သတင်း

ဒီမိုကရေစီနှင့် လွှတ်တော်အကြောင်း အလယ်တန်းမှစ၍ သင်ကြားရန် စီစဉ်

Want create site? Find Free WordPress Themes and plugins.

အခြေခံပညာ အလယ်တန်းမှ စတင်၍ ဒီမိုကရေစီစနစ်နှင့် လွှတ်တော် အခန်းကဏ္ဍတို့အား သင်ရိုး ညွန်းတမ်း တွင် ပြဌာန်းသင်ကြားရန် စီစဉ်နေသည်ဟု ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း က ဧရာဝတီသို့ ပြောသည်။

အခြေခံပညာ သင်ရိုးညွန်းတမ်း အညွန်းဘောင်တွင် ပါဝင်သည့် အဓိက အခြေခံပညာရေး ရည်မှန်းချက်များ သည် ပြည်သူ့နီတိနှင့် ဒီမိုကရေစီ အလေ့အကျင့်ကောင်းများကို လက်တွေ့ကျင့် သုံးတတ်ပြီး ဥပဒေကို လေးစား လိုက်နာတတ်သည့် နိုင်ငံသားကောင်း ဖြစ်စေရန် ဆိုသည့်အချက်ကို အဓိကရည်မှန်းထားပြီး သင်ကြားပေးခြင်း ဖြစ်သည်ဟု သိရသည်။

ဦးဝင်းမော်ထွန်း က “ကျနော်တို့ သင်ရိုးသစ်တွေ ပြဌာန်းဖို့ရှိတယ်။ အလယ်တန်းကစပြီးတော့ ဒီမိုကရေစီ စနစ်နှင့် လွှတ်တော် အခန်းကဏ္ဍကို သင်ကြားသွားဖို့ စီစဉ်နေတယ်။ ကျနော်တို့က အဲဒါတွေက ၂၀၂၃ မှာ အတည်ပြုမယ်။ အလယ် တန်းဆိုတော့ ၅၊ ၆၊ ၇၊ ၈၊ ၉၊ ၁၀၊ ၁၁၊ ၁၂ ကအစ အကုန်ပါတယ်။ သူတို့သင်မယ့် အဆင့်တော့ ကွာသွားမယ်။ အကြောင်းအရာကတော့ ဒီမိုကရေစီကိုရှေးရှူပြီး သင်မယ်”ဟု ပြောသည်။

အဆိုပါသင်ခန်းစာကို လေ့လာသင်ကြားခြင်းအားဖြင့် ကျောင်းသား ကျောင်းသူများသည် ကျောင်းနှင့် လူမူ အဖွဲ့အစည်းများအတွက် ဒီမိုကရေစီကျင့်စဉ်များကို လက်တွေ့ လေ့ကျင့် သင်ယူနိုင်ပြီး နောင်တွင်  နိုင်ငံ၏ ဒီမိုကရေစီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နိုင်သူများ ဖြစ်မည်ဖြစ်ကြောင်း ဒုဝန်ကြီးက ဆိုသည်။

ဒီမိုကရေစီအရေး လှုပ်ရှားရာတွင် ပါဝင်ဆောင်ရွက်ခဲ့သည့် ညီမျှခြင်း မြန်မာမှ ဒါရိုက်တာ ဦးအောင်မျိုးမင်း ကလည်း ဒီမိုကရေစီနှင့် လွှတ်တော်အခန်းကဏ္ဍက လူတိုင်းသိသင့်သည့်အတွက် ကလေးများလည်း သင်သင့်ကြောင်း၊ သို့သော် သင်ကြားနည်းက သင်ကြားခံရမည့် ပုဂ္ဂိုလ်နှင့် ကိုက်ညီသည့်ပုံစံဖြစ်သင့်ကြောင်း ထောက်ပြခဲ့သည်။

ဒီမိုကရေစီဆိုတာကို ၅ တန်းကလေးငယ်ကို သင်ကြားသည့်အခါ တက္ကသိုလ်တွင် သင်ကြားသည့်နည်းကဲ့သို့ မဟုတ်ဘဲ သူ့အရွယ်နှင့် ကိုက်ညီသော၊ သူ့အရွယ်နှင့်နားလည်နိုင်သော သင်ထောက်ကူပစ္စည်းများ၊ သင်ကြားသည့် ပုံစံမျိုးဖြစ်ရန် အရေးကြီးကြောင်းလည်း ၎င်းက အကြံပြုထားသည်။

လွှတ်တော် အခန်းကဏ္ဍတွင်လည်း မည်သည့်နေရာတွင် အရေးကြီးသလဲဆိုသည့် ဒီမိုကရေစီကိစ္စကို ကလေးများ သိရှိစေရန်သင်ကြားမှု နားလည်နိုင်သော ကိစ္စဖြစ်ရန်လိုကြောင်း ဦးအောင်မျိုးမင်းက သုံးသပ်ထားသည်။

ကျောက်တန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုး က “သင်တာက ကောင်းပါတယ်။ ကလေးတွေအတွက် အခက်အခဲမရှိနိုင်ပါဘူး။ ကလေးတွေနဲ့ ထိုက်သင့်တဲ့ သတင်း အချက် အလက်ပေးမှာ ဆိုတော့။ အခက်အခဲမရှိနိုင်တဲ့ ကလေးနားလည်လွယ်တဲ့ အပိုင်းလောက်လေး တွေ တဆင့်ခြင်းစီ သင်မှာပေါ့။ ဒါက ပညာရှင်တွေက ဘယ်အဆင့်မှာ ဘယ်လိုသင်မယ်ဆိုတာ သိပ်မခက်ခဲပါဘူး။ တခြားနိုင်ငံတွေမှာလည်း သင်နေပြီဆိုတော့ ကျမကတော့ ဒါကို သဘောကျပါတယ်”ဟု ပြောသည်။

ထို့အပြင် ဒီဇင်ဘာ ၁၉ ရက်နေ့တွင်ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေး တွင်လည်း ကချင်ပြည်နယ် ရွှေကူ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဇာနည်မင်းက အခြေခံပညာ အလယ်တန်း သို့မဟုတ် အထက်တန်းကျောင်းများတွင် ဒီမိုကရေစီစနစ်နှင့် လွှတ်တော် အခန်းကဏ္ဍတို့အား သင်ရိုးညွန်းတမ်းတွင် ပြဌာန်း၍ သင်ကြားသွားရန် မည်ကဲ့သို့ စီမံဆောင်ရွက်သွားမည် သင်ကြားသွားမည်နည်းဟု မေးမြန်းခဲ့သည်။

ထိုမေးမြန်းမှုနှင့် ပတ်သက်ပြီး ပညာရေးဒုဝန်ကြီး ဦးဝင်းမော်ထွန်း က “ဒီရည်မှန်းချက်နဲ့ ပတ်သက်ပြီး ဒီမိုကရေစီ စနစ်နဲ့ စပ်လျဉ်းပြီး အခြေခံပညာသင်ရိုးညွန်းတမ်း သင်ရိုးသစ်နဲ့ ဆဌမတန်း စာရိတ္ထနဲ့ ပြည်သူ့နိတိ ဘာသာရပ်၏  အခန်း ၃ စည်းကမ်းနဲ့ ဥပဒေကဏ္ဍတွင် ထည့်သွင်း ပြဌာန်း သင်ကြားရန် စီစဉ်ပြီးဖြစ်ကြောင်း တင်ပြပါတယ်” ဟု ပြောသည်။

သင်ရိုးသစ် ဆဌမတန်း၊ အဌမ၊ နဝမတန်းတို့တွင်လည်း ကျောင်းသားကျောင်းသူများအား တာဝန်ယူတတ်သည့်  နိုင်ငံသားကောင်းများ ဖြစ်လာစေရန် ဒီမိုကရေစီ၏ အလေ့အကျင့်ဖြစ်သော တာဝန်ယူမှု တာဝန်ခံမှုတို့ကို နေ့စဉ်ဘဝတွင် လက်တွေ့ကျင့်သုံးလာ နိုင်စေရန် နိုင်ငံသားတဦး၏ တာဝန် သင့်လျော်သော ဒီမိုကရေစီ အလေ့ အကျင့်များကို  လေ့ကျင့်လိုက်နာတတ်စေရန်၊ နိုင်ငံသားကောင်းဖြစ်စေရန် အထောက်အပံ့ပြုမည့် အလေ့ အကျင့်ကောင်းများကို ဆန်းစစ်တတ်စေရန်နှင့်  ဆန္ဒမဲပေးရွေးချယ်ရေးများ လက်တွေ့ပါဝင်စေခြင်းဖြင့် ဒီမိုကရေစီ၏ လုပ်ငန်းစဉ်စစ်စစ်တွင် တာဝန်ကျေပွန်စွာ ပါဝင်တတ်စေရန် ထည့်သွင်းပြီး ဖြစ်ကြောင်း သိရသည်။

သင်ရိုးသစ်  ဒဿမတန်း Grade 10 ပြည်သူ့နီတိဘာသာရပ် အခန်း ၃ တွင်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပါဝင်သည့် စီမံခန့်ခွဲရေး ဥပဒေပြုရေးနှင့် တရားစီရင်ရေးကဏ္ဍများနှင့် လွှတ်တော်၏အခန်းကဏ္ဍကိုလည်း ထည့်သွင်းသင်ကြားရန် စီစဉ်ထားပြီး ဖြစ်သည်ဟု ဦးဝင်းမော်ထွန်းက ထည့်သွင်းပြောကြားခဲ့သည်။

You may also like these stories:

နားမလည်တဲ့ ဘာသာစကားနဲ့ သင်တာဟာ ကလေးကို အကြမ်းဖက်နေတာ

ပညာရေး ချေးငွေများကို အကျိုးရှိရှိ အသုံးပြုရန် တပ်မတော်သား ကိုယ်စားလှယ် ပြေ

ငြိမ်းချမ်းရေးအတွက် ပညာရေးမဟာဗျူဟာနှင့်ကျောင်းဆရာများ လိုနေပြီ

တတိယနှစ် ဥပဒေကျောင်းသား အားလုံး လူ့အခွင့်အရေး ဘာသာရပ် မသင်မနေရ စတင်

 

Did you find apk for android? You can find new Free Android Games and apps.
Loading