အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီပိုင်ရှင် ဦးစိုးထွန်းရှိန်ကို သတ္တုတွင်း ဥပဒေ ပုဒ်မ၃၀(က) အပြင် ရွှေများ ပြန်ရလို သည့် တရားမမှု၊ ပြည်သူပိုင်ပစ္စည်း အကျိုးဖျက်ဆီးမှုများဖြင့်ပါ တရားစွဲဆိုထားသည်ဟု သိရသည်။
ဒီဇင်ဘာ ၁၆ ရက်က ရမည်းသင်းမြို့နယ် တရားရုံး၌ ၆ ကြိမ်မြောက် ရုံးထုတ်ရာတွင် ဦးစိုးထွန်းရှိန်၏ အကျိုးဆောင် အဖြစ် စတင် ပါဝင်ခဲ့သည့် ရှေ့နေ ဦးလှိုင်ထွဏ်းသည် ကာယကံရှင် ၏ သဘောဆန္ဒအရ ဟုဆိုကာ ရှေ့နေပါဝါ ရုပ်သိမ်း ခဲ့ပြီး တရားလွှတ်တော် ရှေ့နေ ဒေါ်ခင်ခင်တော် က ဦးစိုးထွန်းရှိန်၏ ရှေ့နေအဖြစ် ဆက်လက် ဆောင်ရွက်ခဲ့ခြင်းဖြစ် သည်။
ရှေ့နေ ဒေါ်ခင်ခင်တော်က “ဒီနေ့ တရားခွင်ကတော့ တရားလိုကို Cross (အပြန်အလှန် မေးမြန်ချက်) လုပ်တာ မပြီးသေး ဘူး။ တရားလိုကတော့ ဒီရွှေနဲ့ ပတ်သက်ပြီး ၆ (၁) နဲ့လည်း စွဲတယ်။ တရားမမှုနဲ့လည်း စွဲတယ်၊ ၃၀(က)လည်း စွဲတယ်။ ဒီပြဿနာ တခုကို အမှု ၃၊ ၄ ခုနဲ့ လူတယောက်ကို စွဲထားတယ်။ ကျန်တာတော့ တရားရုံးရဲ့ဆုံးဖြတ်ချက် အမိန့်တစုံတရာ မရှိသေးဘဲနဲ့ ဘာဖြစ်တယ်ဆို ပြောလို့ မရသေးပါဘူး။ တရားလိုကို စစ်တာ မပြီးသေးဘူး” ဟု ပြောသည်။
သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ အမှတ် (၂) သတ္တုတွင်း လုပ်ငန်းမှ အထွေထွေမန်နေဂျာ (ထုတ် လုပ်) ဦးအေးဇော်က တရားလိုပြုလုပ်၍ ၂၀၁၈ခုနှစ် မတ်လ ၁၉ ရက်က ရမည်းသင်းမြို့နယ် မြို့မရဲစခန်းတွင် အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီပိုင်ရှင် ဦးစိုးထွန်းရှိန် အပါ ၅ ဦးကို သတ္တုတွင်း ဥပဒေပုဒ်မ ၃၀(က)ဖြင့် အမှုဖွင့် တရားစွဲထား သည့် အပြင်၂၀၁၈ ခုနှစ် ဇွန်လ အတွင်းကလည်း မန္တလေးတိုင်း တရားလွှတ်တော်တွင်လည်း တရားမကြောင်းအရ တရား စွဲဆိုထားသည်။
ထို့ပြင် သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ အမှတ် (၂) သတ္တုတွင်း လုပ်ငန်းမှ လက်ထောက် အထွေ ထွေမန်နေဂျာ (ထုတ်လုပ်) ဦးတင်မောင်ဆွေကလည်း တရားလိုပြုလုပ်၍ ဦးစိုးထွန်းရှိန်နှင့် ဒါရိုက်တာ အဖွဲ့ဝင်များ ကို၂၀၁၉ ခုနှစ် သြဂုတ်လ ၃ ရက်က ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးမှု ၆ (၁) ဖြင့်လည်း ထပ်မံ တရားစွဲဆိုထားကြောင်း သိရသည်။
ထိုသို့ တရားစွဲဆိုခြင်းများမှာ ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ အကြံပေးချက်အရ သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ညွှန်ကြားချက်အရ တရားစွဲခြင်းများ ပြုလုပ်သည်ဟု ဦးအေးဇော်အား တရားခွင် အပြန် အလှန် စစ်မေးချက်များ အရ သိရပြီး ယနေ့ တရားရုံး စစ်ဆေးမှုတွင် ဦးစိုးထွန်းရှိန်ဘက်မှ စာရွက်စာတမ်း သက်သေ ၈ ခုအား တရားရုံးတော်သို့ တင်သွင်းခဲ့သည်။
သတ္တုတွင်း ဥပဒေ ဦးစိုးထွန်းရှိန်နှင့်အတူ အမျိုးသားကြီးပွား တိုးတက်ရေး ကုမ္ပဏီမှ ဝန်ထမ်းများ ဖြစ်သော ညီညီလွင်၊ ခင်ဇော်၊ မင်းမင်းစိုး၊ စောမောင် တို့အား ရမည်းသင်းမြို့နယ် တရားရုံးက လက်ခံစစ်ဆေးနေခြင်း ဖြစ်သည်။
ဦးစိုးထွန်းရှိန်နှင့် အတူ အမှုဖွင့်ခံထားရသူကို ရမည်းသင်းမြို့နယ် တရားရုံး၌ ဒီဇင်ဘာလ ၁၆ ရက်တွင် ရုံးထုတ်ခဲ့ ပြီး တရားလို ဦးအေးဇော်ကို စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။
ရမည်းသင်းမြို့နယ်တရားရုံး သတင်းပြန်ကြားရေး အရာရှိ မြို့နယ် တရားသူကြီး ဦးဇော်လင်းမောင်က “တရားလို ဦးအေး ဇော်ကို စစ်ဆေးခြင်း ဖြစ်ပြီး ၎င်းအား ဆက်လက်စစ်ဆေးရန်နှင့် တရားလိုပြသက်သေ ဦးတင်မောင်ဆွေအား စစ်ဆေးရန် ဒီဇင်ဘာ၂၄ ရက်သို့ ရုံးချိန်း ပြန်လည် ချိန်းဆိုပေးခဲ့ပါတယ်။ အမှုကို စွပ်စွဲခံရသူဘက်မှ ပြန်လည် စစ်မေးနေဆဲဖြစ်ပါ တယ်” ဟု ပြောသည်။
ရမည်းသင်းမြို့နယ် တရားရုံး၌ တရားစွဲခံထားရသည့် အမှုတွင် တရားလိုအပါအဝင် သက်သေ ၁၈ ဦး တင်ပြထားပြီး လာ မည့် ရုံးချိန်းကို ဒီဇင်ဘာလ ၂၄ ရက်သို့ ပြန်လည် ချိန်းဆိုပေးခဲ့ကာ တရားလို ဦးအေးဇော်နှင့် တရားလိုပြသက်သေ ဦး တင်မောင်ဆွေ တို့အား စစ်ဆေးမှုများ ပြုလုပ်သွားမည်ဟု သိရသည်။
ဦးစိုးထွန်းရှိန်သည် ၎င်းပိုင်ဆိုင်သည့် အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီက မန္တလေးတိုင်း ရမည်းသင်း မြို့နယ်တွင် မြေဧက ၆၀၀၀ ကျော် ရွှေလုပ်ကွက် လုပ်ကိုင်ခဲ့ပြီးနောက် အစိုးရသို့ ပေးသွင်းရမည့် သတ်မှတ် ရွှေပိဿာချိန်များကို ပေးသွင်းမှု မရှိသည့်အပြင် တရားမဝင် တူးဖော်မှုများ ပြုလုပ်သည်ဟု ဆိုကာ သတ္တုတွင်း ဥပဒေဖြင့် အမှုဖွင့် ခံထားရခြင်း ဖြစ်သည်။
You may also like these stories:
ဦးစိုးထွန်းရှိန်နှင့်အတူ အမှုဖွင့်ခံထားရသူများ လာရောက်အဖမ်းခံ
တရားခံပြေး (ဦး)စိုးထွန်းရှိန်ကို ထိုင်းနိုင်ငံတွင် ဖမ်းမိ
(ဦး) စိုးထွန်းရှိန် အမှု တရားလို စတင်စစ်ဆေး