စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နိုင်ခဲ့သည့် ဗီယက်နမ်နိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုများသည် အထင်ကြီး လောက်ဖွယ်ရာ ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ယနေ့ နေပြည်တော်ရှိ သမ္မတအိမ်တော်တွင် ဗီယက်နမ် ဝန်ကြီးချုပ် မစ္စတာ ငုယင်စွမ်းဖုနှင့် ပူးတွဲပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခြင်း ဖြစ်သည်။
နေပြည်တော်သို့ ချစ်ကြည်ရေးခရီး ရောက်ရှိလာသည့် ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ငုယင် စွမ်းဖုကို ယနေ့ နံနက်ပိုင်းက နေပြည်တော်၊ သမ္မတအိမ်တော်တွင် သမ္မတ ဦးဝင်းမြင့်က ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုခဲ့ ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အလုပ်သဘော အစည်းအဝေးဖြင့် ဦးဆောင်တွေ့ဆုံ ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည် က “စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နိုင်ခဲ့တဲ့ ဗီယက်နမ်နိုင်ငံရဲ့ကြိုးပမ်းအားထုတ် မှုတွေဟာ အထင်ကြီးလောက်ဖွယ်ရာ ဖြစ်ပါတယ်။ ဗီယက်နမ်နိုင်ငံရဲ့ ဆင်းရဲမွဲတေမှုကို ၁ ဒသမ ၅ ရာခိုင်နှုန်း နှစ်စဉ် လျှော့ချဖို့ လုပ်ဆောင်နေတာကလည်း အလွန် စိတ်ဝင်စားဖို့ ကောင်းပါတယ်” ဟု ပြောသည်။
အခြေခံအားဖြင့် ဗီယက်နမ်နှင့် တူညီမှုရှိသော မြန်မာနိုင်ငံအတွက် ယခုကိစ္စသည် အလွန်အရေးပါကြောင်း၊ ယင်း အတွေ့အကြုံများကို ဗီယက်နမ်နိုင်ငံထံ သင်ယူလေ့လာရမည်ဟု မျှော်လင့်ကြောင်းလည်း ၎င်းက ဆိုသည်။
ဗီယက်နမ်နိုင်ငံသည် မြန်မာနည်းတူ အာဆီယံ အဖွဲ့ဝင် နိုင်ငံတခု ဖြစ်ပြီး အမေရိကန်နှင့် စစ်ဖြစ်ခဲ့ဖူးရာ ပြာပုံဘဝမှ ရုန်းထနိုင်ငံသည့် အာရှကျားတကောင် ဖြစ်လာပြီး အထူးသဖြင့် ရန်သူဟောင်း အမေရိကန်ကို စီးပွားရေး မိတ်ဖက် ပြန်ဖြစ်လာအောင် စည်းရုံးနိုင်ခဲ့သည်ဟု စီးပွားရေး အကဲခတ်များက ပြောသည်။
စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို အချိတ်အဆက် မိအောင် ဆောင်ရွက်နိုင်သလို ၎င်းနှင့် ဆက်ဆံရေး ကောင်းခဲ့သ ည့် ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲသွားသည့်အခါ စီးပွားရေး ပြုပြင်ပြောင်းလဲရမည်ကို သဘောပေါက်လာကြောင်း၊ ထိုသို့ ပြည်တွင်း၊ ပြည်ပ အခြေအနေများက ဗီယက်နမ်၏ ပြုပြင်ပြောင်းလဲမှုကို တွန်းအားပေးခဲ့ကြောင်း စီးပွားရေး ပညာရှင် ဒေါက်တာ အောင်ကိုကိုက သုံးသပ်သည်။
“နိုင်ငံရေး တည်ငြိမ်တယ်။ နောက်တခုက သူတို့မှာ ပြည်တွင်းစစ် မရှိဘူး။ နောက် ဗီယက်နမ်လူထုက ကြိုးစားတယ်။ အဲဒီဟာတွေ ပေါင်းစပ်လိုက်တဲ့အခါမှာ ဗီယက်နမ်ဟာ အောင်မြင်တဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ပိုင်ပိုင်နိုင်နိုင် လုပ်နိုင် သွားတယ်။ တချိန်တုန်းက နိုင်ငံခြား အရင်းအနှီးကို တင်သွင်းရတဲ့နိုင်ငံကနေ တင်ပို့ရတဲ့ နိုင်ငံအဆင့်ကို ဖြစ်သွားပြီ” ဟု ၎င်းက ဆိုသည်။
ဗီယက်နမ် ဝန်ကြီးချုပ်ကလည်း နှစ်နိုင်ငံကြား ကုန်သွယ်မှု ပမာဏကို သတ်မှတ်ချိန် မတိုင်မီ အမေရိကန်ဒေါ်လာ ၁ ဘီလီယံထိ တိုးမြှင့်ရန် ရည်မှန်းထားပြီး အနာဂတ်ကာလတွင် ပိုမိုဖွံ့ဖြိုးတိုးတက်လာရန် အလားအလာကောင်းများစွာ ရှိကြောင်း သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။
ဝန်ကြီးချုပ် မစ္စတာ ငုယင်စွမ်းဖု က “မြန်မာနိုင်ငံက အဓိကကျတဲ့ စီမံကိန်း၂၀ မှာ ဆောင်ရွက်နေတဲ့ ဗီယက်နမ် နိုင်ငံက မြန်မာနိုင်ငံမှာ ဦးဆောင်ရင်းနှီး မြှုပ်နှံတဲ့ နိုင်ငံတွေထဲမှာ ပါဝင်ပါတယ်။ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဖို့ ဒီနယ်ပယ်များ ရှိနေတဲ့ အခက် အခဲတွေကိုလည်း ကျနော်တို့ ဖြေရှင်းသွားမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။
မြန်မာနှင့် ဗီယက်နမ်တို့၏ ဆက်ဆံရေးသည် သိသိသာသာ တိုးတက်လာခဲ့ပြီး ဘက်စုံပါဝင်သော ပူးပေါင်း ဆောင် ရွက်မှုဆိုင်ရာ မိတ်ဖက်အဖြစ် ပြသနိုင်ခဲ့ကြောင်း၊ မြန်မြန်ဆန်ဆန် ဖွံ့ဖြိုးတိုးတက်နေသည့် စီးပွားရေး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတို့ကို အဓိကထား ဆွေးနွေးနိုင်ခဲ့ကြောင်းလည်း သတင်းစာ ရှင်းလင်းပွဲတွင် နှစ်ဖက် ပြောဆိုချက်များ အရ သိရသည်။
အမျိုးသားလုံခြုံရေး၊ ကာကွယ်ရေးနှင့် သံတမန်ဆိုင်ရာ ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြောင်း၊ နှစ်နိုင်ငံ အကျိုး စီးပွားအတွက် နိုင်ငံတကာ နယ်ပယ်တွင် ပါဝင်ဆောင်ရွက်ရန်လည်း ဆွေးနွေးခဲ့ပါကြောင်း၊ တောင်တရုတ် ပင်လယ် အရေးနှင့် ပတ်သက်၍လည်း အာဆီယံအဖွဲ့၏ ဘုံရပ်တည်ချက်ကို ထောက်ခံခဲ့ပြီး အပြည်ပြည်ဆိုင်ရာ ဥပဒေနှင့် အညီ တောင်တရုတ် ပင်လယ်အတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှု မြှင့်တင်သွားရန်လည်း ဆွေးနွေးခဲ့သည်ဟု ဗီ ယက်နမ် ဝန်ကြီးချုပ်က ပြောသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း လာမည့် ၂၀၂၀ ပြည့်နှစ်တွင် နှစ်နိုင်ငံကြား ၄၅ နှစ်မြောက် သံတမန် ဆက် ဆံမှု တည်ထောင်သည့် အထိမ်းအမှတ်ကို ကျင်းပသွားမည် ဖြစ်ပါကြောင်း၊ သံခင်းတမန်ခင်း၊ စစ်ဘက်နှင့် လုံခြုံရေး နယ်ပယ်များ အပြင် အထူးသဖြင့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများတွင် မြန်မာနိုင်ငံက ပူးပေါင်းဆောင်ရွက်မှု တိုး မြှင့် ဆောင်ရွက်လိုကြောင်း ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် က “သမိုင်းကြောင်းအရ ဆက်နွှယ်မှုတွေ၊ မျှဝေလို့ရတဲ့ အတွေ့အကြုံတွေ ရှိပေမယ့် ၂ နိုင်ငံ ကြား ယဉ်ကျေးမှုနယ်ပယ် မှာတော့ လုပ်ဆောင်စရာများစွာ ရှိနေသေးပါသေးတယ်။ ၂ နိုင်ငံ ပြည်သူ အချင်းချင်း ဆက်ဆံမှုကို အထူးအားပေးပြီး တိုးချဲ့ဖို့ ကျမတို့ မျှော်လင့်ပါတယ်” ဟု ပြောကြားသည်။
ယခု ခရီးစဉ်သည် ဗီယက်နမ်ဝန်ကြီးချုပ် အနေဖြင့် မြန်မာနိုင်ငံသ့ို ပထမဆုံး လာရောက်သည့် ခရီးစဉ်တခု ဖြစ်ပြီး အစည်းအဝေး အပြီးတွင်၂ နိုင်ငံ ပြည်သူများကြား ပိုမိုရင်းနှီးစွာ လည်ပတ်နိုင်ရန် သာမန်နိုင်ငံကူးလက်မှတ် ကိုင် ဆောင်သူများကြား ၁၄ ရက်မှ ယခု ရက် ၃၀ သို့ တိုးမြှင့်နေထိုင်ခွင့်ပြုသည့် နားလည်မှု စာချွန်လွှာ၊ လယ်ယာ စိုက်ပျိုး ရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး နားလည်မှု စာချွန်လွှာနှင့်၂ နိုင်ငံကြား အဆင်မြင့် အရာရှိများ အပြန်အလှန် လည် ပတ်ရေး နားလည်မှု စာချွန်လွှာများ လက်မှတ်ရေးထိုးခဲ့ကြသည်။
ထို့ပြင် ဗီယက်နမ် ဝန်ကြီးချုပ်က ရခိုင်အရေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံ၏ ကိုင်တွယ်ဖြေရှင်းရန် ကြိုးပမ်းမှုများကို ဗီယက်နမ် အနေနှင့် နားလည်ကြောင်း၊ ရခိုင်အရေး အပါအဝင် အခြားကိစ္စရပ်များကို ဖြေရှင်းရာတွင် အခြား အာဆီယံ အဖွဲ့ဝင် နိုင်ငံများနည်းတူ ဗီယက်နမ်နိုင်ငံက ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေးကို အခြေခံ၍ မြန်မာ နိုင်ငံနှင့် လက်တွဲ ဆောင်ရွက်သွားမည်ဟု ပြောဆိုခဲ့သည်။
လာမည့်နှစ်တွင်လည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကို ဗီယက်နမ်သို့ လာရောက်စေလိုကြောင်းလည်း ပြောဆို သည်။
ထို့ပြင် ဗီယက်နမ်ဝန်ကြီးချုပ်နှင့် အဖွဲ့ကို နေပြည်တော် သမ္မတ အိမ်တော်တွင် နေ့လယ်စာနှင့် တည်ခင်းဧည့်ခံခဲ့ ပြီးနောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်ကလည်း နေပြည်တော်ရှိ လွှတ်တော်တွင် လက်ခံ တွေ့ဆုံခဲ့သည်။
တွေ့ဆုံရာတွင်၂ နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှု တိုးမြင့်ရန်၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေး၊ မြန် မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုများ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး၊ နိုင်ငံရေးနှင့် စီးပွားရေး ပြု ပြင်ပြောင်းလဲမှုများ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေးတို့ကို အမြင်ချင်း ဖလှယ်ခဲ့ကြသည်ဟု ပြည်ထောင်စု လွှတ်တော်က သတင်းထုတ်ပြန်ထားသည်။
You may also like these stories:
တိုင်းနှင့် ပြည်နယ် အစိုးရများ ပြည်သူနှင့် ဒူးတိုက် ဆွေးနွေးပွဲများ ပြုလုပ်ရန် အတိုင်ပင်ခံ မှာကြား
စင်ကာပူကို ဆယ်စုနှစ်တခုအတွင်း ဗီယက်နမ် ကျော်တက်မည်