ပြီးခဲ့သည့် ဘဏ္ဍာနှစ်အတွင်းက ခွင့်ပြုမိန့် အတည်ပြုရန် ကျန်ရှိနေသည့် သတ္တုတွင်း လုပ်ငန်းများကို လာမည့် ၂၀၂၀ တွင် ရင်းနှီးမြှုပ်နှံခွင့် ချထားပေးသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) က သိရသည်။
MIC အတွင်းရေးမှူး ဦးသန့်စင်လွင် က “လာမယ့်နှစ်မှာတော့ ပြီးခဲ့တဲ့ နှစ်က ကျန်နေတဲ့ လုပ်ငန်းမျိုးတွေ ဖြစ်တဲ့ Mining (သတ္တုတွင်း) နဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေ လာမယ်လို့ ခန့်မှန်းတယ်။ ဒါကို သက်ဆိုင်ရာ ဝန်ကြီးဌာနကလည်း အသေး စိတ် စိစစ်နေပါတယ်။ ဒီကဏ္ဍမှာက ခွင့်ပြုလိုက်တာတော့ ဒါ ကုမ္ပဏီတခုပဲ ဆိုပေမယ့် သူ့ရဲ့ ရင်းနှီးမြှုပ်နှံမှု ပမာဏက ကြီး တယ်။ ဒါကြောင့် ဒီလုပ်ငန်းတွေ တိုးတက်လာဖို့ ရှိတယ်” ဟု ရှင်းပြသည်။
အဆိုပါ လုပ်ငန်းများကို ခွင့်ပြုပေးရာတွင် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုနည်းသည့် လုပ်ငန်းမျိုးလည်း ဖြစ်စေရန် စနစ် တကျ သက်ဆိုင်ရာ သယံဇာတနှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန (သတ္တုတွင်း) မှ စစ်ဆေးနေပြီး ယင်း လုပ်ငန်းများသည် ပြီးခဲ့သည့် ၂၀၁၉-၂၀၁၉ ဘဏ္ဍာနှစ် အတွင်းက ခွင့်ပြုပေးရန် ကျန်ရှိနေသော လုပ်ငန်းများလည်း ဖြစ် ကြောင်း ၎င်းက ဆိုသည်။
ထို့ပြင် အစိုးရ အနေနှင့်လည်း လျှပ်စစ်ကဏ္ဍကို ယခုအချိန်တွင် အားပေးနေခြင်းကြောင့် မကြာခင် လျှပ်စစ်ထုတ်လုပ်ရန် အတွက် သဘာဝဓာတ်ငွေ့နှင့် ပတ်သက်သော လုပ်ကွက်များ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ချထားပေးရန် ရှိ ကြောင်း ဦးသန့်စင်လွင်က ပြောသည်။
သတ္တုတူးဖော်ရေး ကဏ္ဍတွင် ၁၉၈၈ ခုနှစ်မှ လက်ရှိအချိန်အထိ လုပ်ငန်း ၁၆ ခုက ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန် ဒေါ် လာ ၂ ဒသမ ၃၇၄ ဘီလီယံ ဝင်ရောက်ထားပြီး လျှပ်စစ်ကဏ္ဍတွင် လုပ်ငန်း၂၁ ခုက ရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ၁၅ ဘီလီယံ ဝင်ရောက်ထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန (DICA)စာရင်းများ အရ သိရသည်။
ထိုလုပ်ငန်းများတွင် စင်ကာပူ၊ တရုတ်၊ ဟောင်ကောင်၊ ထိုင်း အစရှိသည့် ပြည်ပနိုင်ငံများက ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ထား သည်။
သယံဇာတနှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးတင်ထွန်းဝင်း က “အခု ဝန်ကြီးဌာနရဲ့ မူဝါဒအရ ဒီအစိမ်းရောင် Mining ဖြစ်ဖို့ အရေးရယ်။ ပတ်ဝန်းကျင် ထိန်းသိမ်းရေးရယ်ကို အဓိက ဦးစားပေးပြီး လုပ်တာ ဖြစ်တယ်။ အရင်လိုမျိုး လျှောက်ရင် အားလုံး Clear ဖြစ်တယ်ဆိုပြီး ချပေးလို့ မရဘူး။ အကုန်လုံး တိုင်းဒေသကြီးရော ခရိုင် ရော ပြည်နယ်ရော သဘောတူပြီးတောင်မှ ပတ်ဝန်းကျင် ထိန်းသိမ်းရေးရဲ့ အစီရင်ခံစာ ထောက်ခံချက်ရမှ ထုတ်ပေးတာ” ဟု ဧရာဝတီသို့ ပြောသည်။
ဥပဒေ၊ နည်းဥပဒေများအရ အချက်အလက်များ ပြည့်စုံလျှင်ပေး၍ ရသော်လည်း ဝန်ကြီးဌာန၏ မူဝါဒအရ သတ္တုကဏ္ဍကို သားစဉ်၊ မြေးဆက် အသုံးပြုခွင့် ရရှိရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများ လုပ်ဆောင်ရခြင်းကြောင့် အကန့်အသတ် ဖြစ်သွားခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
ပြည်တွင်း သတ္တုတူးဖော်ရေး လုပ်ငန်းရှင် တဦး က “အခုချိန်ထိတော့ သတ္တုမိုင်းတွင်း လုပ်ငန်းတွေကို နိုင်ငံခြားသားကို ချပေး တာတော့ မရှိပါဘူး။ နောက်ပြီး အခုက သတ္တုလုပ်ကွက် သက်တမ်းကုန်လို့ စိစစ်နေတာတွေ များတယ်။ နောက်ထပ် အသစ်ချပေးမယ့် လုပ်ကွက်တွေကလည်း သဘာဝ သယံဇာတ အရင်းအမြစ် တူးဖော်ရေးနှင့် ပွင့်လင်းမြင်သာမှု ဖော် ဆောင်ရေး (EITI) လုပ်နိုင်ပါတယ်ဆိုတဲ့ အချက်နဲ့ တွဲပြီးတင်မှ ချပေးမှာ ဖြစ်တယ်။ ဒါလည်း လိုအပ်ပါတယ်” ဟု ဧရာဝတီ သို့ ပြောသည်။
ဆက်လက်၍ ၎င်းက “အခု EITI လက်မှတ်နဲ့ အခြား ထောက်ခံချက်တွေရှိရင် ၅ ဧက ရှိတဲ့ လုပ်ကွက်ငယ်တွေကို ဝန်ကြီး ဌာနက ချပေးနေတယ်။ စီးပွားရေး လုပ်ငန်းကြီးတဲ့ သူတွေကတော့ ဧက ၅၀ ၊ ၁၀၀ လိုချင်တာပေ့ါ။ တဖက်ကလည်း လက် လုပ်လက်စားတွေက ဒါကို သဘောကျတယ်။ လုံလောက်တယ်လို့ ပြောနေကြတယ်” ဟု ဆိုသည်။
သတ္တုမိုင်းတွင်း လုပ်ငန်းများကို လျှောက်လွှာတင်ရာတွင် ကနဦး လုပ်ကွက် လျှောက်လွှာ လက်ခံရေးအဖွဲ့မှ အချက်အ လက် ပြည့်စုံလျှင် လုပ်ကွက်စိစစ်ရေး ဝန်ကြီးဌာနအဖွဲ့ ယင်းမှ တဆင့်သက်ဆိုင်ရာ တိုင်းဒေသကြီးများ၏ ခွင့်ပြုချက် အ ဆင့်ဆင့် ယူရခြင်း ဖြစ်သည်။
ဝန်ကြီးဌာနစာရင်းများအရ ၂၀၁၉ ခုနှစ် နိုဝင်ဘာလအထိ သတ္တုတူးဖော်ရေး လုပ်ငန်း တိုင်းနှင့် ပြည်နယ်များတွင် ခွင့်ပြု ထားမှုမှာ ၁၂၀၀ ကျော် ရှိသည်။
ဆက်စပ်ဖတ်ရှုရန်
ဖားကန့်ဒေသတွင် ကျောက်စိမ်း တူးဖော်ရေးလုပ်ငန်းများ ပြန်လည်စတင်
ခန္တီးရတနာမြေတွင် လက်လုပ်လက်စား လုပ်ကွက်များ တတိယအကြိမ် ချပေးမည်