ဟာသသရုပ်ဆောင် အောင်ရဲထွေး သေဆုံးမှုနှင့် ပတ်သက်၍ လူသတ်မှုဖြင့် စွဲချက် အမိန့်ချထားခြင်းကို ပယ်ဖျက်ပေး ရန် လျှောက်ထားမှုအား ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်က မူလတရားရုံးအမိန့်ကို ပယ်ဖျက်ပြီး ပြောင်းလဲစွဲ ချက်တင်ကြောင်း ဒီဇင်ဘာ ၁၃ ရက်နေ့က အမိန့်ချမှတ်လိုက်သည်။
မူလတရားရုံး (အရှေ့ပိုင်းခရိုင်တရားရုံး)က သန်းထွဋ်အောင် (ခ) သားကြီးနှင့် ပြည့်ဖြိုးအောင် (ခ) အောင်လေး တို့သည် အောင်ရဲထွေးအား လက်သီးဖြင့် ထိုးခြင်း၊ ခြေထောက်နှင့်ကန်ခြင်း၊ ဗော်ကာပုလင်းခွံဖြင့် ရိုက်နှက်ခြင်း တို့ကြောင့် သေဆုံးစေသည် ဟုဆိုကာ လူသတ်မှု ပုဒ်မ ၃၀၂(၂)၊ ကျော်ဇောဟန်(ခ)ကျော်ဇောကို ၎င်းတို့နှစ်ဦး ပြစ်မှုကျူးလွန်ရန် အားပေးကူညီသည် ဟုဆိုကာ လူသတ်ရန် အားပေးကူညီမှု ပုဒ်မ ၃၀၂(၂)/၁၁၄ တို့ဖြင့် ၂၀၁၉ ဇန်နဝါရီ ၇ ရက်တွင် စွဲချက်တင်ခဲ့သည်။
ထိုစွဲချက်အမိန့်ကို ကာယကံရှင်များက ကျေနပ်မှုမရှိ ဟုဆိုကာ တိုင်းတရား လွှတ်တော်သို့ ပြီးခဲ့သည့် ၂၀၁၉ ဇန်နဝါရီ ဒုတိယပတ်အတွင်းက ပြင်ဆင်မှု လျှောက်လွှာတင်ခဲ့ရာ လက်ခံခဲ့ပြီး နှစ်ဖက်လျှောက်လဲချက်များ ကြားနာပြီးနောက် ဒီဇင်ဘာ ၁၃ ရက်နေ့တွင် ပြောင်းလဲစွဲချက် တင်ကြောင်း အမိန့်ချခဲ့ခြင်း ဖြစ်သည်။
တရားသူကြီး၏ အမိန့်သုံးသပ်ချက်အရ တခြားသော အချက်များကို သုံးသပ်သွားသော်လည်း အဓိကအားဖြင့် သေ ဆုံးသူ၏ ဒဏ်ရာသည် ၃ ဦးက မည်သူပြုလုပ်မှုကြောင့် သေဆုံးရသူ ဟူ၍ အတိအကျ မစွပ်စွဲနိုင်သဖြင့် သားကြီးနှင့် အောင်လေးတို့ကို အပြင်းအထန် နာကျင်စေမှု ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၂၅၊ ကျော်ဇောဟန်ကို ပုဒ်မ ၃၂၅/၁၁၄ တို့ဖြင့် အသီးသီး စွဲချက်မိန့် ပြောင်းလဲခဲ့ကြောင်း သက်ဆိုင်ရာ ရှေ့နေများထံမှ သိရသည်။
မည်သူမဆို တဦးတယောက်သောသူအား မိမိအလိုအလျောက် အပြင်းအထန် နာကျင်စေလျှင် ထိုသူကို ၇ နှစ်ထိ ထောင်ဒဏ် တမျိုးမျိုး ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ရာဇသတ်ကြီးဥပဒေတွင် ပြဋ္ဌာန်းထား သည်။
ထိုပုဒ်မသည် ရဲအရေးပိုင်ဖြစ်ပြီး ထောင်ဒဏ် ၇ နှစ်ထိသာ ချမှတ်နိုင်သဖြင့် အာမခံပေးနိုင်သည့် ပုဒ်မထဲ ပါသွားရာ အောက်တရားရုံး (အရှေ့ပိုင်းခရိုင်တရားရုံး) ရောက်ပါက အာမခံပေးနိုင်သည့် ပုဒ်မ ဖြစ်ခြင်းကြောင့် ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၉၆ အရ ခိုင်လုံသည့် ခံဝန်တင်ပြနိုင်လျှင် အာမခံပေးရမည် ဖြစ်ကြောင်း ကျော်ဇောဟန်၏ ရှေ့နေက ဧရာဝတီကို ပြောသည်။
၂၀၁၆ က စတင်၍ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ဟာသ ဇာတ်လမ်းတိုများ တင်ပြီး နာမည်ကြီးလာသည့် အောင်ရဲ ထွေးသည် ၂၀၁၇ ဒီဇင်ဘာ ၃၁ ညပိုင်း The One Entertainment Park ၌ ပြုလုပ်သည့် နှစ်သစ်ကူးပွဲတွင် လူတစုက ဝိုင်းဝန်းထိုးကြိတ် ကန်ကြောက်ခဲ့မှုကြောင့် ဒဏ်ရာပြင်းထန်စွာ ရရှိကာ ပြည်သူ့ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြော ဌာနတွင် အရေးပေါ် ခွဲစိတ်ကုသပြီးနောက်၂၀၁၈ ဇန်ဝါရီ ၂ ရက်တွင် ကွယ်လွန်သွားခဲ့ခြင်း ဖြစ်သည်။
ယင်းအမှုနှင့် ပတ်သက်၍ အရှေ့ပိုင်းခရိုင်တရားရုံးက ၆ လကြာ စစ်ဆေးပြီးနောက် ရာဇဝတ်မှုကျင့်ထုံး ဥပဒေ ပုဒ်မ ၄၉၄(က)အရ အမှုရုပ်သိမ်းကြောင်း ဇူလိုင် ၂၅ တွင် အမိန့်ချခဲ့ပြီး ဖမ်းဆီးထားသည့် သံသယတရားခံ ၃ ဦးကို စွဲချက် မတင်ခင် ပြန်လွှတ်ပေးခဲ့ရာ လူမှုကွန်ရက်စာမျက်နှာတွင် ဝေဖန်မှုများ ကျယ်လောင်စွာ ထွက်ပေါ်ခဲ့သည်။
သမ္မတ ဦးဝင်းမြင့်ကလည်း အောင်ရဲထွေးအမှုနှင့် ပတ်သက်၍ နောက်ခံအကြောင်းရင်းများ၊ တခြားဆက်နွယ် ပတ် သက်မှုများနှင့် စပ်လျဉ်း၍ တိတိကျကျ စိစစ်ကာ ဥပဒေနှင့်အညီ မှန်မှန်ကန်ကန် ဆောင်ရွက်ရေး ညွှန်ကြားမှုများပြု လုပ်ခဲ့သည်။
ထို့နောက် အောင်ရဲထွေးအမှု ရုပ်သိမ်းခြင်းနှင့် ပတ်သက်၍ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ပါဝင်လာ ခဲ့ပြီး စုံစမ်းစစ်ဆေးမှုများ တရားစွဲဆိုမှုများ ပြုလုပ်ခဲ့ပြီးနောက် အောင်ရဲထွေးအမှုကို အရှေ့ပိုင်းခရိုင် တရားရုံးတွင် ၂၀၁၈ အောက်တိုဘာ ၉ ရက်မှ စတင်ကာ နောက်တကြိမ် ပြန်လည် စစ်ဆေးမှုများ ပြုလုပ်နေခြင်း ဖြစ်သည်။
လက်ရှိတွင် အရှေ့ပိုင်းခရိုင် တရားရုံး၌ အောင်ရဲထွေးအမှုတွင် စွပ်စွဲခံရသူ ၃ ဦးစလုံးကို လူသတ်မှု ပုဒ်မများဖြင့် တင် ပြီးနောက် ပြန်ခေါ်သက်သေ ၁၀ ဦးအနက် ၂ ဦးသာ ကျန်ရှိတော့သော်လည်း ပုဒ်မပြောင်းပြီး စွဲချက်တင်ရမည် ဖြစ်ရာ ရှေ့ကပြန်ခေါ်သက်သေ စစ်ဆေးမှုများ ပျက်သွားပြီ ဖြစ်ကြောင်း၊ ပြန်ခေါ်သက်သေ မခေါ်တော့ဘူးဆိုပါက တရားခံ စစ်မည် ဖြစ်ကြောင်း သိရသည်။
ဆက်စပ်ဖတ်ရှုရန်
အောင်ရဲထွေး သေဆုံးမှု လူသတ်မှုဖြင့် စွဲချက်တင်ခံရခြင်း အပေါ် တရားခံဘက်က မကျေနပ်
အောင်ရဲထွေး အမှု စွပ်စွဲခံရသူ တဦးက သမ္မတထံ အသနားခံစာ ပို့ထားရာ အကြောင်းမပြန်သေး
အောင်ရဲထွေးအမှု လူသတ်မှုစွဲချက် ပယ်ဖျက်ပေးရန် စွဲချက်တင်ခံရသူများ လျှောက်ထား