သတင်း

ရွာလူကြီး ၂ ဦး အသတ်ခံရမှု အရေးယူပေးရန် မင်းပြား ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ တောင်းဆို

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်အတွင်း စိတ္တရာရွာ အုပ်ချုပ်ရေးအဖွဲ့ဝင် ၂ ဦးနှင့် အမျိုးသမီး ၁ ဦး သတ်ဖြတ်ခံရခြင်းနှင့် ပတ်သက်၍ အမှန်တရား ဖော်ထုတ်ပြီး ကျူးလွန်သူများကို အရေးယူ ပေးရန် ရပ်/ ကျေး အုပ်ချုပ်ရေးမှူး ၆၀ ကျော် တောင်းဆိုလိုက်ကြောင်း သတင်းရရှိသည်။

ယမန်နေ့ ဒီဇင်ဘာလ ၁၆ ရက်နေ့က အဆိုပါ မင်းပြားမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ၆၀ ကျော်သည် ဥက္ကာပျံရပ်ကွက်ရှိ ဘုန်းတော်ကြီး ကျောင်း ၁ ကျောင်း တွင် အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးပြီးနောက် ထိုသို့ တောင်းဆိုခြင်းဖြစ်သည်။

မင်းပြားမြို့ ပြည်တော်လှ ရပ်ကွက်မှ အုပ်ချုပ်ရေးမှူး ဦးသိန်းထွန်းက “ ကျနော်တို့ အုပ်ချုပ် ရေး မှူးတွေက အသက်အိုးအိမ် လုံခြုံမှု မရှိဖြစ်နေတယ်။ ညင်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေ ခံရတဲ့ အတွက် ကျနော်တို့ ဆက် လုပ်ဖို့ ဆန္ဒမရှိတော့ဘူး ဆိုပြီး နုတ်ထွက်ဖို့ စီစဉ်ခဲ့ကြပါတယ်။ အဲဒါကို မြို့နယ် အုပ်ချုပ်ရေးမှူးကို တင်ပြတဲ့ အခါ နုတ်ထွက်လို့ ဒီကိစ္စ ပြီးသွား မှာလား။ ဖြစ်ချင်တာကို ပြောဆိုတော့ ကျနော်တို့က ရက်ပိုင်း အတွင်းက အသတ်ခံရတဲ့ လူ ၃ ဦးအတွက် အမှန်တရားကို ဖော်ထုတ်ပြီး ကျူးလွန်သူတွေကို အရေးယူဖို့ တောင်းဆို ထားပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၁ ရက် ည ၁၁ နာရီ အချိန်ခန့်က ဖုံသာဝ ကျေးရွာအုပ်စု၊ စိတ္တရာကျေး ရွာ အတွင်းသို့ တပ်မ တော် စစ်ကြောင်း ၁ကြောင်း ဝင်လာပြီးနောက် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဉာဏ်သိန်းအား သေနတ်ဒင် များနှင့် ဦးခေါင်း ကို ရိုက်နှက်ကာ ပစ်ခတ်သွားသလို အုပ်ချုပ်ရေးမှူးအိမ်နှင့် မျက်နှာချင်းဆိုင် နေအိမ်မှ ဒေါ်ဖြူဖြူဝင်းကိုလည်း တပ်မတော် သားများက သေနတ်ဖြင့် ပစ်သတ်သွားကြောင်း သေဆုံးသူ၏ မိသားစုဝင်များနှင့် ကျေးရွာသားများ၏ ပြောဆိုချက်အရ သိရသည်။

ယင်းအပြင် အုပ်ချုပ်ရေးမှူး အိမ်သို့ ရောက်ရှိကြသော ရပ်ရွာလူကြီးများနှင့် ရာအိမ်မှူး၊ ဆယ်အိမ် မှူး တာဝန် ထမ်းဆောင် နေသော ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင် ၈ ဦးကိုလည်း တပ်မတော် စစ်ကြောင်းက ဖမ်းခေါ်သွားခဲ့ရာ ဒီဇင်ဘာ ၁၄ ရက်နေ့ ညနေပိုင်းတွင် ဖမ်းဆီးခံရသူများအနက် ကျောက်မော်ကျေးရွာ တာဝန်ခံ ဦးမောင်မဲချေ (ခ) ကျော်အေးမောင်မှာသတ်ဖြတ်ဒဏ်ရာဖြင့် မင်းဖူး တောင်ခြေတွင် သေဆုံးနေသည်ကို တွေ့ရှိခဲ့ကြောင်း မိသားစုဝင်များက ပြောသည်။

ထိုသို့ သတ်ဖြတ်ခံရမှုနှင့် ပတ်သက်ပြီး နိုင်ငံတော်အဆင့်က အမှုမှန်ပေါ်ပေါက်အောင် ဆောင် ရွက်ပေးပြီး ကျူးလွန်သူများ ကို အရေးယူပေးရန်၊ တပ်မတော်စစ်ကြောင်းများက ကျေးရွာ အတွင်းသို့ ဝင်ရောက်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးများကို ညှဉ်း ပန်းနှိပ်စက်မှုများကို မပြုလုပ်ရန် နှင့် ကျေးရွာအုပ်ချုပ်မှူးများ၏ အသက်အိုးအိမ်ကို အပြည့်အဝ ကာကွယ်ပေးရန် မင်းပြား မြို့နယ်အတွင်းက အုပ်ချုပ်ရေးမှူး ၆၀ ကျော်က တောင်းဆိုထားခြင်း ဖြစ်သည်။

အုပ်ချုပ်ရေးမှူး ဦးသိန်းထွန်းက “ ကျနော်တို့ ဖြစ်ချင်တာက တကယ်လို့ အုပ်ချုပ်ရေးမှူးတွေမှာ အပြစ် ရှိရင် ဥပဒေနဲ့ အညီ ဖမ်းဆီး အရေးယူပါ။ အခုလိုမျိုး တပ်မတော် စစ်ကြောင်းတွေက ရွာတွေကို ဝင်ပြီးတော့ အုပ်ချုပ်ရေးမှူးတွေကို ညှဉ်းပန်းနှိပ်စက်တာ၊ သတ်ဖြတ်တာတွေကို လက်မခံနိုင်ဘူး။ ဒီလို မဖြစ်အောင် နိုင်ငံတော်အဆင့်က ကျနော်တို့ကို အပြည့်အဝ ကာကွယ်ပေး မယ်လို့ အာမခံရင် ကျနော်တို့ ဆက်လက် တာဝန်ထမ်းဆောင်ဖို့ စဉ်းစားမယ်။ ကာကွယ်မပေး နိုင်ဘူးဆိုရင် နုတ်ထွက်ပါမယ်” ဟု ဧရာဝတီသို့ ပြောသည်။

ထိုသို့ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ တောင်းဆိုချက်များနှင့် ပတ်သက်၍ မြို့နယ်အုပ်ချုပ် ရေးမှူးက အထက်သို့ တင်ပြမည်ဟု ပြောဆိုထားပြီး တောင်းဆိုချက်များအား ဆောင်ရွက်ပေး နိုင်မှု ရှိ၊ မရှိ ဆိုသည်ကို တပတ်ကြာ စောင့်ကြည့်သွားမည် ဖြစ်ကြောင်းလည်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက ဆိုကြသည်။

သေဆုံးသူ ဦးမောင်မဲချေ၏ ဦးလေးဖြစ်သူ ဦးကျော်လှဖြူက “ကျနော့်တူက အဲဒီအဖမ်းခံရတဲ့ အချိန်ကတည်းက လက် မောင်းမှာ သေနတ်ဒဏ်ရာ ရသွားတယ်လို့ ပြောတယ်။ သူတို့ကို ဖမ်းခေါ် သွားကတည်းက စုံစမ်းပြီးတော့ လိုက်ရှာ ပါတယ်။ ၁၄ ရက်နေ့မှာ မင်းဖူးတောင်ခြေမှာ လည်လှီးသတ်ထားတဲ့ အလောင်းကိုတွေ့တယ်။ လက် ၁ ဖက်ကလည်း ပြတ်နေတယ်။ ကျနော် ဒီကိစ္စကို လုံးဝ မကျေနပ်ဘူး။ တရားစွဲဖို့ ရဲစခန်းမှာလည်း တိုင်ထားပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

မင်းပြားမြို့နယ် စိတ္တရကျေးရွာအုပ်ချုပ်ရေးမှူး ဦးဉာဏ်သိန်း နှင့် ဒေါ်ဖြူဖြူဝင်း၊ ကျောက်မော် ကျေးရွာတာဝန်ခံ ဦးမောင်မဲချေ သတ်ဖြတ်ခံရမှုနှင့် ပတ်သက်ပြီး မိသားစုဝင်များက မင်းပြား မြို့မ ရဲစခန်းတွင် တိုင်တန်းထားရာ မည်သည့် ပုဒ်မနှင့် အမှုဖွင့်ထားသည် ဆိုသည်ကို မိသားစုဝင် များက မသိရှိသလို လိုအပ်ရင် ထပ်ခေါ်မည် ဟုသာ ရဲစခန်းတာဝန်ရှိ သူများက မှာကြားလိုက် ကြောင်း သေဆုံးသူ မိသားစုဝင်များက ပြောသည်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးကမူ မင်းပြားမြို့နယ် ရာမောင်တောင်တန်းအနီး ဝန်းကျင်တဝိုက် နယ်မြေ လုံခြုံရေး ဆောင်ရွက်နေသော တပ်မတော် စစ်ကြောင်းကို ဒီဇင်ဘာလ ၁၁ ရက် ညနေ ၁၀ ခန့် အချိန် စိတ္တရ ကျေးရွာ အရောက် တွင် နေအိမ် ၁ လုံးပေါ်မှ AA အကြမ်းဖက် သောင်းကျန်းသူများက ပစ်ခတ်ခဲ့သည့် အတွက် ပြန်လည် ပစ်ခတ်ခဲ့ကြောင်း ၊ AA အဖွဲ့သည် ကျေးရွာ၏ တောင်ဘက်သို့ ဆုတ်ခွာသွားခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ဖြစ်စဉ်တွင် တပ်မတော်မှ အရာရှိ ၁ ဦး လက်နက်ငယ်ကျည် ထိမှန်ဒဏ်ရာရရှိခဲ့ပြီး တပ်မတော် စစ်ကြောင်း အား စတင်ပစ်ခတ်ခဲ့သည့် နေအိမ်အား ဝင်ရောက်စစ်ဆေးရာ ဖုံသာဝ ကျေးရွာမှ ဦးဉာဏ်သိန်းနှင့် ကျောက်မော် ကျေးရွာမှ ဦးကျော်အေးမောင်တို့ ၂ ဦးအား လက်နက်ငယ်ကျည် ထိမှန်သေဆုံးလျက် တွေ့ရှိရပြီး ဖြစ်စဉ် အနီးရှိ မသင်္ကာဖွယ်ရာ ရွာသား ၇ ဦးကိုလည်း ဖမ်းဆီးခဲ့ကြောင်း ကာကွယ်ရေး ဦးစီးချုပ်ရုံး ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တပ်မတော် ထုတ်ပြန်ချက်တွင် သေနတ်မှန်၍ သေဆုံးသွားသည့် အသက် ၃၉ နှစ်အရွယ် ကလေး ၂ ယောက် မိခင် ဒေါ်ဖြူဖြူဝင်း သေဆုံးသွားသည့်ဖြစ်စဉ်နှင့် တပ်မတော်စစ်ကြောင်းအား မည်သည့် အိမ်က ပစ်ခတ်သည် ဆိုသည့် အကြောင်းအရာများနှင့် သေဆုံးသူများ ရရှိသည့် ဒဏ်ရာ အခြေအနေများနှင့် ပတ်သက်ပြီး အသေးစိတ် ဖော်ပြထားမှုကို မတွေ့ရပါ။

သေဆုံးသူ ဦးမောင်မဲချေ၏ ဦးလေး ဖြစ်သူ ဦးကျော်လှဖြူက “ တပ်က ထုတ်ပြန်တာကိုတော့ ကျနော်တို့ လက်မခံဘူး။ ဒီကိစ္စကို တရားစွဲဖို့ ကျနော်တို့ ရဲစခန်းမှာ တိုင်ထားပါတယ်။ ဒါပေမဲ့ ရဲစခန်းက တပ်မတော် စစ်ကြောင်းက ဖမ်းဆီးသွား တယ်ဆိုတာ တိုင်ချက်မှာ ထည့်လို့မရဘူးလို့ ပြောတယ်။ စိတ္တရရွာကနေ ပျောက်ဆုံးသွားတယ်။ တောင်ခြေမှာ အလောင်း တွေ့တယ်။ တိုင်ချက်မှာ အဲဒီလိုရေးမှ အမှုဖွင့်လု့ိရမယ်လို့ ပြောပါတယ်။ ” ဟု ဧရာဝတီသို့ ပြောသည်။

အထက်ပါ ဖြစ်စဉ်များနှင့် ပတ်သက်ပြီး ဧရာဝတီမှ ဒီဇင်ဘာလ ၁၆ ရက်နှင့် ၁၇ ရက်နေ့ တို့တွင် မင်းပြား မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းငြိမ်းနိုင် ၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ကိုကိုလွင်နှင့် မြို့မ စခန်းမှူး တို့ထံ ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း တုန့်ပြန်ဖြေကြားမှု မရှိပါ။

မင်းပြား ဖုံသာဝ ကျေးရွာအုပ်စုအတွင်းမှ ကျေးရွာအုပ်ချုပ်ရေးမှူး အပါအဝင် အရပ်သား ၃ ဦးသေဆုံးမှုနှင့် ပတ်သက်ပြီး ဧရာဝတီမှ စုံစမ်းချက်အရ မင်းပြားမြို့မ ရဲစခန်းတွင် ပေါ့လျော့ခြင်းဖြင့် သေစေမှု ရာဇသတ်ကြီး ပုဒ်မ ၃၀၄ ( က ) ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

ရခိုင်မြောက်ပိုင်းတွင် လက်ရှိ ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခကြားတွင် ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များ လုပ်ကြံ သတ်ဖြတ်ခံမှုများ ရှိသလို ဖမ်ဆီးခံရမှုများ ရှိလာကြသည့်အတွက် မြောက်ဦးမြို့နယ်အတွင်းက ကျေးရွာအုပ်ချုပ်ရေးမှူး တချို့မှာလည်း နုတ်ထွက်ခဲ့ကြသည်။

အလားတူ ကျောက်တော်မြို့နယ်အတွင်းလည်း အုပ်ချုပ်ရေးမှူးများ ပျောက်ဆုံးခြင်း ၊ ဖမ်းဆီး တရားစွဲခံနေရသည့်အတွက် ကျောက်တော်မြို့နယ်အတွင်းက ကျေးရွာအုပ်ချုပ်ရေးမှူး ၄၀ ကျော်နုတ် ထွက်ခဲ့ကြသည်။

တပ်တော်နှင့် AA တို့ အဆုံးမသတ်နိုင်သော နှစ်ဘက်တိုက်ပွဲများကြောင့် အရပ်သား သေဆုံးမှု ၊ ထိခိုက်ဒဏ်ရာ ရရှိမှု ၊ ဖမ်းဆီးခံရမှု များမှာလည်း များသထက် များလာနေပါသည်။

တခြားတဘက်တွင် ကျေးရွာအတွင်း ဓားထိုးလုပ်ကြံသတ်ဖြတ်ခံရမှု ၊ သေနတ်ဖြင့် ပစ်သတ် ခံရမှု စသည့်ဖြစ်စဉ်များ မှာလည်း လက်သည်တရားခံ မပေါ်ဘဲ တနေ့ထက် ၊ တနေ့ တိုးလာနေသကဲ့သို့ မကြာသေးမီက ဂမ်ဘီယာမှ မြန်မာအပေါ် တရားစွဲသည့် ကိစ္စနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်သွားရောက်ဖြေရှင်းသည့် အပေါ် ထောက်ခံပွဲ ပြုလုပ်သည့် ဘူးသီးတောင် NLD ပါတီ ဥက္ကဋ္ဌကို AA ကဖမ်းဆီးခြင်း၊ NLD ပါတီ၏ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကို AAမှ ဖမ်းဆီးခြင်းများ ပြုလုပ်ခံခဲ့ရသည်။

စစ်ပွဲအတွင်း လုပ်ကြံသတ်ဖြတ်ခံရသူ အများစုမှာ အုပ်ချုပ်ရေးအဖွဲ့ဝင်များ ၊ စစ်မှုထမ်း အငြိမ်းစားများ ၊ လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် ပါတီနိုင်ငံရေး အရပ်သားများ အထိ ဖြစ်သည်။
ဧရာဝတီမှ စာရင်းပြုစုထားမှုအရ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့ကတည်းနေ ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၂၂ ရက်နေ့အထိ လုပ်ကြံသတ်ဖြတ်ခံရ၍ သေဆုံးသူ စုစုပေါင်း ၂၀ ကျော် ရှိသည်။

ဆက်စပ်လင့်-

မင်းပြား ပစ်ခတ်မှု အုပ်ချုပ်ရေးမှူးနှင့် အမျိုးသမီး ၁ ဦး သေဆုံး

ရခိုင်တိုက်ပွဲများအတွင်း အရပ်သားသေဆုံးထိခိုက်မှု စုံစမ်းရေးအဖွဲ့ ဖွဲ့ရန် လွှတ်တော် အတည်ပြု

ကျောက်တော်တွင် တိုက်ပွဲဖြစ်၍ အရပ်သား ၁ ဦးသေ၊ ၆ ဦး ဒဏ်ရာရ

Did you find apk for android? You can find new Free Android Games and apps.
Loading