ဧရာဝတီတိုင်း ဖျာပုံမြို့နယ်ရှိ ကျားဖောင်လုပ်ငန်းခွင်တွင် လုပ်အားခေါင်းပုံဖြတ်မှုများ၊ လူကုန် ကူးမှုများနှင့်အတူ လူ့အခွင့် အရေး ချိုးဖောက်မှုများ ရှိလာသည့်အတွက် ယခုဆိုရင် ပြည်သူများ က အဆိုပါ လုပ်ငန်းကို ပိတ်သိမ်းဖို့အထိ ပြောဆို ဝေ ဖန်လာကြသည်။
လွန်ခဲ့သော နှစ်ပေါင်း ၅ဝ ဝန်းကျင်ကတည်းက စတင်ပေါ်ပေါက်လာသည့် ကျားဖောင်လုပ်ငန်း သည် လုပ်ငန်းတိုးတက်မှု များပြားလာသလို လုပ်သား လိုအပ်ချက် ကြီးမားလာသည့်အတွက် အနယ်နယ်အရပ်ရပ်မှ လုပ်သားများကို ပွဲစားများနှင့် ချိတ်ဆက် ခေါ်ယူ ရပ်တည်နေရသည်။
သို့သော် ယနေ့အချိန်အထိ ကျားဖောင်လုပ်ငန်းသည် အလုပ်သမား၊ အလုပ်ရှင်တို့ ကျင့်သုံးလိုက် နာရမည့် လုပ်ငန်းပိုင်း ဆိုင်ရာ တိကျသည့် စည်းမျဉ်းစည်းကမ်းနှင့် လုပ်ထုံးလုပ်နည်းများ မရှိ သေးပေ။ ထို့အတွက်လည်း ယခုလို လူ့အခွင့်အရေး ဆိုင်ရာ ချိုးဖောက်ခံရမှုများ ဖြစ်ပေါ်လာ နေခြင်း ဖြစ်သည်။
ထိုကိစ္စနှင့် ပတ်သက်ပြီး လူ့အခွင့်အရေး ဆိုင်ရာ ချိုးဖောက်မှုများ လျော့ပါးလာရေး အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်ပါတီ (NLD) ဖျာပုံမြို့နယ်၏ အမျိုးသား လွှတ်တော် ကိုယ်စား လှယ် ဦးသိမ်းဆွေကို ဧရာဝတီ သတင်းဌာနမှ အကြီးတန်း သတင်းထောက် ထက်ခေါင်လင်းက ဖျာပုံမြို့နယ်တွင် တွေ့ဆုံမေးမြန်းခဲ့ပါသည်။
မေး။ ။ ပင်လယ်ပြင်မှာ ဘာကြောင့်ပဲ သေသေ လျော်ကြေး ၆ သိန်း သတ်မှတ်ထားတဲ့ ဟာက လွှတ်တော် ကိုယ်စားလှယ် တွေပါ ပါဝင်တယ်ဆိုတဲ့ အချက်က အမှန်ပဲလား။
ဖြေ။ ။ ဒီလို သတ်မှတ်တာကို ကျနော်တို့ကတော့ သဘောမတူဘူးဗျ။ ပြဿနာရဲ့ အတိမ်အနက် ပေါ် မူတည်လိမ့်မယ်။ ဥပဒေမှာလည်း ပြဋ္ဌာန်းထားတာ မဟုတ်တဲ့အတွက် ကျနော်ကတော့ ငြင်းပါတယ်။ ဒီဟာကို ကျနော်တို့ မပြောခဲ့ဘူး။ လုပ်သားတယောက် သေဆုံးသွားရင် ၆ သိန်း ကျပ် လျော်ရမယ်ဆိုတာ အခုချိန်ထိ ကျနော်က မပြောခဲ့ဘူး။
မေး။ ။ အခုက အရပ်စာချုပ် ချုပ်ပြီး ခန့်တယ်၊ နောက် ပွဲစားတွေ လာအပ်တာ သိသိလျက်နဲ့ ကြိုတင်ငွေ ထုတ်ပေးပြီး ဖောင်ပေါ် တန်းပို့လိုက်တယ်၊ အလုပ်သမား ခံစားခွင့်တို့ ဘာတို့ကို အလုပ်ရှင်တချို့က ဥပဒေနဲ့ မညီမှန်း သိလျက်နဲ့ လုပ် နေကြတယ်။ အဲဒီတော့ ဒီလို အလုပ်ရှင် တွေက သိလျက်နဲ့ ဥပဒေကို ဖောက်ဖျက်နေတာလား။

ဖြေ။ ။ ဒေသရဲ့ အခြေအနေကို ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆို ရေလုပ်ငန်းရှင်တွေမှာလည်း အမျိုးမျိုး ရှိပါတယ်။ တချို့ က ပညာအခြေခံ အားနည်းတဲ့သူတွေ ရှိတယ်။ နောက်တခုက အောက်ခြေ ကျားဖောင်လုပ်သား ဘဝကနေ တက်လာတဲ့ သူတွေ ရှိတယ်။ တချို့လည်း ပညာတတ် လုပ်ငန်းရှင်တွေ ရှိပါတယ်။
ဒါပေမယ့် အများစုကတော့ ဥပဒေပိုင်းနဲ့ ပတ်သက်ရင် လေ့လာမှု အားနည်းတယ်။ အဲဒီ အားနည်းချက်တွေဟာ ဒီလိုမျိုး ကဏ္ဍတွေမှာ တကျောင်း တဂါထာ၊ တရွာတပုဒ်နဲ့ ဆောင်ရွက် နေကြတယ်။ နောက် ဒါနဲ့ပတ်သက်ပြီး ဥပဒေ၊ နည်းဥပဒေ တွေ ပြဋ္ဌာန်းထားမှု အပိုင်းလည်း လိုအပ်နေတယ်။
မေး။ ။ အခု လုပ်ထားတဲ့ ကျားဖောင်လုပ်ငန်းနဲ့ ပတ်သက်တဲ့ အလုပ်ရှင် အလုပ်သမား သဘော တူစာချုပ်က တရားဝင် ဖြစ်သွားပြီလား။ လက်ရှိအချိန်မှာ ဘယ်လို အသုံးချနေသလဲ။
ဖြေ။ ။ ဒီစာချုပ်လည်း ဒေသန္တရစာချုပ်ပဲ။ ဒီစာချုပ်မှာ သက်ဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့အစည်း တွေ၊ လွှတ်တော်ကိုယ်စား လှယ်တွေ၊ ငါးလုပ်ငန်း ဦးစီးဌာန၊ နောက် ဆက်စပ်နေတဲ့ ဌာနတွေ အလုပ်ရုံ ဆွေးနွေးပွဲလုပ်ပြီး စာချုပ်ဖြစ်လာတာ။ ဒီ စာချုပ် အတိုင်းသာ ပီပီပြင်ပြင် လုပ်မယ် ဆိုရင် တော်တော်လေး မျှမျှတတ ဖြစ်တယ်လို့ မြင်တယ်။ ဒါပေမယ့် အခုချိန်ထိ ဒီစာချုပ်ကို ဆောင်ရွက်တဲ့အပိုင်း မတွေ့ရသေးဘူး။ အရပ်စာချုပ်တွေနဲ့ပဲ သွားနေကြတယ်။
ဒီဟာကို အသက်ဝင်ဖို့က ဥပဒေ ပြဋ္ဌာန်းမှုနဲ့က ပိုအသက်ဝင်တယ်။ ဥပဒေမှာကလည်း ၁၉၈၉ ခုနှစ်မှာ နိုင်ငံတော် ငြိမ်ဝပ် ပိပြားမှု တည်ဆောက်ရေး အစိုးရအဖွဲ့ (နဝတ)က နိုင်ငံခြား ငါးဖမ်း ရေယာဉ်များနှင့် ငါးလုပ်ငန်း လုပ်ပိုင်ခွင့် ဥပဒေ ပြဋ္ဌာန်း တယ်။ အဲဒါကို ၁၉၉၃ ခုနှစ်မှာ ပြင်ဆင်တယ်။
နောက်တခုက နဝတ အစိုးရကပဲ မြန်မာ့ပင်လယ် ငါးလုပ်ငန်း ဥပဒေဆိုပြီး ၁၉၉ဝ ခုနှစ်မှာ ပြဋ္ဌာန်းပြီး ၁၉၉၃ ခုနှစ်မှာ ပြန် ပြင်ဆင်တယ်။ ဒါပေမယ့် အဲဒီ ဥပဒေတွေမှာ နည်းဥပဒေ မရှိဘူး။ အဲဒါကြောင့် အကောင်အထည်ဖော်ဖို့မှာ အသက်မဝင် ဘူးလို့ ပြောရမယ်။ အခုတော့ ပင်လယ်ငါး လုပ်ငန်း ဥပဒေဆိုပြီး လွှတ်တော်ကို စတင်သွင်းလာပြီ။ အမျိုးသား လွှတ်တော် က စဆွေးနွေး မယ်လို့ သိရတယ်။
မေး။ ။ မှတ်ပုံတင်ထားတဲ့ အရေအတွက်ထက် ပင်လယ်ပြင်မှာ အများကြီး ဖြစ်နေတယ်။ လုပ်သားတွေလည်း အများကြီး လိုအပ်လာတယ်။ လူမှောင်ခိုတွေရဲ့ လုပ်ခလစာ ခေါင်းပုံဖြတ်မှု တွေလည်း ကြုံနေရတယ်။ ဒါကို ဘယ်ဌာနဆိုင်ရာမှ ပင် လယ်ပြင်အထိ နှစ်စဉ် လာမစစ်ကြဘူး။
ဖြေ။ ။ ဒီဟာက အားလုံးမှာ တာဝန်ရှိတယ်။ ရေလုပ်ငန်းရှင်တွေကလည်း ဒီအဖြစ်ပျက်တွေကို သက်ဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့အစည်း၊ လွှတ်တော် ကိုယ်စားလှယ်တွေကို သေသေချာချာ ဆွေးနွေး တင်ပြထားသလားဆိုရင် အခုချိန်ထိ မရှိသေး ဘူး။ နောက်တခုက ပင်လယ်ပြင်ကို စစ်ဖို့က တရက်ခွဲလောက် သွားရတဲ့အခါမှာ အဖွဲ့တွေ စုပေါင်းပြီး လက်တွေ့ကျကျ ဆောင်ရွက်မှု လည်း မရှိဘူး။ အဲဒီလို ပင်လယ်ပြင်အထိ သွားရောက် စုံစမ်း မေးမြန်းနိုင်တဲ့ အခွင့်အာဏာကို လည်း ကျနော်တို့ လွှတ်တော် ကိုယ်စားလှယ်တွေကို ပေးမထားဘူး။
ဒီရဲ့ဖြစ်စဉ်၊ ပြဿနာ၊ အခြေအနေ အားလုံးကို ကျနော်တို့ကို တင်ပြလာပြီဆိုရင် ဒီဟာအပေါ် အကောင်းဆုံးဖြစ်အောင် ပေါင်းစပ် ညှိနှိုင်းရတဲ့ အလုပ်ကို ကျနော်တို့က လုပ်ရမှာ။ ဥပမာ ဌာန ဆိုင်ရာ အားနည်းရင် အားနည်းတယ်ဆိုတာကို လွှတ် တော်ထဲမှာ ဆွေးနွေးမယ်၊ မေးမယ်။ ဥပဒေ အားနည်းနေရင် ဥပဒေ ပြဋ္ဌာန်းနိုင်ဖို့ ကျနော်တို့က ကြိုးစားမယ်။
ဒေသတွင်း ဌာနဆိုင်ရာတွေနဲ့ ပူးပေါင်းပြီး အဖြေကောင်းရဖို့ ကျနော်တို့ ကြိုးစားခဲ့ကြပါတယ်။ အကြိမ်ကြိမ် အလုပ်ရုံ ဆွေး နွေးပွဲတွေ လုပ်တယ်။ ကျနော်တို့ သဘောထားတွေ ပြောပြခဲ့တယ်။ ဒါပေမယ့် အကောင်အထည်ဖော်တဲ့ အပိုင်းမှာတော့ အားနည်းခဲ့ တယ်။
မေး။ ။ အခုဆိုရင် လူ့အခွင့်အရေး ကော်မရှင်၊ လူကုန်ကူးမှု တားဆီးရေးအဖွဲ့တို့၊ လွှတ်တော် ကိုယ်စားလှယ်က အစ ဌာန ဆိုင်ရာတွေက ဒီကိုမြတ်သူရထွန်း ကျားဖောင်ပေါ်မှာ ဖြစ်လာတဲ့ နောက်ပိုင်းမှ ဖိဖိစီးစီး လုပ်လာတယ်လို့ ပြည်သူတွေက ဝေဖန်ကြတဲ့အပေါ် ဘာပြောချင်လဲ။ ဒီဖြစ်စဉ်တွေက နှစ်စဉ်နှစ်တိုင်း ဖြစ်ပျက်နေတာကို။
ဖြေ။ ။ ပြည်သူတွေ ဝေဖန်နေတာနဲ့ ပတ်သက်ပြီး ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေ အနေ နဲ့တော့ ဘာမှ စောဒက တက်စရာ အကြောင်းမရှိဘူး။ ပြည်သူဆိုတာက သူ့ရဲ့ ထင်မြင် ယူဆချက် ကို လွတ်လပ်စွာ ဆွေးနွေး ဝေဖန်ခွင့် ရှိပါတယ်။ ဒါပေမယ့် ကျနော်တို့ အလုပ်မလုပ်ဘူး ဆိုတာ ကိုတော့ ကျနော့်အနေနဲ့ ငြင်းချင်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကျနော်တို့ ပင် လယ်ပြင်နား အထိ သွားတယ်။ ဟိုး ပင်လယ်ပြင်ကြီး အထိတော့ မရောက်ဘူးပေါ့။
တရက်ခွဲလောက် အထိ သွားရသလို လှိုင်းဒဏ်၊ လေဒဏ်နဲ့။ လှိုင်းမူးတဲ့ဒဏ်က ကျနော်တို့လည်း မခံနိုင်ဘူး။ ပင်လယ် တော့ ဖြတ်ဖူးပေမယ့် လုပ်ငန်းခွင်အထိ ကျနော်တို့ မသွားဖူးဘူး။ ဒါပေမယ့် ပင်လယ်လုပ်ငန်း လုပ်တဲ့ ရွာလေးတွေ အကုန် ကျနော်တို့ ရောက်ဖူးတယ်။ ရောက်တဲ့ နေရာတိုင်း မှာလည်း ဒီပြဿနာတွေ မဖြစ်ပေါ်ရေးကို ကျနော်တို့ ဆွေးနွေးတယ်။ အလုပ်ရှင်တွေ လိုက်နာရ မယ့် စည်းမျဉ်း စည်းကမ်းတွေ အလျဉ်းသင့်သလို ပြောတယ်။ ရေလုပ်သားတွေကိုလည်း ရေလုပ်သား ကတ်တွေလုပ်ဖို့ ဆွေးနွေးတယ်။
ဒါပေမယ့် လက်တွေ့ လိုက်နာကျင့်သုံးတဲ့ အပိုင်းမှာ တချို့လည်း လုပ်သလို တချို့တော့ အား နည်းတယ်။ ရောက်တဲ့နေရာ တိုင်းမှာ လုပ်ငန်းရှင်တွေ အနေနဲ့ ရေလုပ်သားတွေ အပေါ် မျှမျှ တတလုပ်ဖို့ အမြဲတမ်း ပြောပါတယ်။ နောက် ဌာနဆိုင်ရာ တွေနဲ့လည်း ကျနော်တို့ အလုပ်ရုံ ဆွေးနွေးပွဲတွေမှာ ဒါနဲ့ ပတ်သက်ပြီး အများကြီး ဆွေးနွေးခဲ့ပါတယ်။ ဒါပေမယ့် ကျနော် တို့ ဆောင်ရွက်ခဲ့တာတွေဟာ ရုပ်သံမီဒီယာ ရိုက်ကူးတာ လွှင့်တာတွေ မရှိတော့ ဒီလို လုပ်ကိုင် ဆောင်ရွက်တာ မပေါ်လွင် ဘူးပေါ့။
မေး။ ။ ဧရာဝတီတိုင်း ဒေသကြီးက ရေချိုငါးလုပ်ငန်း ဥပဒေကို ပြဋ္ဌာန်းလိုက်နိုင်တယ်။ အဲဒီလို မျိုးပဲ ကျားဖောင်လုပ်ငန်းနဲ့ ပတ်သက်ပြီးတော့ တိုင်းအဆင့်နဲ့ သီးသန့် ဥပဒေ ပြဋ္ဌာန်း သင့်လား။ ဒီလုပ်ငန်းနဲ့ ပတ်သက်လို့ ယန္တရား ဘာတခုမှ မရှိဘူး။
ဖြေ။ ။ ရေချိုငါးလုပ်ငန်း ဥပဒေက တိုင်းဒေသအဆင့် အနေနဲ့ လုပ်ပိုင်ခွင့်ကို ပေးထားတယ်။ ပင်လယ်ငါးလုပ်ငန်း ဥပဒေ က ပြည်ထောင်စုအဆင့်က ကိုင်တွယ်ရတာဗျ။ ဒါကတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေရဲ့ ဇယားမှာကို အတိအလင်း ပြဋ္ဌာန်း ပြီးသားပါ။ နောက်ပိုင်း ပြည်နယ်နဲ့ တိုင်း တွေကို လုပ်ပိုင်ခွင့် ပိုမိုပေးလာပြီဆိုရင်တော့ ဒီအချက်တွေက ဆွေးနွေးစရာ ပါ လာပြီပေါ့။ အခုချိန်မှာတော့ ဧရာဝတီတိုင်းမှာ၊ မွန်ပြည်နယ်မှာ စသဖြင့် ရှိနေတယ်။ ဒါကြောင့် လောလော ဆယ်မှာတော့ ပြည်ထောင်စု အဆင့်ကနေပဲ ဒါကို ကိုယ်တွယ် ဆွေးနွေးရလိမ့်မယ်လို့ ထင်တယ်။
မေး။ ။ ဒီကျားဖောင်လုပ်ငန်း လုပ်တဲ့ ရွာတွေမှာ ပြင်ပက တစိမ်းလူတွေတောင် ဝင်ဖို့ခက်တယ် ဆိုပြီး ပြည်သူတွေက ပြော နေကြတယ်။ တရားဥပဒေ စိုးမိုးရေးအပိုင်း အနေနဲ့ ဥပမာ ဖျာပုံမှာ လူကုန်တား အဖွဲ့ ရှိနေတာကြာပြီ။ ကိုမြတ်သူရထွန်း ကျမှ လူကုန်ကူး ဆိုတာ ပေါ်လာတယ်။ တခြားကိစ္စတွေမှာ မပေါ်ခဲ့ဘူး။ သတင်းမီဒီယာတွေ ရေးသားခဲ့ကြတာကြာပြီ။ အရေးတယူ ဆောင်ရွက်တာ မရှိခဲ့ဘူး။
ဖြေ။ ။ ကျနော်တို့ ပင်လယ်လုပ်ငန်း လုပ်တဲ့နေရာတွေမှာ နေရာဒေသအနှံ့က လာလုပ်ကြတဲ့ အတွက် စရိုက်စုံတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် သွားလာရေး ခက်ခဲလှအောင် ဒေသရဲ့ လုံခြုံမှု ကတော့ အဲဒီလောက်ကြီး မဟုတ်ပါဘူး။ ဒါတွေက လူမှုကွန်ရက် စာမျက်နှာတွေမှာ ချဲ့ကားပြီးရေးတာ ပါပါတယ်။ ကျနော်တို့ရဲ့ ဒေသအနေအထားက အဲဒီလောက်အထိ ဆိုး ဆိုးဝါးဝါး မဟုတ်ပါဘူး။ ကျနော်ဆိုရင် အဲဒီ ရေလုပ်ငန်းလုပ်တဲ့ ရွာတွေ အနှံ့သွားနေတာပဲ။ ကြုံသလို အိပ်တာပဲ။ အပြင်က အလည်လာတဲ့သူတွေ၊ ငါးပိ၊ ငါးခြောက် လာဝယ်တဲ့သူတွေ လည်း လာနေတာပဲ။
စိုးရိမ်ထိတ်လန့်နေရတဲ့ နေရာဆိုတာ ကျနော် လက်မခံပါဘူး။ အခုလို လူကုန်ကူးမှုမျိုး အရေး ယူဆောင်ရွက်မှု မရှိခဲ့တဲ့ အပိုင်းကတော့ အားလုံးနဲ့ သက်ဆိုင်တယ်။ အဲဒီမှာ အရေးကြီးဆုံးက လုပ်ငန်းရှင်တွေနဲ့ ရေလုပ်သားတွေရဲ့ ပူးပေါင်း ပါဝင် မှုပဲ။ ရေလုပ်သားကလည်း အဲဒီလို ဖြစ်ပျက်လာပြီ ဆိုရင် နီးစပ်ရာ ကျေးရွာအုပ်ချုပ်ရေး၊ ရဲစခန်း၊ သူ့ရဲ့ ရင်းနှီးတဲ့ မိတ်ဆွေ တွေ ကနေ လွှတ်တော် ကိုယ်စားလှယ်များဆီ လာရောက် အကူအညီ တောင်းစေချင်တယ်။ အဲဒီအခါ ဥပဒေနဲ့အညီ ဒီဟာ ကို ဘယ်လို ဆောင်ရွက်လို့ ရတယ်ဆိုတာ အကြံပြုပေးလို့ရတယ်။ အဲဒီအပိုင်းတွေ အားနည်းတယ်။
နောက်တခုက ဒီလိုဖြစ်လာရတဲ့ အကြောင်းရင်းတချို့ဟာ ကိုယ့်အရပ်၊ ကိုယ့်ဇာတ်နဲ့ ဖြေရှင်းပြီး ပျောက်သွားတယ်။ တချို့ ကိစ္စတွေမှာ ရေလုပ်သားတွေ အနေနဲ့ တိုင်ရမယ်ဆိုတဲ့အသိ အားနည်း တာလည်း ပါလိမ့်မယ်။ ငါးလုပ်ငန်း ဦးစီးဌာန၊ လွှတ် တော် ကိုယ်စားလှယ်များ၊ အုပ်ချုပ်ရေး အဖွဲ့အစည်း၊ ရေလုပ်ငန်းရှင်၊ လူဝင်မှုကြီးကြပ်ရေး၊ လူကုန်တား၊ လူ့အခွင့်အရေး လှုပ်ရှားသူများ စသဖြင့် အားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်ဖို့ လိုတယ်။ အခုဆို ကိုမြတ်သူရထွန်းကိစ္စ ဖြစ်လာမှ သူတို့ လည်း စိတ်ဝင်တစား ဖြစ်လာတာ။
ဒီပြဿနာတွေက နှစ်ပေါင်း ၃ဝ၊ ၄ဝ လောက်ကို အမြစ်တွယ်လာနေတာ။ ဒါတွေကို ပြည်သူသိ အောင် ပြောမယ်။ ပြင်ဆင် သင့်တာတွေကို ပြင်ဆင်မယ်၊ ပူးပေါင်းဆောင်ရွက်ဖို့ တာဝန်ရှိနေတဲ့ အဖွဲ့အစည်းတွေ ကလည်း ဒါတွေကို ကြပ်မတ်ဖို့ လို တယ်။ ကျနော်တို့ လွှတ်တော် ကိုယ်စား လှယ်တွေမှာလည်း တာဝန်ရှိပါတယ်။ ကျနော်တို့က ပေါင်းစပ် ညှိနှိုင်းရတဲ့ အပိုင်း ဖြစ်တယ်။
ကျနော်တို့လည်း ဒီတာဝန်ကို ကျေပွန်အောင် လုပ်ဖို့ လိုတယ်။ မလုပ်ဘူးလားဆို ဒေသကိုသွား တဲ့အခါ ဒါတွေ ဆွေးနွေး တယ်၊ ပြောတယ်။ ဒါပေမယ့် ကျနော်တို့ လုပ်ရမယ့် အပိုင်းသည် ဒီလိုမျိုး ပေါ်ပေါက်လာပြီဆိုရင် ဒီပြဿနာကို သိအောင် ကျနော်တို့ ကြိုးစားမယ်။ လွှတ်တော်ထဲ မှာ မေးခွန်းတွေ၊ အဆိုတွေနဲ့ ဒါတွေကို ထိန်းကွပ်ဖို့ လိုပါတယ်။ ဒါကိုလည်း ကျနော်တို့ အနေနဲ့ ပြင်ဆင်နေပါတယ်။

မေး။ ။ အခုတော့ လူကုန်ကူးမှု ဆိုတာ ကျားဖောင်တွေမှာ အခု ပေါ်လာပြီ။ ဟိုးအရင်ကတည်းက ဒီလိုမျိုး ဘယ်လောက် အထိ ရှိနေနိုင်တယ်လို့ သုံးသပ်ထားတာ ရှိလဲ။ ဘယ်လိုအချက်အလက် မျိုး သတင်းစကားမျိုး ကြားရတာရှိလဲ။
ဖြေ။ ။ ဒီလုပ်ငန်းဟာ အစဉ်အဆက် မိရိုးဖလာလို လုပ်လာခဲ့ကြတာ။ အရင်တုန်းက အလုပ် လိုအပ်တဲ့အခါ အလုပ်သမား တွေကိုယ်တိုင် အလုပ်လာရှာကြတယ်။ အလုပ်မှာလည်း လိုအပ်တဲ့ လုပ်သားကို မရဘူး။ နောက်ပိုင်းမှာ လုပ်ငန်းတွေက လည်း တဖြည်းဖြည်း ချဲ့လာတယ်၊ အလုပ်ရှင်တွေလည်း များလာတယ်။ အဲဒီမှာ လုပ်သား လိုအပ်ချက်က များလာတယ်။
အဲဒီ လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ ကြားခံပွဲစားတွေ ပေါ်လာတယ်။ အဲဒီ ပွဲစားတွေကလည်း လုပ်ထုံးလုပ်နည်းနဲ့ ညီအောင် မလုပ်ဘူး။ စနစ်တကျနဲ့ မှတ်ပုံတင်ထားတဲ့ အဖွဲ့အစည်းတွေ မဟုတ်ဘူး။ ပွဲစားတွေက ကြုံသလို ဆောင်ရွက်ကြတဲ့အခါ အမှားအယွင်းတွေ ပေါ်ပေါက်လာ တယ်။ လုပ်သား လိုအပ်ချက်အောက်မှာ ခေါင်းပုံဖြတ်ချင်တဲ့ ပွဲစားတွေ ပေါ်လာတာပေါ့။ အဲဒါတွေကို ဥပဒေ၊ နည်းဥပဒေတွေ၊ အမိန့် ညွှန်ကြားချက်တွေနဲ့ စနစ်တကျ သွားမယ်ဆိုရင် တော့ ဒါတွေ ပပျောက်သွား မှာပါ။ ဒါတွေကို အသက်ဝင်အောင် ကျနော်တို့ လုပ်ရမှာပေါ့။
မေး။ ။ ဥပဒေ၊ နည်းဥပဒေတွေ ထက်လာဖို့ဆိုတာ အချိန်အတိုင်းအတာ တခုအထိ ယူရမယ်။ အဲ့ဒီတော့ ဒီလိုဖြစ်စဉ်မျိုး တွေက ဒီကြားထဲမှာ ထပ်ဖြစ်လာနိုင်မလား။
ဖြေ။ ။ အခု အမျိုးသား လွှတ်တော်ရောက်နေတဲ့ ဥပဒေက နောက်ပုံမှန် အစည်းအဝေးထိ ရောက်သွားနိုင်တယ်။ အဲ့ဒီတော့ ဒီဥပဒေကို ဆွေးနွေးတာ၊ အတည်ပြုပြီးရင်တောင် အဆင့်ဆင့် ပေးပို့ရတာတွေနဲ့ ကြန့်ကြာဦးမယ်။ အဲဒီတော့ ဒီဥပဒေ၊ နည်းဥပဒေတွေ ပီပီပြင်ပြင် မထွက်ခင်မှာ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေက တာဝန်သိသိနဲ့ ကြပ်မတ်မှု အားကောင်းကောင်း ဆောင်ရွက်ဖို့ လိုတယ်။ အခုဆိုရင် တိုင်းဒေသ အစိုးရအဖွဲ့ကလည်း ဆင်းလာတယ်။ လူကုန်တားအဖွဲ့တွေ၊ လူ့အခွင့်အရေး အဖွဲ့တွေ ဆင်းလာတယ်။ ပင်လယ်ပိုင်းဒေသတွေ အထိ ကွင်းဆင်း စိစစ်မယ် ဆိုတာတွေ ကြားနေပါတယ်။
မေး။ ။ လုပ်သားလိုအပ်ချက်လည်း ရှိနေတော့ ဒီပွဲစားတွေကို တရားဝင် လမ်းကြောင်း ပုံစံမျိုးနဲ့၊ ဘယ်သူက ဘယ်ကျား ဖောင် လုပ်ငန်းကို ဘယ်လုပ်သား ပို့လိုက်တယ် ဆိုတာ စနစ်တကျ လုပ်လို့ မရနိုင်ဘူးလား။
ဖြေ။ ။ လုပ်သား ရှာဖွေမှုနဲ့ ပတ်သက်ပြီးတော့ အေးဂျင့်ပုံစံမျိုးနဲ့ တရားဝင် မှတ်ပုံတင်ပြီး လုပ်လို့ ရမယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ကျနော်တို့ဆီမှာ အဲဒီလိုဆောင်ရွက်တဲ့ အပိုင်းကို မတွေ့ရသေး ဘူး။ အဲဒီလို တကယ်လုပ်မယ်ဆိုရင် အများကြီး ကျယ်ပြန့်တယ်။ တကယ်တမ်းဆို ရေလုပ်သား ကတ်တွေအထိ Smart ကတ် ပုံစံ လုပ်ထားသင့်တယ်။ ဒီလိုလုပ်မှလဲ ဒီလူ တွေရဲ့ လုံခြုံမှုက အပြည့်အဝ ရှိမယ်။ သူတို့တွေရဲ့ ကိုယ်ရေးရာဇဝင်တွေ စနစ်တကျ ထည့်သွင်းထားမယ်။
ကျားဖောင်လုပ်ငန်း ကွန်ရက်တွေကိုလည်း ပီပီပြင်ပြင် ချိတ်ဆက်ထားမယ်။ ဒီဒေသမှာ လာလုပ်တဲ့ဒီလူဟာ နောက်ဒေသ မှာ သွားလုပ်ရင်တောင် ဒီအသက်မွေးဝမ်းကျောင်းမှုနဲ့ ဘယ်လောက် အတွေ့အကြုံရှိခဲ့တယ်ဆိုတဲ့ မှတ်တမ်းတွေပါ ပါသွား နိုင်ရမယ်။ အဲဒီလိုလုပ်တဲ့ အစဉ်အလာက ကျနော်တို့ဆီမှာ အားနည်းနေသေးတယ်။ ကျနော်တို့က ဒါတွေကို ဖြစ်စေချင် တယ်။ ပထမ အဆင့်အနေနဲ့ ရေလုပ်ငန်းရှင်တွေနဲ့ ပတ်သက်ပြီး လိုက်နာရမယ့် စည်းမျဉ်း စည်းကမ်းတွေကို ဦးစီးဌာနတွေ က အသက်ဝင်အောင် စနစ်တကျ ထုတ်ပြန်ပေးစေချင်တယ်။
ရေလုပ်သားတွေလည်း လိုက်နာရမယ့် ကတ်တွေကအစ လုပ်ရမယ်။ အဲဒီအပိုင်းတွေမှာ လျော့ရဲနေတယ်။ ဒါကိုထိန်းကွပ် ဖို့က ကျနော်တို့ လွှတ်တော် ကိုယ်စားလှယ်ချည်း လုပ်လို့ရ တဲ့အပိုင်း မဟုတ်ဘူး။ ဒါတွေကို ကျနော်တို့ ကိုင်တွယ်ဖို့ လို နေပြီ။ ဒါတွေဟာ ကျနော်တို့ တိုင်းပြည်အတွက် ဆိုးကျိုးတွေ အများကြီး ဖြစ်လာနေပြီ။
မေး။ ။ ငါးလုပ်ငန်း ဦးစီးဌာနက အားနည်းချက်တွေ ရှိနေတယ်ဆိုတာ ဘယ်လို အပိုင်းတွေမှာ လဲ။
ဖြေ။ ။ ရေလုပ်ငန်းရှင်တွေနဲ့ ပတ်သက်လာရင် သင်္ဘောတွေ မထွက်ခင်မှာထဲက သူတို့ စိစစ်ရမယ်။ ရေလုပ်ငန်းရှင် တယောက်ဟာ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာသလား၊ လုပ်သားတွေကိုလည်း ရေလုပ်သားကတ် လုပ်ပေးထားဖို့ စိစစ်ရမယ်။
You may also like these stories:
ဖောပြီး သေတာ အများဆုံး ဖြစ်နေတယ်
လူကုန်ကူးခံရသူ တက္ကသိုလ်ကျောင်းသား အမှု နောက်ဆက်တွဲအဖြစ်၂ မှု ထပ်ဖွင့်
လူကုန်ကူးမှု ဂယက်ကြောင့် ကျားဖောင်လုပ်သားတချို့ မိသားစုက ပြန်လည်ခေါ်မှုများ ရှိလာ