ဆင်သွားမည် ဖြစ်ကြောင်း သိရသည်။
ပြင်ဦးလွင်မြို့ခံ ကျုရှင်ဆရာ ဦးအောင်မင်းက “ကျနော် ထိုင်းနိုင်ငံကို ရောက်တော့ ချင်းမိုင်းမြို့မှာ လုပ်တဲ့ပန်းပွဲတော်ဆို ရင် ခရီးသွားတွေ တော်တော်စိတ်ဝင်တစားနဲ့ ဝင်ကြတာ တွေ့ရတယ်။ ကျနော်တို့ရဲ့ပန်းပွဲတော်ကိုလည်း အဲဒီလို ဖြစ်စေ ချင်တာ။ အခုက ပွဲတော် ဖွင့်ပွဲရက်အစပိုင်းလောက်ပဲ ပန်းတွေက ဝေေ၀ဆာဆာနဲ့ လှတာ။ နောက်ပိုင်း ရက်ကြာလာတော့ ပန်းအလှနဲ့ ပန်းတွေရဲ့မွှေးရနံ့က လျော့သွားတော့ စိတ်ဝင်စားမှု လျော့ကျစေတယ်လို့ မြင်တယ်။ ဒါကြောင့် အဲဒါလေးကို တော့ ဂရုစိုက်ပေးစေချင်ပါတယ်” ဟု ပြောသည်။
ပန်းပွဲတော်တွင် ပန်းမျိုးစုံ ပြသထားမည့်အပြင် လိပ်ပြာပြတိုက်၊ အင်ကြင်းပြတိုက်၊ ရုပ်ကြွင်းပြတိုက်၊ သစ်ခွဥယျာဉ်နှင့် ဒေသထွက်ကုန်များ၊ ဆွယ်တာ အထည်များ၊ လက်မှုပစ္စည်းများ၊ အမှတ်တရပစ္စည်းများ ရောင်းချပေးသည့် ဈေးရောင်းပွဲ တော်၊ သစ်ခွ အလှပြိုင်ပွဲ၊ ပန်းအလှထိုးပြိုင်ပွဲနှင့် ဓာတ်ပုံပြိုင်ပွဲများကိုလည်း ထည့်သွင်း ကျင်းပသွားမည် ဖြစ်သလို ဂီတ ဖျော်ဖြေပွဲများကိုလည်း ထည့်သွင်း ကျင်းပရန် စီစဉ်ထားကြောင်း သိရသည်။