မြန်မာနိုင်ငံတွင် ပထမဆုံးကျင်းပပြုလုပ်မည့် လူသားများ၏ အာရုံငါးပါးကို ထိတွေ့ခံစားနိုင်သည့် အနုပညာပြပွဲ တခုကို ၄၈လမ်းအလယ်ဘလောက်ရှိ Myanmar Art ပြခန်းတွင် ဒီဇင်ဘာတလလုံး ပြသကျင်းပလျှက်ရှိသည်။
ဆရာဝန်တဦးဖြစ်သည့် ဆရာမဇွန်အိဖြူသည် အနုပညာနှင့် စိတ်ပညာ ပေါင်းစပ်ပြီး “အာရုံငါးပါးနဲ့ ပတ်သက်တဲ့ ဓါတ်ခွဲစမ်းသပ်မှု”ခေါင်းစဉ်ဖြင့် အနုပညာပွဲ ပြသခြင်းဖြစ်သည်။
ဆရာမ ဇွန်အိဖြူက“ဒီပွဲကတော့ လူသားအားလုံးအတွက်ပဲဖြစ်တယ်။ လူ့အဖွဲ့အစည်းအသိုင်းအဝိုင်းနဲ့ ထိတွေ့ တဲ့ လက်ရာလေးတွေ ပြသချင်တယ်။ ဒါကျတော့ ရုပ်အထည်ကြီးပြသလို့မရတဲ့အတွက် ဘာမှ မကျန်ခဲ့ဘူးပေါ့။ ဒီပွဲရဲ့စီစဉ်ထားတဲ့ပုံက အာရုံငါးပါးကို ထိတွေ့ခံစားလို့ရမယ့် အခင်းအကျင်းတခုကို အနုပညာပုံစံမျိုးနဲ့ ပြခန်းတခုထဲမှာ ခင်းကျင်းပြသတာဖြစ်တယ်”ဟု ဧရာဝတီသို့ ပြောသည်။
ယခုပွဲသည် ပုံမှန် ပြနေကျပန်းချီပြပွဲကဲ့သို့ ပရိသတ်အား ကြည်ရူခံစားခိုင်းခြင်း သက်သက် မဟုတ်ပဲ ကြည့်ရူ သူများအနေဖြင့် ကိုယ့်ခံစားချက်ကို ကိုယ်တိုင်ခံစားရှာဖွေပြီး ကြည့်ရမည့်ပွဲမျိုးဖြစ်သည်။
ပန်းချီဆရာမက ထိုပွဲအပေါ်ခံယူချက်နှင့်ပတ်သက်ပြီး “ဒီနိုင်ငံရဲ့ အနုပညာကို သတ်မှတ်ထားတဲ့စကားလုံးက ပန်းချီကားမှ၊ ပန်းပုလက်ရာမှ ဖြစ်နေတာပေါ့။ အဲဒါကို ကျမက မဟုတ်ဘူးဆိုတာကို ပြသချင်တာပါ။ အနုပညာ ဆိုတာက မျိုးစုံရှိတယ်။ ဒါကလည်း အနုပညာဆိုတာမျိုး ပြသချင်တဲ့သဘောပါ”ဟု ပြောသည်။
ထိုပြပွဲအတွင်း ဝင်လာသူများက ဖုန်းသုံးခွင့်မရှိသလို စကားပြောခွင့်လည်း မရသည့်အတွက် ပြခန်းအတွင်း တိတ်ဆိတ်ငြိမ်သက်နေမှာဖြစ်သည်။ ပြခန်းထဲ ရောက်သည်နှင့်တပြိုက်နက်ထဲ ကိုယ့်ကိုယ်ကိုယ်သာ အာရုံ စိုက်ထားပြီး ပထမဦးဆုံး ခန္ဓာကိုယ်နှင့် စိတ်ဖြေလျော့သည့်နည်းကို လုပ်ဆောင်ရမည်ဖြစ်သည်။
တရားထိုင်သကဲ့သို့ ငြိမ်သွားအောင် အသံဖိုင်တခုကို နားထောင်ပြီးမှ အာရုံငါးပါးကို တဆင့်ချင်း သွားရမည်။ ထို့နောက် အနံ၊ အမြင်၊ အထိအတွေ့၊ အရသာနှင့်အကြားကို သွားရောက်ပြီးပါက ကိုယ့်ကိုယ်ကိုယ် ပြန်သုံး သပ်ရမည့် အစီအစဉ်ကိုလည်း ထည့်သွင်းထားသည်။
ထိုအနုပညာပြပွဲက လူသားအားလုံးနှင့် သက်ဆိုင်သည့်အတွက် အားလုံးစိတ်ဝင်စားနိုင်မည့် ပွဲတခုဖြစ်တာ ကြောင့် မည်သူမဆိုလာရောက်ကြည့်ရှူကြရန် ပန်းချီဆရာမ ဇွန်အိဖြူက နိုးဆော်ထားသည်။
ပန်းချီဆရာမ ဇွန်အိဖြူသည် Solo Exhibitions ၃ကြိမ်ကို မြန်မာ၊ ဂျပန်နှင့် မလေးရှားနိုင်ငံတို့တွင် ပြုလုပ်ခဲ့ပြီး Group Exhibitionsအနေဖြင့် မြန်မာ၊ ဟောင်ကောင်၊ ထိုင်း၊ အင်ဒိုနီးရှား၊ စင်္ကာပူနှင့် သြစတြေးလျတို့တွင် အကြိမ် ၂၀ခန့် ပြုလုပ်ခဲ့သူဖြစ်သည်။
You may also like these stories:
ပန်းချီဆရာကြီး ဦးသက်ညွန့် ကွယ်လွန်
ပန်းချီ ခင်မေကြည်ရဲ့ သြစတြေးလျ နဲ့ မြန်မာရနံ့ပန်းချီကားများ
မြန်မာ့ပန်းချီသမိုင်း ပြုစုခဲ့သူ အင်ဒရူး ရေးနက် ကွယ်လွန်
Nude ပန်းချီကို ညစ်ညမ်းမှုလို့ မမြင်စေချင်တဲ့ ပန်းချီ စန္ဒာခိုင်