မြန်မာ့ တပ်မတော် (လေ)က တပ်တော်ဝင်ခဲ့သည့် တိုက်လေယာဉ်၊ ရဟတ်ယာဉ်များသည် လက်တွေ့ တိုက်ပွဲဝင်ထား သည့် ယာဉ်များဖြစ်၍ နိုင်ငံတကာ အဆင့်မီ ခေတ်မီ လေတပ်တခု ဖြစ်လာရန် အတွေ့အကြုံကောင်းများ ရရှိလာကြောင်း တပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
၇၂ နှစ်မြောက် တပ်မတော်(လေ)နေ့ အခမ်းအနားကို မိတ္ထီလာတပ်နယ် လေကြောင်း အတတ်သင် လေတပ် စခန်း တွင် ယမန်နေ့က ပြုလုပ်ရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တပ်မတော် အရာရှိကြီး များ တက်ရောက်ပြီး တပ်တော်ဝင်လာသည့် JF-17 B ဘက်စုံသုံး တိုက်ခိုက်ရေး လေယာဉ် ၂ စင်း၊ Yak-130 အပေါ့စား တိုက်လေယာဉ် ၆ စင်းနှင့် MI-35 P တိုက်ခိုက်ရေး ရဟတ်ယာဉ် ၂ စီး စုစုပေါင်း လေယာဉ်၊ ရဟတ်ယာဉ် ၁၀ စင်း ကို ကြည့်ရှုစစ်ဆေး သည်။
တပ်တော်ဝင်သည့် လေယာဉ်များသည် ၁၁ ကြိမ်မြောက် ဖြည့်တင်းခြင်း ဖြစ်ပြီး ယခု နောက်ပိုင်း ဖြည့်တင်းပေးခဲ့သည့် ရဟတ်ယာဉ် လေယာဉ်များတွင် လေယာဉ် အမျိုးအစား ၁၀ မျိုး စုစုပေါင်း ၇၉ စင်းနှင့် ရဟတ်ယာဉ် အမျိုးအစား ၅ မျိုး၊ စုစုပေါင်း ၁၇ စင်းဖြင့် အားလုံး စုစုပေါင်း ၉၆ စင်း ဖြည့်တင်းပေးခဲ့ပြီ ဖြစ်ကြောင်း သိရသည်။
တပ်တော်ဝင်ဆိုသည်မှာ မည်သည့်တိုက်ပွဲဝင် စစ်ယာဉ်မျိုးမဆို တပ်မတော်တွင် စတင် တာဝန်ထမ်း ဆောင်ခြင်းအဖြစ် တရားဝင် စာရင်း သွင်းလိုက်ခြင်း ဖြစ်သည်။
“အိမ်နီးချင်းနိုင်ငံနဲ့ နှိုင်းယှဉ်မယ်ဆိုရင် အိန္ဒိယ၊ တရုတ်တို့နဲ့တော့ ယှဉ်လို့ မရဘူးပေါ့။ ဒီဘက်မှာ ရှိနေတဲ့ အိမ်နီးချင်း ၃ နိုင်ငံနဲ့တော့ နှိုင်းယှဉ်လို့ ရတာပေါ့။ နှိုင်းယှဉ်လို့ ရတဲ့အထဲမှာ မြန်မာ့ တပ်မတော် အနေနဲ့လည်းပဲ နှိုင်းယှဉ်လို့ရတဲ့ အပြင် တိုက်ပွဲဝင်မှုပေါ့။ လေ့ကျင့်မှုကလည်း တိုက်ပွဲဝင်တာပါပဲ”ဟု တပ်မတော်မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
လက်တွေ့ တိုက်ပွဲဝင်ရာတွင် မြေပြင်တပ်များကို အကူအညီပေးခြင်း အပါအဝင် လက်တွေ့ တိုက်ပွဲဝင်သည့် အတွေ့ အကြုံမျိုးသည် မြန်မာ့ တပ်မတော် တခုတွင်သာ ရှိကြောင်း တပ်မတော် တာဝန်ရှိသူများက ပြောဆိုသည်။
“စစ်ဆင်ရေး အတွေ့အကြုံဆိုတာ တန်ဖိုး မဖြတ်နိုင်တဲ့ဟာပဲ။ စစ်ဆင်ရေး အတွေ့ အကြုံဆိုတာ တွေ့ကြုံချင်တိုင်း လည်း တွေ့ကြုံလို့ ရတာမှ မဟုတ်တာကိုး။ ဒီဟာတွေ ဆောင်ရွက်ရခြင်း အကြောင်းရင်းကတော့ နိုင်ငံတကာ အဆင့်မီ ခေတ်မီ လေတပ်မတော် တခု ဖြစ်လာဖို့ပဲ။ မိမိရဲ့ ဝေဟင်ပိုင်နက်ကို မိမိ ကာကွယ်နိုင်ဖို့ပဲ”ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က ပြောသည်။
၎င်းက ဆက်၍“အခုနောက်ပိုင်း စစ်ပွဲတွေမှာ လေယာဉ်နဲ့ လေကြောင်း ပစ်ကူတွေက ပိုပြီး အရေး ပါလာတာ တွေ့ရတယ်။ ဘယ်လိုပဲ ပြောပြော ခြိမ်းခြောက်မှု ကျူးကျော်တိုက်ခိုက်မှု ဆိုတာ လည်း အများအားဖြင့်ကတော့ လေကြောင်းကလာတဲ့ ဟာတွေက ပိုများတာပေါ့လေ”ဟု ပြောဆိုသည်။
တပ်တော်ဝင်ရာတွင် တရုတ်- ပါကစ္စတန် ပူးတွဲထုတ်လုပ်သည့် JF-17 ဘက်စုံသုံး တိုက်လေယာဉ် အမျိုးအစားလည်း ပါဝင်ပြီး၊ ကြားဖြတ် တိုက်ခိုက်ရေးနှင့် အပေါ့စား ဗုံးကြဲလေယာဉ် များ အဖြစ်ပါ အသုံးပြုနိုင်ကြောင်း၊ အလားတူ ရုရှားလုပ် Yak – 130 မှာ အပေါ့စား တိုက်ခိုက် ရေးလေယာဉ် အဖြစ်သာမက လေ့ကျင့်ရေးတွင်လည်း အသုံးပြုနိုင်ကြောင်း သိရသည်။
JF – 17 သည် ဝေဟင်မှ ရေပြင်ကိုပါ တိုက်ခိုက်နိုင်သည့် အစွမ်းသတ္တိ ရှိပြီး အထူးသဖြင့် ဘင်္ဂလားဒေ့ရှ်နှင့် ရေပိုင်နက် အငြင်းပွားမှု ဖြစ်ပြီးနောက် တပ်မတော်က ရေပြင်မှ သင်္ဘောများကို ပြန်လည် တိုက်ခိုက်နိုင်စွမ်းနှင့် ပတ်သက်ပြီး အလေးထားလာရာ JF – 17 ဖြည့်တင်းမှုသည် ဘင်္ဂလားဒေ့ရှ်နှင့် နှိုင်းယှဉ်ပါက စက်လက်နက်ပိုင်းဆိုင်ရာ အားသာမှု တခုကို ရရှိသွားပြီ ဖြစ်ကြောင်း သေနင်္ဂ အင်စတီကျူမှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက ပြောသည်။
အလားတူ တပ်တော်ဝင်ရာတွင် ပါဝင်သည့် ရုရှားလုပ် MI – 35 တိုက်ခိုက်ရေး ရဟတ်ယာဉ် များသည် မြေပြင်ပစ်ကူအတွက် ကောင်းကောင်းသုံးနိုင်ပြီး ညဘက် စစ်ဆင်ရေးများ တွင်ပါ အသုံးပြုနိုင်ခြင်း ကြောင့် ယခုနောက်ပိုင်း တိုက်ပွဲများတွင် ညဘက်ပါ အဖြစ်များ လာသည့် အတွက် အားသာချက်တခု ဖြစ်စေကြောင်း ၎င်းက သုံးသပ်သည်။
“ဘင်္ဂလားဒေ့ရှ်နဲ့ ကျနော်တို့က ယှဉ်ရင် လောလောဆယ် အနေအထားမှာရော နောက်ရောက်လာ မယ့် Su – 30 တွေ ပါ ထည့်တွက်လိုက်မယ်ဆိုရင် လေတပ်တင်မကဘူး၊ ကြည်းတပ်ရော ရေတပ် ပိုင်းဆိုင်ရာမှာပါ ကျနော်တို့က အေးအေး ဆေးဆေး အသာစီးယူနိုင်တဲ့ အနေအထားပါ”ဟု ဦးသိန်းထွန်းဦးက ပြောသည်။
ရုရှားက မြန်မာ့တပ်မတော်ကို ဆူခွိုင်း အမျိုးအစား Su -30 တိုက်လေယာဉ် ၆ စင်း ရောင်းချပေးမည် ဖြစ်ကြောင်း ရုရှား ဒုတိယ ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး အလက်ဇန္ဒားဖိုမင်က ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလက ထုတ်ဖော် ကြေညာ ခဲ့သည်။
မြန်မာ့ လေတပ်ရှိ ဂျက်လေယာဉ်၊ တိုက်လေယာဉ်၊ ရဟတ်ယာဉ်များအားလုံးသည် တရုတ်နှင့် ရုရှားနိုင်ငံထုတ်များ ဖြစ် သည်။
သေနင်္ဂ အင်စတီကျူမှ ဦးသိန်းထွန်းဦးက“အထူးသဖြင့် မြန်မာက အိန္ဒိယဘက်က ရေငုပ်သင်္ဘော ဝယ်ပြီးတဲ့နောက်ပိုင်းမှာတောင်မှ ထိုင်းဘက်က ဘာသံထွက်လာလဲဆိုတော့ အက်ဒမန်ပင်လယ် ပြင်ဘက်မှာ မြန်မာရေတပ်ရဲ့ လှုပ်ရှားမှု တွေ သူတို့ စောင့်ကြည့်ဖို့ လိုအပ်လာတယ်ဆိုတဲ့ စကား မျိုး အသံ ထွက်လာတယ်ပေါ့။ ဒါသည် ကျနော်တို့ နိုင်ငံရဲ့ အင်အားကို ဒေသတွင်းနိုင်ငံ တွေက ရှိန်လာရတဲ့ သဘောပါ”ဟု ပြောသည်။
မြန်မာတွင် ယခင်က ဂျက်တိုက်လေယာဉ်မျိုး မရှိခဲ့ဘဲ ပန်ကာတပ်လေယာဉ်သာ ရှိခဲ့ရာ မြန်မာ လေပိုင်နက်ပေါ်အတွင်း အမြဲတမ်း ဖြတ်သန်းသွားသည့် နိုင်ငံတကာ လေယာဉ်များကို စောင့်မကြည့်နိုင်ဘဲ အခွန် နစ်နာမှုများ ရှိခဲ့ဖူးကြောင်း၊ ယခု အခါ တပ်မတော်(လေ)ကို အင်အား ဖြည့်တင်းမှုနောက်ပိုင်းတွင် မဖြစ်မနေ အခွန်ဆောင်လာကြကြောင်း တပ်မတော် ဘက်က ပြောဆိုသည်။
စစ်အစိုးရလက်လက် ၁၉၉၀ ပြည့်နှစ်မှစပြီး မြန်မာ့ လေတပ်တွင် တရုတ်နှင့် ရုရှားနိုင်ငံတို့မှ တိုက်လေယာဉ်များသာ အသုံးပြုနေရသော်လည်း ၂၀၁၃ ခုနှစ်တွင် ဥရောပ သမဂ်ဂ (EU) ၏ ဒဏ်ခတ်ပိတ်ဆို့မှု ရုပ်သိမ်းချိန်တွင် ဥရောပ လုပ် လေယာဉ် အုပ်စုများထဲမှ ဂျာမနီနိုင်ငံထုတ် Grob G120TP လေ့ကျင့်ရေး လေယာဉ် ၁၂ စင်းကို မြန်မာ လေတပ်က ၂၀၁၇ ခုနှစ်၌ ဝယ်ယူခွင့် ရရှိခဲ့သည်။
၂၀၁၅ ခုနှစ်ကလည်း လေ့ကျင့်ရေး ဂျက်တိုက်လေယာဉ် K – 8 W ၊ သယ်ယူပို့ဆောင်ရေးနှင့် လေကြောင်း ကင်းထောက် အတွက် အသုံးပြုသော ပြင်သစ်နိုင်ငံထုတ် ATR – 42 နှင့် အမေရိကန်ထုတ် BEECH 1900 D လေယာဉ်များ တပ်တော်ဝင် အခမ်းအနားတခု ပြုလုပ်ခဲ့သေးသည်။
K – 8 W လေ့ကျင့်ရေး ဂျက်တိုက်လေယာဉ်များသည် အပေါ့စား တိုက်ခိုက်ရေးတာဝန်များ ထမ်းဆောင်နိုင်ပြီး ခေတ်မီအဆင့်မြင့် ရှေ့တန်း ဂျက်တိုက်လေယာဉ်များ မောင်းနှင်မည့် လေသူရဲများကို ကြားခံ လေ့ကျင့်ပေးနိုင်သော အပေါ့ စား တိုက်ခိုက်ရေး အမောင်းသင် ဂျက်လေယာဉ်များ ဖြစ်ကြောင်း သိရသည်။
K – 8 W လေယာဉ်များကို တရုတ် CATIC ကုမ္ပဏီနှင့် မြန်မာ ကာကွယ်ရေး ပစ္စည်း ထုတ်လုပ်ရေး အရာရှိချုပ်ရုံးတို့ ပူးပေါင်း၍ မြန်မာနိုင်ငံအတွင်း တပ်ဆင်ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။
တပ်မတော်(လေ)ကို ဗြိတိသျှ ကိုလိုနီလက်အောက် ၁၉၄၇ ခုနှစ် ဇန်နဝါရီလက စတင်ဖွဲ့ စည်းခဲ့ခြင်းဖြစ်ပြီး လွတ်လပ် ရေး ရသည့်အခါ လေယာဉ် အနည်းငယ်သာ ရရှိခဲ့သည်ဟု ဆိုသည်။
ထိုစဉ်က တပ်မတော် (လေ)၏ အဓိကတာဝန်မှာ ပြည်တွင်း လက်နက်ကိုင် တိုက်ပွဲများတွင် သယ်ယူပို့ဆောင်ရေး၊ ထောက်ပံ့ရေးနှင့် တပ်မတော်(ကြည်း)ကို လေကြောင်း ထောက်ပံ့မှု ပေးရေးတို့ ဖြစ်ကြောင်း သိရသည်။
You may also like these stories:
တိုင်းပြည်ဝင်ငွေတိုးရန် လက်နက်များ ရောင်းချပေးနိုင် ဟု တပ်မတော် ပြော
ထိုင်းရေတပ် သင်္ဘောတည်ဆောက်ရေးလုပ်ငန်းသို့ တပ်ချုပ် သွားရောက်ခဲ့
ရခိုင် စစ်ဘေးရှောင်များ အတွက် တပ်မတော် ကျပ် သိန်း ၅၀၀၀ လှူ