စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်တွင် ပြုလုပ်သည့် ဝန်ကြီးချုပ်၏ လူထုတွေ့ဆုံပွဲ၌ မူးယစ်ဆေးဝါး အကြောင်း တင်ပြခဲ့သည့် ကောလင်းမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီမှ ကော်မတီအဖွဲ့ဝင် ဒေါ်မိမိကြီးသည် ခြိမ်းခြောက် မှုမျိုးစုံဖြင့် ကြုံနေရသဖြင့် ရဲဌာနမှ လုံခြုံရေး ယူပေးထားရကြောင်း သိရသည်။
ဒီဇင်ဘာ ၁၅ ရက်နေ့က ကောလင်းမြို့နယ်၌ စစ်ကိုင်းတိုင်းဒေသကြီး အုပ်ချုပ်ရေးမဏ္ဍိုင်၊ ဥပဒေပြုရေးမဏ္ဍိုင်၊ တရားစီရင် ရေးမဏ္ဍိုင် မဏ္ဍိုင်ကြီး ၃ ရပ်နှင့် ဒေသခံပြည်သူများ တွေ့ဆုံ ပွဲအခမ်းအနား ပြုလုပ်ခဲ့ရာ ဒေါ်မိမိကြီး က ကောလင်းမြို့ရှိ ကျွန်းလှခုံရွာရှိ မူးယစ်ဆေးဝါးများ သုံးစွဲမှု အပေါ် အရေးယူမှု မရှိသည့် ကိစ္စအား တင်ပြခဲ့ခြင်း ဖြစ်သည်။
ထိုရွာသည် သက်ဆိုင်ရာ နယ်မြေ ရဲစခန်းနှင့် မနီးမဝေးတွင် ရှိသလို မြို့နှင့်လည်း သိပ်မဝေးသော် လည်း မည်သူကမှ ဖမ်းဆီး အရေးယူခြင်း မရှိသည့်အတွက် သမ္မတထံ စာတင် တိုင်ကြားမည်ဟု ပြောပြခဲ့ပြီး ဝန်ကြီးချုပ်ကိုလည်း ၎င်းကိုယ်တိုင် ထိုနေရာသို့ သွားရောက် ကောက်ယူထားသည့်် ဆေးထိုးအပ်ဟောင်းများကို တောင်းနှင့်ထည့်လာကာ သက်သေအဖြစ် တင်ပြခဲ့သည်။
ထိုသို့ တင်ပြပြီးသည့် ညတွင် ၎င်း၏နေအိမ်အနီး ကောက်ရိုးပုံအား မီးကွင်း ပစ်ခြင်း ခံခဲ့ရသလို အမည် မသိ လူ ၁ ယောက်ကလည်း သတ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့ရကြောင်း၊ ထို့အပြင် ဝန်ကြီးချုပ်အား ဆေးသုံးထားသည့်အပ်များ ပြသရန်အတွက် အပ်သွားကောက်ရာ၌လည်း ဆိုင်ကယ်ဖြင့် လိုက်လံ တိုက်ခြင်းကိုလည်း ခံခဲ့ရသည်ဟု သိရသည်။
ဒေါ်မိမိကြီးက“ကျမကို ခြိမ်းခြောက်တယ်လို့ ယူဆတာကြောင့် ဝန်ကြီးချုပ်၊ဌာနဆိုင်ရာ လူကြီး တွေနဲ့ ကျမ ကိုယ်စားလှယ် တွေကို လှမ်းအကြောင်းကြားတယ်။ ချက်ခြင်းပဲ နယ်ထိန်း တွေ၊ ရဲတွေ ရောက်လာတယ်။ သူတို့တွေက လုံခြုံရေး ယူပေးထားတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ဒေါ်မိမိကြီးအနေဖြင့် မည်သည့်ဝန်ထမ်းမှ ဒုက္ခရောက်စေချင်ဆန္ဒဖြင့် တိုင်ကြားခြင်းမဟုတ်ဘဲ ကလေးငယ်များ ၏ ဘဝရှေ့ရေးကို လုံခြုံမှုရှိစေရန် တိုင်ကြားခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
၎င်းက“ကျမတို့ ငယ်ငယ်လေးကတည်းက မူးယစ်ဆေးက ကောလင်းမှာ နံပါတ်ဖိုးကို သုံးလာ ကြတာ ရှိတယ်။ နှစ်ပေါင်း ၅၀ ကျော်ပြီ။ ဘယ်သူမှ မလုပ်လို့ ကျမက ဝန်ကြီးချုပ်ကို အပ် ကောက်ပွဲလေး ကျင်းပလိုက်ပါဦးလို့။ တာဝန်ရှိသူတွေ အကုန်ရူးချင်ယောင်ဆောင်နေတယ်လို့ ကျမ ထည့်ပြောလိုက်တယ်”ဟု ဆိုသည်။
ဒေါ်မိမိကြီးအနေဖြင့် ထိုသို့ ခြိမ်းခြောက်ခြင်းများအတွက် ရဲစခန်းအား အသိပေးတိုင်ကြားထား ပြီး အမှုဖွင့်၊ မဖွင့်ဆိုသည်ကို ပါတီဝင်လူကြီးများနှင့် တိုင်ပင်ရဦးမည်ဟုလည်း ၎င်းက ဆိုသည်။
ကောလင်းမြို့နယ် ဒေသခံ ကိုလေးမြတ်ကလည်း ၎င်းတို့မြို့တွင် မူးယစ်ဆေးဝါးသည် ပိုမိုဆိုး ရွားလာသည်ဟု ထင် ကြောင်း၊ ကျောင်းသားအများအတွင်း မူးယစ်ဆေးဝါး သုံးစွဲမှု ပျံနှံ့လာရာ အကျင့်စာရိတ္တ ပျက်စီးမှုများ ဖြစ်လာကြောင်း၊ ခိုးမှု၊ လုယက်မှုများ ဖြစ်ပေါ် စေကြောင်း ဆိုသည်။
ဒီလိုများလာတာက ဒါနဲ့ပတ်သက်ပြီး တိုင်လည်း မတိုင်ရဲကြဘူး။ ပြောလည်း မပြောရဲကြဘူး။ အန္တရာယ်ရှိလို့လေ။ ဟိုအန်တီကြီး ပြောသွားတော့ ကောင်းတာပေါ့။ ကျနော်တို့လည်း ကလေးတွေအတွက် စိုးရိမ်ရလို့ ရန်ကုန်မြို့ပေါ် ပို့ထားရတယ်။ ကောလင်းမှာက မူးယစ်ဆေးဆို ဂုဏ်သရေရှိလူကြီးတွေတောင် သုံးတယ်ဗျ”ဟု ဧရာဝတီသို့ ပြောသည်။
ကောလင်းမြို့နယ် ရဲစခန်းမှူး ဦးမျိုးသူက “ရဲတပ်ဖွဲ့ကတော့ အစီအမံတွေရှိတယ်။ ဒါတွေက ပြောလို့တော့ မရဘူး။ ကျနော်တို့ရဲတပ်ဖွဲ့က လုပ်ငန်းအစီ အစဉ်ဆောင်ရွက်ထားတာတော့ ရှိတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၁၅ရက် လူထုတွေ့ဆုံပွဲ အခမ်းအနားတွင် စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က မူးယစ် ဆေးဝါးနှင့် ပတ်သက်ပြီး ပြည်သူတင်ပြမှ သိရသဖြင့် ဒေါသ ထွက်ကာ မြို့နယ်ထွေအုပ်နှင့်ရဲတပ်ဖွဲ့အား ကြိမ်းမောင်း ခဲ့ပုံကို ဒီဇင်ဘာ ၁၅ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး အစိုးရ၏ လူမှုကွန်ရက်စာမျက်နှာ Sagaing Region Government Office Page တွင် ဖော်ပြထားသည်။
ဝန်ကြီးချုပ်က “ဒီလောက်အကြီးအကျယ်ကြီးကို မသိကြဘူးလား။ မြို့နယ်ထွေအုပ် ထစမ်းပါဦး၊ မင်းက ဘာလုပ်နေတာ လဲ။ အမျိုးသားရေး တာဝန်တရပ်အနေနဲ့ လုပ်ပါ၊ လုပ်ပါလို့ ခဏခဏ ပြောနေတယ်။ မူးယစ် ဆေးဝါးကို လုပ်ရမယ်လို့ ပြောထားတယ်။ ဘာလုပ်နေတာလဲ မင်းတို့ တွေ”ဟု ထိုပွဲအတွင်း ပြောဆိုခဲ့သည်။
ထို့ကြောင့် စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး သန်းထွန်း အောင်က ယခုလို မူးယစ်ဆေးဝါး သတင်းများက တွေ့ရှိမှသာ ကွင်းဆင်း စစ်ဆေးမှုပြုလုပ်ပြီး အရေးယူ ဆောင်ရွက် နိုင်မည် ဖြစ်သည့် အတွက် ထိုကဲ့သို့သော မူးယစ်ဆေးကိစ္စများကို တင်ပြရ န် လိုကြောင်းနှင့် မူးယစ်ဆေးကိစ္စနှင့် ပတ်သက်ပြီး တာဝန်ရှိသူများအား စစ်ဆေးသွား မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ဝန်ကြီးချုပ်၊ နယ်လုံဝန်ကြီးတို့ပါ ထိုကိစ္စကို ခုံရုံးဖွဲ့စစ်ဆေးရမည်ဟု ပြောကြားသွား သည့်အတွက် ကောလင်းမြို့ပေါ်က ဌာနဆိုင်ရာများ စစ်ဆေးခံရနိုင်သည်ဟု ဒေါ်မိမိကြီးက ထင်မြင်ချက် ပေးသည်။
ဒေါ်မိမိကြီးသည် ၁၉၉၉ခုနစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၌ စစ်ကိုင်းတိုင်း ဆက်သွယ်ရေး လူငယ် တာဝန်ခံ ဖြစ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးကို ထိုအချိန်က တာဝန်ယူ ပေးခဲ့ရသူဖြစ်ကြောင်း သိရသည်။
You may also like these stories:
ရန်ကုန်တွင် ကျပ် ၆၆ ဘီလီယံကျော်ဖိုး ICE မူးယစ်ဆေးများ ဖမ်းမိ
မူးယစ်တိုင်ကြားရေးဌာန ဖွင့်ခြင်းကြောင့် ဆေးစွဲလူနာများ အနေကျပ်ဟုဆို
တရားမဝင်ကုန်စည် ဝင်ရောက်မှု ရေကြောင်းရဲများ ဖွဲ့၍ဖမ်းဆီးရန် စီစဉ်နေ