မျက်နှာပေါ်ရှိ မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်းကွဲ နေသည့် ကလေးငယ်များကို နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံတွင် အခမဲ့ခွဲစိတ် ကုသပေးနေကြောင်း သတင်းရရှိသည်။
ဒီဇင်ဘာ ၁၄ ရက်နေ့က နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံတွင် ကမ္ဘောဇဘဏ်လိမိတက် နှင့် စင်ကာပူနိုင်ငံမှ Smile Asia အဖွဲ့တို့ ပူးပေါင်းပြီး တိုင်းနှင့် ပြည်နယ် အသီးသီးရှိ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးငယ် ဦးရေ ၁၀၀ နီးပါးကို အခမဲ့ ခွဲစိတ်မှု အခမ်းအနား ဖွင့်ပွဲကို ကျင်းပခဲ့ခြင်းဖြစ်သည်။
နေပြည်တော် ကုတင် (၁၀၀၀) ပြည်သူ့ဆေးရုံကြီး ကျွမ်းကျင်သူ ဒေါက်တာပပက “ဒီလို ခွဲစိတ်တဲ့ နေရာမှာ အခမဲ့ ဆောင် ရွက်ပေးနေတာပါ။ ဒီလို အခမဲ့ဆောင်ရွက်ပေးတာကို စောစောစီးစီး သိပြီး လာရောက် ခွဲစတ် ကုသမှု ခံယူခြင်း အားဖြင့် ဘဝမှာ ရုပ်ဆင်းအင်္ဂါ အားဖြင့်လည်း တင့်တယ်မှုရှိပါမယ်” ဟု ပြောသည်။
ထိုသို့ နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံတွင် ကမ္ဘာဇဘဏ် နှင့် ချိတ်ဆက်၍ ခွဲစိတ်ကုသခြင်းမှာ ပမထဆုံးအကြိမ်ဖြစ် ပြီးနှုတ်ခမ်းကွဲ ကလေးကို ခွဲစိတ်မည် ဆိုပါက အနည်းဆုံး အသက် ၃ လရှိရ မည် ဖြစ်ပြီး၊ အာခေါင်ကွဲ ကလေးကို ခွဲစိတ် မည် ဆိုပါက အနည်းဆုံး အသက် ၉ လ နှင့် ၁ နှစ်ခွဲ ကြားထဲတွင် ရှိရမည် ဖြစ်ကြောင်း နေပြည်တော်ကုတင် (၁၀၀၀) ပြုပြင်မှုဆိုင်ရာ ခွဲစိတ်မှုနှင့် မျက်နှာမေးရိုးခွဲစိတ်မှု ဌာနမှ ပါမောက္ခဒေါက်တာ ဝင်းထွန်း ကရှင်းပြသည်။
စင်ကာပူနိုင်ငံမှ Smile Asia အဖွဲ့တွင် နိုင်ငံ ၉ နိုင်ငံမှ ခွဲစိတ် ဆရာဝန်ကြီးများ ပါဝင်ပြီး၊ ကုတင် ၁၀၀၀ မှ ခွဲစိတ် ဆရာ ဝန်ကြီးများနှင့် ပူးပေါင်း၍ တရက်ကို နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးငယ် ၂၀ ဦးအထိ ခွဲစိတ်မည်ဖြစ်ပြီး ၄ ရက်ဆက် တိုက် ခွဲစိတ်သွားမည် ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။
ထိုသို့ နိုင်ငံတကာမှ ပညာရှင်များလာရောက်ခွဲသမှုပြီးစီးပါကလည်း အခြားအချိန်များတွင် အချိန်မရွေးလာရောက်ခွဲစိတ် ကုသနိုင်ကြောင်း၊ ကုသပါကလည်း အခမဲ့ ခွဲစိတ်ကုသပေးခြင်းသာ ဖြစ်ကြောင်း ပါမောက္ခဒေါက်တာ ဝင်းထွန်းက ရှင်းပြ သည်။
“အချို့ကလည်း နယ်တွေမှာ ရှိတယ်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဆောင်ရွက်ပေးနေတဲ့ အစီအစဉ်တွေ ကိုလည်း အသိနည်းကြတာလည်း ပါတယ်။ လာရင်ကုန်ကျမှာလား စိုးရိမ်တာလည်း ပါတယ်။ မလာရဲကြဘူး” ဟု ဒေါက် တာ ပပကဆိုသည်။
အဆိုပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးငယ်များကို ခွဲစိတ်ကူသမှု မပြုလုပ်ခင် လိုအပ်သည့် ကိုယ် အလေးချိန်ပြည့်မှီ ရန် လိုအပ်ခြင်း၊ သွေးအားပြည့်ခြင်း၊ အဆုပ်ကောင်းခြင်း အစရှိသည့် ကျန်းမာရေးစစ်ဆေးချက်များပြုလုပ်ပြီးပါ ခွဲစိတ်မှုပြု လုပ် ကြောင်း ဒေါက်တာ ဝင်းထွန်းက ဆိုသည်။
“မွေးကတည်းက ပါလာတော့ စိတ်တွေ ရှုပ်တာပေါ့။ ဒီကလေးကို ဘယ်လို ကုသရမလဲဆိုတာ လည်း မသိဘူး။ အခုလို အခမဲ့ ကုပေးတော့ တအားဝမ်းသာပါတယ်။ ကိုယ့်ဆီမှာက စစ်ကလည်း ဖြစ်နေတော့ လမ်းပိတ်မှာစိုးလို့ ကြိုလာရတာ”ဟု ရခိုင်ပြည်နယ်မှ နှုတ်ခမ်းကွဲ မိခင်တဦးဖြစ်သူ ဒေါ်လှမြင့်ရည် ကပြောသည်။
ထိုသို့နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးများ မွေးရာပါ ပါလာရခြင်းမှာ မျိုးရိုးကြောင့် လည်း ဖြစ်တတ်ကြောင်း၊ ကိုယ်ဝန် ဆောင်စဉ် လိုအပ်သည့်အဟာရဓာတ်များ ချို့တည့်ခြင်းများကြောင့် လည်း ဖြစ်တတ်ကြောင်း နှင့် မည်သည့် အကြောင်းမှ ရှာမရအောင် ဖြစ်တတ်သည့် လက္ခဏာမျိုးလည်း ဖြစ်ကြောင်း ဒေါက်တာဝင်းထွန်းကဆိုသည်။
ယခုနေပြည်တော်တွင်လာရောက် ကုသမှု ပြုလုပ်သည့် အကြိမ်ရေမှာ ၈ ကြိမ်မြောက်ဖြစ် ကြောင်း၊ ရန်ကုန်ဆေးရုံတွင် ၄ ကြိမ်နှင့်တောင်ကြီးမြို့တွင် ၃ ကြိမ် ခွဲစိတ်ကုသမှု ပြုလုပ်ခဲ့ပြီးဖြစ် ကြောင်း၊ ၂၀၁၆ ခုနှစ်မှ စတင်၍ အဆိုပါ ပရောဂျက်ကို စတင်ခဲ့ပြီး ပြီးခဲ့သည့် မစ်ရှင် ( Mission) ခုတွင် လူနာဦးရေ ၆၀၀ ကျော်ကို အောင်မြင်စွာ ခွဲစိတ်ကုသပြီး ဖြစ်ကြောင်း ကမ္ဘောဇဘဏ်မှ ယင်း ပရိုဂျက်အတွက် တာဝန်ယူထားသည့် စီနီယာမန်နေဂျာ ဒေါ်ယမင်းရွှေရည် က ပြောသည်။
“တယောက်ကို ပျဉ်းမျှ ကုန်ကျစရိတ် ၅ သိန်းခန့် ကုန်ကျပါတယ်။ ခွဲစိတ်ကုသတဲ့ လူနာသည် ပိုက်ဆံ တပြားတချပ်မှ အကုန် မခံရဘဲ အခမဲ့ ကုပေးတာဖြစ်ပါတယ်” ဟု ပြောသည်။
ယခုကဲ့သို့ အခမဲ့ ခွဲစိတ်ကုသမှုများ ပေးနေသဖြင့် ရုပ်ဆင်းအဂါၤဖြင့် တင့်တယ်မှု ရှိစေရန် အတွက် အနယ်နယ် အရပ်ရပ်မှ ရှိသည့် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာများ နေပြည်တော် ကုတင် ၁၀၀၀ သို့ လာရောက်၍ အခမဲ့ ခွဲစိတ်ကူသမှု ခံယူကြရန် သတင်းစကား ပါးလိုကြောင်း ဒေါက်တာ ပပ က ဆိုသည်။