ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် မိုင်းသုံးလုံး ဆက်တိုက်ပေါက်ကွဲမှု ဖြစ်ပွားခဲ့သော်လည်း ယင်းဒေသတွင် ပြုလုပ်သည့် ဆိုလာဓာတ်အားပေးစက်ရုံဖွင့်ပွဲသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။
အဆိုပါ မိုင်းပေါက်ကွဲသည့် နေရာမှာ မာန်အောင်ဟိုတယ်နှင့် ၂ ဖာလုံခန့်ကွာဝေးပြီး ဒေါ်အောင်ဆန်းစုကြည် မရောက်မီ နာရီပိုင်း အလို ယနေ့မနက် ၆ နာရီခန့်က ငအင်း သင်္ချိုင်းအနီး ကားလမ်းတွင် ပေါက်ကွဲခြင်းဖြစ်ကြောင်း မာန်အောင်မြို့ခံများက ပြောသည်။
မာန်အောင်မြို့ခံ မစောမွန် က “မိုင်းပေါက်တာက ဒီနေ့ မနက် ၆ နာရီ ခွဲလောက်မှာ ဖြစ်တာပါ။ ပေါက်တဲ့နေရာက မာန်အောင် ဟိုတယ်နဲ့ဆို ၂ ဖာ လုံသာသာလောက် ဝေးမယ်။ ထိခိုက်မှု အခြေအနေကိုတော့ ကျမတို့လည်း အတိအကျ မသိဘူး။ ဒီကလူတွေက စိုးရိမ်တာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။
မိုင်းပေါက်ကွဲသည့် နေရာမှာ မာန်အောင်မြိုနှင့် ၃ မိုင်ခန့်ဝေးကွာပြီး ဒေါ်အောင်ဆန်း စုကြည့် တက်ရောက်မည့် ဆိုလာ စနစ်ဖြင့် မီးပေးမည့် ဓာတ်အားပေး စက်ရုံ ဖွင့်ပွဲနေရာ နှင့်လည်း ၅ မိုင်ခန့် ဝေးကွာကြောင်း သိရသည်။
မာန်အောင်မြို့ခံ မစောမွန်က “မိုင်းပေါက်တဲ့နေရာက မြို့ရဲ့ အနောက်ဘက်မှာ ရှိတယ်။ အခု ဆိုလာဓာတ်အားစက်ရုံ ဖွင့်ပွဲက မြို့ရဲ့ မြောက်ဘက်မှာ ရှိတယ်။ ဖြစ်တဲ့နေရာနဲ့တော့ တော်တော်လေး ဝေးပါ တယ်။ အခု ဒေါ်အောင်စုကြည် လည်း ပွဲကို ရောက်နေပြီ လို့ ကြားပါတယ်” ဟု ဆိုသည်။
ထိုသို့ မိုင်းပေါက်ကွဲမှုကြောင့် လက်ရှိအချိန်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးနေကြောင်းလည်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးကြီး မောင်မောင်စိုး က ဧရာဝတီသို့ ပြောသည်။
ဒုရဲမှူးကြီး မောင်မောင်စိုး က “မိုင်းပေါက်ကွဲတဲ့ ဖြစ်စဉ်က တော့မှန်တယ်။ ကြီးကြီးမားမားတော့ ပေါက်ကွဲတာတော့ မဟုတ်ဘူး။ အသေးစားလေးပါ။ ဆိုလာ ဓာတ်အား စက်ရုံလည်း ဖွင့်ပွဲ လုပ်နေပါပြီ။ ထိခိုက်မှုတွေ ဘာတွေလည်း ဘာမှ မရှိပါဘူး။ အခု လုံခြုံရေး တပ်ဖွဲ့ဝင်တွေ သွားစစ်ဆေးနေတယ်။ ပြီးမှ အသေးစိတ်သိရမယ်” ဟု ဧရာဝတီသို့ ပြောသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မာန်အောင်ကျွန်း ခရီးစဉ်အတွင်း လုံခြုံရေး တပ်ဖွဲ့ဝင်များ တိုးမြှင့်ချထားသော်လည်း ထိုသို့ မိုင်းပေါက်ကွဲမှု ဖြစ်စဉ်အပေါ် ပြည်သူ များအကြားတွင်လည်း လုံခြုံရေး ဆောင်ရွက်ချက် အပေါ် ဝေဖန်မှု ရှိသည်။
ဒေါ်အောင်ဆန်းစုကြည် တက်ရောက်နေသည့် ဆိုလာ ဓာတ်အားပေးစက်ရုံဖွင့်ပွဲ အခြေအနေနှင့် လူထုတွေ့ဆုံးမှု ရှိမရှိဆိုသည့် အခြေအနေမျာကို ဧရာဝတီမှ သိရှိရန် စုံစမ်းခဲ့သော်လည်း ဖုန်းလိုင်းများ မကောင်းသည့်အတွက် အသေးစိတ် မရှိနိုင်ပေ။
မာန်အောင်ကျွန်းတွင် ဖွင့်လှစ်မည့် ၎င်း ဆိုလာ စနစ်ဖြင့် မီးလင်းရေး ဓာတ်အားပေး စက်ရုံမှနေ မြို့ပေါ်ရပ်ကွက် ( ၅ ) ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၂ သို့ မီးပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။
မကြာသေးမီ ရက်ပိုင်းအတွင်းက အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် သွားရောက် ဖြေရှင်းနေသော ဒေါ်အောင်ဆန်းစုကြည် အား ထောက်ခံကြိုသည့် ဆန္ဒ ဖော်ထုတ်ပွဲတခုကို မာန်အောင်ကျွန်းတွင် NLD ပါတီဝင်များ ဦးဆောင်ကာ ပြုလုပ်ခဲ့ကြသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သည် သူမ အာဏာ ရရှိသည့် အချိန်ကစပြီး ရခိုင်ပြည်နယ် မြောက်ပိုင်းသို့ ၂၀၁၇ ခုနှစ် ၊ နိုဝင်ဘာ လ ၂ ရက်နေ့ မောင်တောမြို့နယ်အတွင်းသို့ ပထမ ဆုံးခရီးစဉ် လာရောက်ခဲ့သော်လည်း ဒေသတွင်း နိုင်ငံရေးပါတီများနှင့် ရခိုင်အရပ် ဘက်လူမှုအဖွဲ့ အစည်းများနှင့် တွေ့ဆုံခြင်း မရရှိခဲ့ပါ။
မောင်တောမြို့သို့ သွားရောက်ပြီး စစ်တွေလေဆိပ်ခန်းမဆောင်တွင် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ခဏတာ တွေ့ဆုံပြီး လှည့်ပြန်ခဲ့သည့်အတွက် ရခိုင်လူထုကြားတွင် ဝေဖန်မှု မြင့်တက်ခဲ့သည်။
You may also like these stories:
စီးပွားရေးဖွံ့ဖြိုးလာသည့် ဗီယက်နမ်ကို အထင်ကြီးမိဟု ဒေါ်အောင်ဆန်းစုကြည် ပြော
ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ ICJ သို့ သွားရောက် ခုခံဖြေရှင်းသည့်အပေါ် သုံးသပ်ချက်များ