ရက္ခိုင့် တပ်တော် (AA) သည် အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) တွင် မြန်မာက တရား ရင်ဆိုင်နေရသည့်အပေါ် နိုင်ငံတကာဖိအားများ ပိုမိုရရှိစေရန် ရည်ရွယ်ချက်ဖြင့် ရခိုင်ပြည်နယ်ရှိ စစ်စခန်းများကို သာလွန်အင်အားဖြင့် ဝင်ရောက် တိုက်ခိုက်နေကြောင်း တပ်မတော်က မနေ့က ညပိုင်းတွင် သတင်းထုတ်ပြန်သည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “သူတို့ (AA) အနေနဲ့ကတော့ ရည်ရွယ်ချက်ရှိတယ်။ ICJ ကို သွားဖြေရှင်းနေတဲ့ အပေါ်မှာလည်း ဖိအား ပေးချင်တာရယ်။ ကျနော်တို့ ထုတ်ပြန်ချက်မှာ ပါတဲ့ ရည်ရွယ်ချက်တွေအတိုင်း ဆောင်ရွက်ခဲ့တာပေါ့” ဟု ပြောသည်။
ဒီဇင်ဘာလ ၁၁ ရက်နေ့က နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့ရှိ ICJ တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်က AA လက်နက်ကိုင် ၄၀၀ ကျော်က ရခိုင်ပြည်နယ် ပလက်ဝမြို့နယ်အနီး တပ်မတော် ခြေကုတ်စခန်း တခုကို ဝိုင်းဝန်းတိုက်ခိုက်ပြီး ရခိုင်ပြည်နယ် အမ်းမြို့နယ်အနီးတွင်လည်း တပ်မတော် စစ်ကြောင်းတခုကို တိုက်ခိုက် လျက်ရှိကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။
ရခိုင်ပြည်နယ်၊ မင်းပြားနှင့် ပလက်ဝမြို့နယ် အတွင်းရှိ တပ်မတော်မှ နယ်မြေလုံခြုံရေး ဆောင်ရွက်လျက်ရှိသည့် မင်း ဘူးတောင်စခန်း၊ နှုန်းဘူးစခန်းတို့ကို ဒီဇင်ဘာ ၉ ၊ ၁၀ နှင့် ၁၁ ရက်နေ့တို့တွင် AA အဖွဲ့က သာလွန်အင်အားဖြင့် ဝင် ရောက် တိုက်ခိုက်ခြင်း၊ ပလက်၀ စခန်း၊ ရာမောင် တံတား လုံခြုံရေး စခန်း၊ ယိုးတရုတ်ရဲကင်းစခန်း၊ အမ်းမြို့နယ် ယောချောင်း တံတားအနီး လုံခြုံရေး စစ်ကြောင်းတို့ တိုက်ခိုက်ခံခဲ့ရသည်ဟု တပ်မတော်က ထုတ်ပြန်သည်။
AA အဖွဲ့သည် ပလက်ဝမြို့နယ် အတွင်းရှိ နှုန်းဘူးစခန်းကို ဒီဇင်ဘာ ၉ ရက် နံနက် ၄ နာရီခန့် အချိန်မှစ၍ အင်အား ၂၀၀ ခန့်ဖြင့် စတင်တိုက်ခိုက်ခဲ့ပြီး ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ထပ်မံအင်အားဖြည့်တင်းပြီး အင်အား ၄၀၀ ခန့်ဖြင့် စခန်း ၏ မြောက်ဘက်နေရာမှ လက်နက်ကြီး ပစ်ကူရယူ၍ သာလွန်အင်အားဖြင့် ထပ်မံဝင်ရောက် တိုက်ခိုက် ခဲ့ကြောင်း တပ်မတော်မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
“ဖြစ်စဉ်ကတော့ အဲဒါပဲ။ တိုက်ပွဲတွေက ဒီဇင်ဘာ ၄ ရက်နေ့ကနေ ၁၁ ရက်နေ့အထိ ဖြစ်ခဲ့တယ်။ ဒါပေမယ့် ကျနော် တို့ စခန်းတွေ မကျသွားဘူး။ သူတို့ဘက်က အလောင်း၊ လက်နက် တချို့ ရလိုက်တာမျိုးပါ ရှိတယ်”ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
နှုန်းဘူးစခန်းအား တိုက်ခိုက်ခံရသည့်ဖြစ်စဉ်တွင် AA ဘက်မှ အလောင်း ၆ လောင်း၊ အမ်-၂၂ သေနတ် ၂ လက်နှင့် ခဲယမ်းများ သိမ်းဆီးရမိခဲ့သည်ဟု တပ်မတော်ဘက်က ပြောသည်။
ရခိုင်ပြည်နယ် မြောက်ပိုင်း တိုက်ပွဲဖြစ်စဉ်များနှင့် ပတ်သက်ပြီး AA ဘက်မှ ခိုင်သုခကို အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော် လည်း ဆက်သွယ်၍ မရပါ။
မင်းပြားမြို့နယ်တွင် ဒီဇင်ဘာလ ၁၁ ရက်နေ့မှ စတင်ပြီး တပ်မတော်နှင့် AA တို့ကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွား လျက်ရှိရာ လက်နက်ကြီး ပစ်သံများ၊ လေယာဉ်ဖြင့် တိုက်ခိုက်မှုများကိုပါ မြင်တွေ့ခဲ့ရကြောင်း ယင်းမြို့နယ် လူမှု အဖွဲ့ အစည်းတခုမှ တာဝန်ရှိသူတဦး က ပြောသည်။
၎င်းက “ကျနော်တို့ ပတ်ဝန်းကျင်မှာ တခါမှ ဒီလောက် ပြင်းထန်တဲ့ တိုက်ပွဲမျိုး မတွေ့ဖူးဘူးလို့ ပြောရမှာပဲ။ ဖိုက်တာဂျက်တွေရော ပစ်တာတွေ တွေ့တယ်။ ၂ ဖက် အကျအဆုံး အထိအခိုက်တော့ မသိပါဘူး” ဟု ပြောသည်။
ဒီဇင်ဘာလ ၁၁ ရက်နေ့က ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ဖုံသာဝကျေးရွာအုပ်စု စိတ္တရရွာအတွင်း ပစ်ခတ်မှု ဖြစ်ပွားခဲ့ သဖြင့် ၂ ဦး သေဆုံးခဲ့ရာ ယင်းဖြစ်စဉ်သည် တပ်မတော်၏ လက်ချက်ဖြစ်ကြောင်း မင်းပြား ဒေသခံများက ပြောသည်။
သေဆုံးသူများမှာ စိတ္တရ ကျေးရွာအုပ်ချုပ်ရေးမှူး ဖြစ်သူ အသက် ၄၂ နှစ်ရှိ ဦးဉာဏ်သိန်းနှင့် အသက် ၃၉ နှစ်ရှိ ဒေါ်ဖြူဖြူဝင်းတို့ ဖြစ်ပြီး ဒီဇင်ဘာလ ၁၁ ရက် ည ၁၁ နာရီ အချိန်ခန့်က ပစ်ခတ်ခံရခြင်း ဖြစ်သည်ဟု စုံစမ်း သိရှိရသည်။
တပ်မတော်ကမူ မင်းပြားမြို့နယ်ရှိ မင်းဘူးတောင်စခန်းအား ဒီဇင်ဘာ ၁၁ ရက်နေ့ နံနက် ၆ နာရီက စခန်း၏ တောင် ဘက်နှင့် မြောက်ဘက်တို့မှ AA အင်အား၂၀၀ ကျော်ဖြင့် အလုံးအရင်း ဝင်ရောက် တိုက်ခိုက်ခံခဲ့ရကြောင်း၊ ထို့အတူ ယောချောင်းအနီး နယ်မြေ လုံခြုံရေးလှုပ်ရှား ဆောင်ရွက်နေသည့် တပ်မတော်စစ်ကြောင်းအား ဒီဇင်ဘာလ ၁၁ ရက် နံနက် ၆ နာရီက သာလွန်အင်အား ၂၅၀ ခန့်ဖြင့် တိုက်ခိုက်ခံခဲ့ရသည်ဟု သတင်းထုတ်ပြန်သည်။
အမ်းမြို့နယ်၊ ယောချောင်းတံတားအနီး တိုက်ပွဲတွင် AA ထံမှ အလောင်း ၁ လောင်း၊ အမ်-၂၂ သေနတ် ၁ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း၊ တိုက်ပွဲနေရာအား ထပ်မံရှင်းလင်းရာ တိုက်ပွဲဖြစ်စဉ်အတွင်း ဒဏ်ရာ ပြင်းထန် စွာရရှိခဲ့သည့် AA အဖွဲ့ဝင် ၁ ဦးကို ၎င်းကိုင်ဆောင်သည့် အမ်-၂၂ သေနတ် ၁ လက်နှင့်အတူ အရှင်ဖမ်းဆီး ရမိခဲ့ရာ ဆေးရုံသို ပို့ဆောင်စဉ်၌ သေဆုံးသွားခဲ့သည်ဟု တပ်မတော်၏ ထုတ်ပြန်ချက်အရ သိရသည်။
ထိုဖြစ်စဉ်များနှင့် ပတ်သက်၍ AA ပြောခွင့်ရပုဂ္ဂိုလ် ဦးခိုင်သုခ အား ဆက်သွယ်မေးမြန်းရာတွင် မအားသေးသဖြင့် မဖြေပေးနိုင်သေးကြောင်းသာ အကြောင်းပြန်သည်။
လက်ရှိ ဖြစ်ပွားနေသော ရခိုင်မြောက်ပိုင်း တိုက်ပွဲများမှာ အချိန် ကြာလာသည်နှင့်အမျှ အရပ်သား ထိခိုက်သေဆုံး၊ နှစ်ဘက်တပ်များ၏ ဖမ်းဆီးခံရမှုများမှာလည်း တနေ့ထက် တနေ့ များပြားလျက်ရှိသလို စစ်ပွဲဧရိယာမှာလည်း တဖြည်းဖြည်း ကျယ်ပြန့်လာသည်။
လတ်တလော တိုက်ပွဲများကြောင့် မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်၊ ဘူးသီးတောင်မြို့နယ်များတွင် စစ်ရှောင် ဒုက္ခ သည် ၈ သောင်းအထိ ရှိနေပြီး ဒုက္ခသည်များမှာ ရိက္ခာ ပြတ်လတ်နေပြီ ဖြစ်ကြောင်း ဒေသခံ လူမှုကူညီရေး အဖွဲ့ များက ပြောသည်။
AA သည် ၂၀၁၅ ခုနှစ်မှစ၍ ရခိုင်ပြည်နယ်တွင်းသို့ ထိုးဖောက် ဝင်ရောက်လာပြီး ချင်းပြည်နယ် ပလက်ဝဒေသတွင် စတင် ခြေကုပ်ယူခဲ့သည်။ နောက်ပိုင်းတွင် ရခိုင်ပြည်နယ် ဘူးသီးတောင်၊ ကျောက်တော်၊ ရသေ့တောင်နှင့် ပုဏ္ဏားကျွန်း၊ မင်းပြားနှင့် မြောက်ဦး မြို့နယ်များတွင် ဝင်ရောက် လှုပ်ရှားကာ တပ်စခန်းနေရာ အခိုင်အမာ ရရှိရန် ကြိုးစားလျက် ရှိသည်။
AA အဖွဲ့ကို ၂၀၀၉ ခုနှစ်၊ ဧပြီလ ၁၀ ရက်က ကချင်ပြည်နယ်၊ လိုင်ဇာမြို့တွင် လူငယ် ၂၀ ကျော်ဖြင့် စတင် ဖွဲ့စည်းခဲ့သည်။
You may also like these stories:
ရခိုင်တိုက်ပွဲများ ရဟတ်ယာဉ်သုံး တိုက်ရသည်အထိ ပိုပြင်းထန်လာ
ICJ အရေး မြောက်ပိုင်း ၃ ဖွဲ့ ထုတ်ပြန်ချက် နိုင်ငံရေး အမြတ်ထုတ်ခြင်းဟု ဆို
၃ ဦး သေဆုံးခဲ့သည့် မြောက်ဦးပေါက်ကွဲမှု ဖြစ်စဉ် ဘယ်သူ့မှာ တာဝန်ရှိသလဲ