မန္တလေးခရိုင်၊ အောင်မြေသာစံမြို့နယ်၊ ၂၆ လမ်းနှင့် လမ်း ၈၀ ထောင့်ရှိ ကျုံးထဲသို့ လူတဦး ခုန်ချသေးဆုံးမှုတခု ဒီဇင်ဘာ ယနေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည်။
ကျုံးထဲသို့ လူတဦး ခုန်ချသွားသည်ကို တွေ့လိုက်ရသူများက နန်းတော်ရှေ့လူမှုကယ်ဆယ်ရေး အဖွဲ့ထံ အကြောင်းကြားရာမှ လူမှုကယ်ဆယ်ရေး အဖွဲ့များ၊ မီးသတ်တပ်ဖွဲ့များ ပူးပေါင်း ရှာဖွေရာ သေဆုံးလျှက်သာ ပြန်တွေ့ခဲ့ရကြောင်း သိရသည်။
နန်းတော်ရှေ့ လူမှုကယ်ဆယ်ရေးအဖွဲ့မှ ဦးသိန်းထွန်းအောင် က “သေဆုံးသူရဲ့ အကြောင်းရင်း ကိုတော့ တိတိကျကျ မသိရသေးပါဘူး၊ ကျနော်တို့ကို လှမ်းအကြောင်း ကြားတာကြောင့် သွားပြီး ကယ်ဆယ်ရေးလုပ်ခဲ့တာပါ၊ သူက ကျုံးရေထဲကို ခုန်ချသွားတာ၊ လူကတော့ သေဆုံးသွားပါတယ်”ဟု ပြောသည်။
ကျုံးရေပြင်အတွင်းသို့ ခုန်ချခဲ့သူမှာ အသက်လေးဆယ်ဝန်းကျင်အရွယ်ရှိ အမျိုးသားတဦးဖြစ်ပြီး မည်သူမည်ဝါဖြစ်သည်၊ မည်သည့်အကြောင်းကြောင့် ခုန်ချခဲ့သည်ကို အတိအကျမသိရသေးဟု အောင်မြေသာစံမြို့နယ်ရဲတပ်ဖွဲ့မှ သိရသည်။
သေဆုံးသူ၏ နေရပ်လိပ်စာအား စုံစမ်းစစ်ဆေးစဲဖြစ်ပြီး ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်၊ မဟုတ် စစ်ဆေးရန်အတွက် ရုပ်အလောင်းအား နိဗ္ဗာန်သုခလူမှုကူညီရေးယာဉ်ဖြင့် မန္တလေး အထွေထွေ ရောဂါကုဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ကျုံးရေပြင်အတွင်း ခုန်ချသေဆုံးမှုနှင့်ပတ်သတ်၍ အမှတ် ၂ နယ်မြေ ရဲစခန်းတွင် သေမှုသေခင်းအမှတ်စဉ် (၄၅/၂၀၁၉) ဖြင့် ရေးဖွင့်ထားကြောင်း သိရသည်။
ယခုအခါ ကျုံးရေပြင်အတွင်းသို့ ခုန်ချ၍ မိမိကိုယ်မိမိ အဆုံးစီရင်မှုများ မကြာခဏ ဖြစ်ပွားနေလျက်ရှိရာ ထိုကဲ့သို့ လုပ်ဆောင်နေကြခြင်း၏ အဓိက အကြောင်းရင်းများမှာ စီးပွားရေး မပြေလည်မှုများနှင့် လူမှုရေးကိစ္စရပ်များကြောင့် အများဆုံး ပြုလုပ်နေကြခြင်းဟု ရဲတပ်ဖွဲ့က သုံးသပ်သည်။
မန္တလေးခရိုင်ရဲတပ်ဖွဲ့မှ အမည်မဖော်လိုသူ ရဲအရာရှိတဦးက “အဓိကကတော့ လူမှုရေးကိစ္စတွေပေါ့၊ ပြီးတော့ စီးပွားရေးအဆင်မပြေမှုတွေကလည်း တစိတ်တပိုင်း သက်ဆိုင်တယ်လို့ပဲ ပြောချင်ပါတယ်”ဟု သုံးသပ်ပြောပြသည်။
You may also like these stories:
ရာဇဝတ်မှုနဲ့ ကိုယ်ချင်းမစာနာမှုက မန္တလေးရဲ့ ပုံရိပ်လား
မန္တလေးကျုံးဘေး လူငယ်နှစ်ဦး ဓားထိုးခံရမှုမှ ကျူးလွန်သူများကို ဖမ်းမိ