အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်များ နှင့် မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့ဝင်များအကြား ပဏာမ အပစ်ရပ်စာချုပ် (Bilateral) အတွက် တွေ့ဆုံရာ ဆွေးနွေးမှုများမှာ တိုးတတ်ခြင်း မရှိဟု မြောက်ပိုင်းမဟာမိတ်များ ဘက်မှ ပြောသည်။
မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ဖြစ်သည့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ၊ ရက္ခိုင်စစ်တပ် (AA)၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် (MNDAA)၊ တအန်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့မှ ကိုယ်စားလှယ်များ နှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) မှ ကိုယ်စားလှယ်များသည် ဒီဇင်ဘာ ၁၅ ရက်က တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် တွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်။
TNLA ၏ အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးချုပ် တာဘုန်းကျော် က “ထူးထူးခြားခြားက ဘာမှ မရှိပါဘူး။ ကျနော်တို့က လမ်းကြောင်းတခုကို ဘယ်လိုပုံစံနဲ့ သွားကြမလဲ ဆွေးနွေး ကြတာပါ။ မူကြမ်းကတော့ သူတို့ဘက်က လက်မခံတော့ အသေးစိတ်မပြောပြချင်ပါဘူး” ဟု ပြောသည်။
ဒီဇင်ဘာ ၁၅ ရက်က တရုတ်စံတော်ချိန် မနက် ၉ နာရီမှ ၁၂ နာရီအထိ ဆွေးနွေးခဲ့ကြပြီး တွေ့ဆုံမှုမှာ အလွတ်သဘော တွေ့ဆုံမှုသာ ဖြစ်သည်ဟုလည်း ဗိုလ်မှူးချုပ် တာဘုန်းကျော်က ပြောသည်။
ဆွေးနွေးပွဲတွင် တိကျသည့် အကြောင်းအရာ၊ အချက်အလက် တစုံတရာကို သဘောတူညီနိုင်ခဲ့ြ ခင်း မရှိဟု သိရသည်။
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကလည်း “ဆွေးနွေးပွဲက ပြောပလောက် အောင်ထိ မျှော်လင့်ချက်တော့ မမြင်ရဘူး။ နောက်လမှပဲ ပြန်ချိန်းမယ်ဆိုတဲ့ အနေအထားမျိုးပါ။ (ရခိုင်မှာ ) စစ်အင်အားကတော့ တပ်ဖြန့် လှုပ်ရှားမှုက အရင်ထက် ပိုများလာတယ်” ဟု ပြောသည်။
မြောက်ပိုင်းမဟာမိတ်များဘက်မှ အဆိုပြုလွှာ တစောင်ကို အစိုးရဘက်သို့ တင်ထားပြီး အဆိုပြုလွှာတွင် ပါဝင်သည့် အချက်များကို သတင်းမီဒီယာများတွင် မပြောဆိုချင်သေးပါဟုလည်း ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ပြောသည်။
မြောက်ပိုင်းမဟာမိတ်များဘက်မှ အပစ်ရပ်စာချုပ်အတွက် ဆွေးနွေးပွဲများကို ရှေ့သို့ရောက်စေလို ပြီး အစိုးရဘက်မှ လာရောက်ဆွေးနွေးသူများမှာ အဆုံးအဖြတ် မပေးနိုင်သူများ ဖြစ်နေသဖြင့် ဆွေးနွေးမှု များမှာ မတိုးတတ်ခြင်း ဖြစ်သည်ဟုလည်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောသည်။
အစိုးရနှင့် အပစ်ရပ်စာချုပ် တစောင်ချုပ်ဆိုပြီး ပဋိပက္ခများ လျော့ချနိုင်ရေး ညှိနှိုင်းရန် ကြိုးစား နေသော်လည်း ယနေ့အချိန်ထိ ဆွေးနွေးမှုပြေလည်ခြင်း မရှိသေးသည့် အပြင် ရခိုင်ပြည်နယ် မြောက်ပိုင်းတွင်လည်း စစ်ရေးတင်းမာမှုများ က ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။
ဗိုလ်ချုပ်ထွန်းမြတ်နိုင်က “ဒီ ၁ ရက် ၂ ရက်မှာကို အမ်းမြို့နယ်ထဲ တပ်မ ၆၆ နဲ့ ၄၄ အဖွဲ့တွေတောင် ရောက်လာတယ် ဆိုတော့ တော်တော်စုံနေပြီ။ စစ်ရေးအရကတော့ ထိပ်တိုက်တိုး တာတွေက ပိုပြီး ပြင်းထန်လာမယ်ဆိုတဲ့ အနေအထားတွေတော့ မြင်တွေ့နေရတယ်” ဟု လည်း ပြောသည်။
မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့နှင့် NRPC သည် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလအတွင်း ထပ်မံတွေ့ဆုံရန် သဘောတူထားသည်ဟုလည်း သိရသည်။
ဧရာဝတီမှ အစိုးရကိုယ်စားလှယ်များဘက် မေးမြန်းရန် ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရပါ။
သမ္မတရုံး ပြောရေးဆိုခွင့် ရှိသူ ဦးဇော်ဌေးကို မေးမြန်းရာတွင်လည်း မြောက်ပိုင်းမဟာ မိတ်အဖွဲ့ များနှင့် ဆွေးနွေးနေမှု အခြေအနေများကို ဖြေဆိုခြင်းမရှိပါ။
အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) ဘက်မှလည်း မြောက်ပိုင်း မဟာမိတ် ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးသည့် သတင်းကို ထုတ်ပြန်ခြင်း မရှိသဖြင့် အစိုးရဘက်မှ သဘောထား မှတ်ချက်ကို ဖော်ပြနိုင်ခြင်းမရှိပါ။
မြောက်ပိုင်းမဟာမိတ်များနှင့် အစိုးရ၊ တပ်မတော်တို့ကြား အဓိက ညှိနှိုင်းရမည့် အချက်မှာ တပ်ပိုင်းဆိုင်ရာ နေရာချထားရေးကိစ္စရပ်ဖြစ်သည်ဟုလည်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဧရာဝတီကို ပြောဆိုထားသည်။
အစိုးရ၊ တပ်မတော်တို့နှင့် အခြားတော်လှန်ရေးတိုင်းရင်းသားတပ်ဖွဲ့ ၁၀ ဖွဲ့အကြား ၂၀၁၅ ခုနှစ်အတွင်းက တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ချုပ်ဆိုစဉ်က အပစ်အခတ် ရပ်စဲသည့် အကြောင်းအရာများကိုသာ အဓိက ထည့်သွင်းပြီး စာချုပ် ချုပ်ဆို ခဲ့ကြသည်။
NCA ထိုးပြီးနောက်မှသာ နှစ်ဖက်တပ်များ ပြန်လည် နေရာချထားရေးများ လုပ်ငန်းစဉ် အဆင့်ဆင့်ဖြင့် လုပ်ဆောင်ရန် သဘောတူထားပြီး ယနေ့ထိ အကောင်အထည် ဖော်နိုင် ခြင်း မရှိပါ။
မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့မှာ NCA စာချုပ်ကို မနှစ်သက်ကြောင်း ပြောဆိုထားသည့် အပြင် ၎င်းတို့နှင့် ချုပ်ဆိုမည့် ဆွေးနွေးနေဆဲ ပဏာမအပစ်ရပ်စာချုပ် (Bliateral) တွင် တပ်ပိုင်းဆိုင်ရာ နေရာကိစ္စများကို ထည့်သွင်းသဘောတူရန် ညှိနှိုင်းနေကြခြင်း ဖြစ်သည်။
AA ၊ TNLA နှင့် MNDAA တို့က ၎င်းတို့ လှုပ်ရှားနေသည့် နေရာများ၊ ၎င်းတို့ တပ်ဖွဲ့ဝင်များ ရှိနေသည့် နေရာများအားလုံးကို အသိအမှတ်ပြုရန် ပြောဆိုသော်လည်း တပ်မတော်ဘက်မှ လက်ခံခြင်း မရှိပါ။
TNLAကို ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သည့် မန်တုံမြို့နယ်နှင့် နမ့်ဆန်မြို့နယ် တွင် သာ တည်ရှိမှုကို အသိအမှတ်ပြုမည်ဖြစ်ပြီး MNDAA ကိုလည်း ဌာနချုပ် တည်ရှိရာ ဟုန်အိုင် ဒေသ တကြောတွင်သာ အသိအမှတ်ပြုမည်ဟု တပ်မတော်ဘက်မှ ပြောဆိုထားသည်။
AA ကိုလည်း စတင်တည်ထောင်ခဲ့ရာ လိုင်ဇာဌာနချုပ်တွင်သာ လက်ခံပြီး ရခိုင်ပြည်နယ်တွင်း တည်ရှိမှုကို လက်မခံကြောင်း တပ်မတော်က သတင်းမီဒီယာ များတွင် ပြောဆိုထားသည်။
You may also like these stories:
ငြိမ်းချမ်းရေး ဆက်လုပ်ရန် မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့ကို တရုတ် တိုက်တွန်း
နှစ်မကုန်ခင် မြောက်ပိုင်း ၄ ဖွဲ့နှင့် အပစ်ရပ်စာချုပ် လက်မှတ်ထိုးနိုင်ရေး အစိုးရ မျှော်လင့်
မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့ NCA ထိုးရန် ရည်ရွယ်ချက် ရှိပုံမရဟု တပ်မတော် ပြော