သတင်း

စစ်ကိုင်းတိုင်း လူငယ်နှင့်အလုပ်အကိုင် စစ်တမ်းကောက်မည်

Want create site? Find Free WordPress Themes and plugins.

စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ လူငယ်နှင့် အလုပ်အကိုင် အခွင့်အလမ်း ဆိုင်ရာစစ်တမ်း ကောက်ယူခြင်းကို လာမည့် ဒီဇင်ဘာလကုန်ပိုင်းမှ စတင် ပြုလုပ်သွားမည်ဟု စစ်ကိုင်းတိုင်းဒေသ ကြီး လူငယ်ရေးရာကော်မတီမှ သိရသည်။

“လူငယ်တွေ အတွက် ပံ့ပိုးဆောင်ရွက်မှုလုပ်ဖို့ စဉ်းစားတဲ့အချိန်မှာ အလုပ်အကိုင် အခွင့်အလမ်း က လူငယ်တွေအတွက် အဓိက စိန်ခေါ်မှုတခု ဖြစ်နေတယ် ဆိုတာကို သိလိုက်ရတယ်၊ အဲဒီ အတွက် ဘာလုပ်ပေးရမလဲဆိုတာ သိဖို့ လိုလာ ပါတယ်၊ ဒါကြောင့် စစ်တမ်းကို ကောက်ယူဖို့ စီစဉ်ခဲ့တာပါ၊ ဒီဇင်ဘာလကုန်မှာ စတင်ပြီး ကောက်ယူသွားဖို့ ရှိပါတယ်”ဟု စစ်ကိုင်းဒေသကြီး လူငယ်ရေးရာ ကော်မတီအတွင်းရေးမှူး ကိုဝေမိုးနိုင်က ပြောသည်။

အဆိုပါစစ်တမ်းကို စစ်ကိုင်းတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီမှ ဦးဆောင်ပြုလုပ်ခြင်းဖြစ် ပြီး ကော်မတီ ဥက္ကဋ္ဌ မှာ တိုင်းအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း ဖြစ်ပြီး သက်ဆိုင်ရာဌာနများက အဖွဲ့ဝင်များနှင့် ခရိုင်လူငယ် ကိုယ်စားလှယ် ၁၅ ဦးလည်း ပါဝင် ဖွဲ့စည်းထားသည်။

စစ်ကိုင်းတိုင်းအတွင်းရှိ လူငယ်များအနေဖြင့် အလုပ်အကိုင် အခွင့်အလမ်းအတွက် ရင်ဆိုင်နေရ သည့် စိန်ခေါ်မှုများ၊ အရည်အသွေး လိုအပ်ချက်များ၊ အဆင်သင့်ဖြစ်စေရန် ဖြည့်ပေးရမည့် လိုအပ်ချက်များကို သိရှိနိုင်စေရန် ရည်ရွယ်၍ စစ်တမ်း ကောက်ယူခြင်း ဖြစ်ကြောင်း သိရသည်။

စစ်တမ်းကောက်ရာတွင် အသက် ၁၅ နှစ်မှ ၃၅ နှစ်အတွင်း လူငယ် အမျိုးသား၊ အမျိုးသမီးများ အား မေးခွန်းပေါင်း ၅၀ ခန့် မေးမြန်းသွားမည် ဖြစ်ပြီး စစ်တမ်းတွင် ဘွဲ့ရပြီးသူ၊ တက္ကသိုလ်ဝင် တန်း အောင်၊ အခြေခံပညာ အဆင့် အထိသာ ပညာ သင်ကြားရသူ စသဖြင့် အုပ်စုအလိုက် ခွဲခြား၍ ၎င်းတို့၏ အလုပ်အကိုင် အခွင့်အလမ်းများအတွက် လိုအပ်နေမှုများ၊ ကြုံတွေ့နေရ သည့် အခက်အခဲများကို အသေးစိတ် မေးမြန်းမှုများ ပြုလုပ်သွားမည်ဟု ကော်မတီက ပြောသည်။

အဆိုပါ စစ်တမ်း ကောက်ယူနိုင်ရန်အတွက် မုံရွာစီးပွားရေးတက္ကသိုလ်၊ စာရင်းအင်းပညာဌာနမှ တွဲဖက်ပါမောက္ခ ဒေါက်တာ ဦးဝင်းကျော်ကျော်မိုးက သုတေသန နည်းစနစ်ပိုင်းဆိုင်ရာ ပံ့ပိုး ကူညီမှုပေးပြီး ယခုအခါ စစ်တမ်းမေးခွန်လွှာ အချောသပ် ပြင်ဆင်ထားပြီး ဖြစ်ကြောင်း သိရသည်။

“လူငယ်တွေကို သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာတွေအထိ ဆင်းပြီး စစ်တမ်း မေးခွန်းတွေကို မေးမြန်း စစ်တမ်း ကောက်ယူသွားမှာဖြစ်ပါတယ်၊ ပြီးတော့ ဘယ်ခရိုင်၊ ဘယ်မြို့နယ်၊ ဘယ်ရပ် ကွက်၊ ကျေးရွာတွေကို စစ်တမ်း ကောက်ယူမလဲဆိုတဲ့ တွက်ချက်မှုတွေ လုပ်နေပါတယ်။ အသေး စိတ်မေးမြန်းပြီး စစ်တမ်းကောက်ယူမှာဖြစ်တဲ့အတွက် အားလုံးကိုတော့ လွှမ်းခြုံမယ့် အနေအထား ရှိပါတယ်”ဟု ကိုဝေမိုးနိုင်က ဆက်လက်ပြောသည်။

၎င်းက “ကျနော်တို့အနေနဲ့ ဘာသာစကားနဲ့ လုပ်ငန်းခွင် သင်တန်းတွေပေးရမှာလား၊ ဒါမှမဟုတ် လူငယ်တွေရဲ့ ကိုယ်ပိုင်ဖွံ့ဖြိုးမှုအတွက် သင်တန်းတွေပေးရမှာလား၊ ကွန်ပျုတာကျွမ်းကျင်မှုဆိုင် ရာ သင်တန်းတွေပေးရမှာလား ဆိုတာတွေကို ဖော်ထုတ်လာနိုင်မယ်၊ ဒီပေါ် မူတည်ပြီးတော့ အစိုးရက ဘာတွေကို အဓိက ဦးစားပေး လုပ်သင့်တာလဲ ဆိုတာကို ဆုံးဖြတ်တွေ ချလာနိုင်မှာဖြစ်တယ်”ဟု ရှင်းပြသည်။

စစ်တမ်း ကောက်ယူမှုအား ၆ လ ကြာ အချိန်ယူ မည်ဖြစ်ပြီး စစ်တမ်း ကောက်ယူထားသည့် အချက်အလက်များအား သုတေသန ပြုလုပ်ပြီးပါက အလုပ်အကိုင် အခွင့်အလမ်းနှင့် ပတ်သက် ၍ မြို့နယ်၊ ခရိုင်၊ တိုင်းအဆင့်အလိုက် အချက် အလက်များ ရရှိလာမည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် တိုင်းအတွင်း အလုပ်လက်မဲ့ ဦးရေ၊ လုပ်ကိုင်လိုသည့် အလုပ်အမျိုးအစား၊ ဖွင့်လှစ်ရန် လိုအပ်မည့် သင်တန်း စသည့် အချက်အလက်များမှ တဆင့် အစိုးရက လုပ်ဆောင်ပေးနိုင်မည့် အရာများကိုဖော်ထုတ်နိုင်မည် ဖြစ်သည်။

“အခုလို စစ်တမ်းကနေ ရရှိလာမယ့် အချက်အလက်တွေကို သိရမှ ဘာတွေ လုပ်ဆောင်ပေးလို့ ရမယ်ဆိုတာကို ဆုံးဖြတ်ချက်ချနိုင်မှာ ဖြစ်ပါတယ်”ဟု စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့၊ လူဝင်မှု ကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီး ဦးမိုးကျော်သူက ပြောသည်။

လက်ရှိတွင် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များတွင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဌာန ဝန်ကြီး အား ထပ်မံခန့်အပ်၍ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ထုတ် ခြင်း၊ အလုပ်အကိုင် အခွင့်အလမ်း အဆင်သင့်ဖြစ်စေရန် လူငယ်များကို လေ့ကျင့်သင်ကြားပေးခြင်းများကို ပြုလုပ်ပေး လျက်ရှိရာ စစ်တမ်းသည် အဆိုပါလုပ်ငန်းစဉ်များအတွက် အထောက်အကူ ဖြစ်လာမည်ဟု သိရသည်။

ဒေသတွင်း အလုပ်အကိုင် ရှားပါးမှုများကြောင့် အချို့ကျေးလက်ဒေသတွင်း လူငယ်များသည် မြို့ပြနှင့် ပြည်ပနိုင်ငံ များသို့ ထွက်ကာ ရွှေ့ပြောင်းလုပ်ကိုင်နေကြကြောင်း၊ စစ်ကိုင်းတိုင်းအတွင်း ထိုသို့သော လုပ်ကိုင်နေသူ များကြောင်း ကျေးလက် လူထုဘဝမြှင့်တင်ရေးအဖွဲ့မှ ကိုထင်လင်းက သုံးသပ်သည်။

ကိုထင်လင်းက “ကျန်နေတဲ့ လူငယ်တွေမှာလည်း အလုပ်လက်မဲ့တွေ ဘယ်လောက်ရှိသလဲဆိုတာ မသိရဘူး၊ အခုလို တိတိ ကျကျ သုတေသနလုပ်ပြီး စစ်တမ်းထွက်လာမယ်ဆိုရင်တော့ အလုပ်အကိုင် အခွင့်အလမ်းတွေအတွက် အများကြီး လမ်းပွင့်လာမယ်လို့တော့ မြင်ပါတယ်” ဟု ရှင်းပြသည်။

စစ်တမ်းကောက်ယူမှု ရလဒ်များကို တိုင်းအစိုးရအဖွဲ့သို့လည်း တင်ပြပေးသွားမည် ဖြစ်သလို လူငယ်များ အမှန်တကယ် လိုအပ်ချက်နှင့် လူငယ်ရေးရာကော်မတီက ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ တထပ်တည်း ကျစေရန်အတွက် စစ်တမ်း အပေါ် မူတည်ပြီး လူငယ်ရေးရာကော်မတီမှ လုပ်ဆောင်နေသော ဆောင်ရွက်ချက်များတွင်လည်း ထည့်သွင်း အသုံးချ သွားမည်ဟု သိရသည်။

စစ်တမ်းကြောင့် တိုင်းအတွင်းရှိ လူငယ်များ အလုပ်အကိုင်အခွင့်အလမ်းအတွက် အမှန်တကယ် လိုအပ်နေမှုကို အကောင် အထည်ဖော်ဆောင်ရွက်ပေးနိုင်မည်ဖြစ်သလို တိုင်းအတွင်း၌ ဒေသဖွံ့ဖြိုးရေး၊ လူငယ်ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများ လာရောက် လုပ်ဆောင်ကြမည့် အရပ်ဘက်အဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ ရင်းနှီးမြှပ်နှံမှုများ အတွက် လည်း ယခုစစ်တမ်းက များစွာ အထောက်အကူပြုမည် ဖြစ်သည်။

မြန်မာနိုင်ငံအတွင်းရှိ လူငယ်အရေး ကိစ္စရပ်များ အတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်၍ ၂၀၁၈ ခုနှစ်က မြန်မာနိုင်ငံ လူငယ်ရေးရာ မူဝါဒကို ရေးဆွဲပေးခဲ့ပြီး လူငယ်ရေးရာ ကော်မတီကို ပြည်ထောင်စုအဆင့်၊ တိုင်းဒေသကြီး၊ ပြည်နယ်များတွင်လည်း ဖွဲ့စည်းပေးထားကာ လူမှုရေးဝန်ကြီးများက ဥက္ကဌအဖြစ် တာဝန်ယူ၍ ယင်းမူဝါဒများ အကောင်အထည် ဖော်ဆောင်နေလျက် ရှိကြောင်း သိရသည်။

ဆက်စပ်ဖတ်ရှုရန်

စစ်ကိုင်းတိုင်းအတွင်းရှိ လုပ်သား ၁၀၀၀ ကျော် ဂျပန်သို့ စေလွှတ်ရန် တိုင်းအစိုးရ စီစဉ်

အလုပ်သမားထုအတွက် အကာအကွယ်တွေ အများကြီး လိုအပ်နေသေးတယ်

ဂျပန်သို့ မြန်မာလုပ်သား စေလွှတ်ရေး ဆွေးနွေးညှိနှိုင်

Did you find apk for android? You can find new Free Android Games and apps.
Loading