အလုပ်ရှင် အလုပ်သမား ပြဿနာများနှင့် ပတ်သက်ပြီး ဥပဒေအရ ဖြေရှင်းမှုအပေါ်တွင် အလုပ်ရှင်ရော အလုပ်သမား များပါ လိုက်နာမှု အားနည်းနေသေးကြောင်း အလုပ်သမားရေးရာ ဆက်ဆံရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးတင်ကိုကိုနိုင်က ပြောသည်။
၂၀၁၂ ခုနှစ် နောက်ပိုင်းတွင်မှ ဥပဒေ၊ မူဝါဒများနှင့် ယန္တရားကို ပြောင်းလဲကြခြင်း ဖြစ်သဖြင့် ဥပဒေပေါ်တွင် လေးစား လိုက်နာမှု အားနည်းနေဆဲ ဖြစ်ကြောင်းလည်း ၎င်းက ပြောဆိုသည်။
ဦးတင်ကိုကိုနိုင်က“၂၀၁၂ နောက်ပိုင်းမှ ယန္တရားကို ပြောင်းလဲကြတာဆိုတော့ အလုပ်ရှင်ဘက်ကလည်း လိုသေးတယ် အလုပ်သမားဘက်ကလည်း လိုသေးတယ်။ ပညာပေးကာလက အားနည်းသေးတယ်။ ဆိုတော့ ဥပဒေအပေါ်မှာ သိပ်ပြီး ရင့်ကျက်မှု မရှိသေးဘူး။ အသားကျသွားရင်တော့ ဒီဥပဒေအပေါ်မှာ လိုက်နာမှု အားကောင်းလာမှာပါ” ဟု ပြောသည်။
အလုပ်သမားများ အနေဖြင့် လမ်းပေါ်ထွက် ဆန္ဒပြမှုများသည် လုပ်ငန်းခွင်တွင်း ညှိနှိုင်းရေး လမ်းကြောင်းများ မရှိခြင်း၊ အလုပ်သမားများ၏ အခက်အခဲများကို လျစ်လျူရှူခြင်း တို့ကြောင့် ဖြစ်ကြောင်း မြန်မာနိုင်ငံလုံး ဆိုင်ရာ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်မှ ဗဟို အလုပ်အမှုဆောင် ဒေါ်ခိုင်ဇာအောင်က ပြောဆိုသည်။
“သူတို့ဘာလို့ လမ်းပေါ်ရောက်လည်း ဆိုတော့ စနစ်မရှိဘူးပေါ့။ လုပ်ငန်းခွင်ထဲမှာ ညှိနှိုင်းရေး ကော်မတီဆိုတာ မရှိ ဘူး။ အလုပ်သမားတွေက Supervisor တွေကို ပြောရင်လည်း အရေးတယူနဲ့ ဖြေရှင်းပေးခဲ့မယ်ဆိုရင် ဒီလိုမျိုး ပေါက်ကွဲ မှု ဆိုတာ မဖြစ်နိုင်ဘူး။ သို့သော် အဲဒီလို ညှိနှိုင်းရေး လမ်းကြောင်းတွေ မရှိဘူး”ဟု ၎င်းက ဆိုသည်။
လှိုင်သာယာ စက်မှုဇုန် တခုတည်းတွင်ပင် စက်ရုံပေါင်း ၇၀၀ ကျော်ရှိပြီး အလုပ်သမားပေါင်း ၂ သိန်းကျော် ရှိကာ အလုပ်ရှင် အလုပ်သမား ပြဿနာများ နေ့စဉ် ပေါ်ပေါက်နေကြောင်း လှိုင်သာယာ စက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီ ထံမှ သိရသည်။
လှိုင်သာယာ စက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီ ဥက္ကဋ္ဌ ဦးအုန်းဆိုင်က “အလုပ်ရှင် အလုပ်သမား ကောင်းကောင်းမွန်မွန် ပြေပြေလည်လည်နဲ့ ဆက်ဆံပြီးတော့ အကြမ်းမဖက်စေချင်ပါဘူး။ လုပ်ပိုင်ခွင့်တွေ တောင်းဆိုပိုင်ခွင့်တွေ တောင်းကြ ပါ။ ဒါက တောင်းနိုင်တဲ့ အခွင့်အရေး ရှိပါတယ်။ ဒါပေမယ့် အကြမ်းဖက်တဲ့ သဘောမျိုး အလုပ်ရှင်ကို လုပ်တာကျ တော့ ၂ ဦး ၂ဖက်လည်း အကျိုးမရှိပါဘူး။ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူတွေလည်း ဒါတွေကို ကြားသိရင် လာမှာ မဟုတ်ပါဘူး။ ကြောက်မှာပါပဲ”ဟု ပြောသည်။
လက်ရှိတွင် အလုပ်ရှင် အလုပ်သမား ပြဿနာများကို ၂၀၁၉ ခုနှစ်တွင် ဒုတိယ အကြိမ် ပြင်ဆင်လိုက်သည့် အလုပ်သမား ရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေဖြင့် ဖြေရှင်းလျက်ရှိသည်။ ယင်းဥပဒေသည် ၂၀၁၂ ခုနှစ်တွင်မှ စတင် ပြဋ္ဌာန်း ခဲ့ခြင်း ဖြစ်သည်။
၂၀၁၂ ခုနှစ် နောက်ပိုင်းတွင်မှ ဥပဒေ၊ မူဝါဒများနှင့် ယန္တရားကို ပြောင်းလဲကြခြင်းဖြစ်သဖြင့် ဥပဒေပေါ်တွင် လေးစား လိုက်နာမှု အားနည်းနေဆဲဖြစ်ပြီး အသားကျလာသည်နှင့် အမျှ ဥပဒေ အပေါ် လိုက်နာမှု အားကောင်းလာမည်ဟု မျှော်လင့် ထားကြောင်း ဦးတင်ကိုကိုနိုင်က ပြောသည်။
ဒေါ်ခိုင်ဇာအောင်ကမူ“ဥပဒေမှာ အားနည်းချက်တွေ ရှိပါသေးတယ်။ ဥပဒေ အားနည်းချက်နဲ့ ဥပဒေကို လွှမ်းမိုးစေတဲ့ ဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေကတော့ အခက်အခဲတွေကို ဖြစ်စေပါတယ်”ဟု ပြောဆိုသည်။
You may also like these stories:
အနိမ့်ဆုံး လုပ်ခလစာ ၇၂၀၀ ကျပ် သတ်မှတ်နိုင်ရန် တောင်းဆိုမည်
ယခုနှစ်အတွင်း နိုင်ငံခြားသားပိုင် စက်ရုံ ၉ရုံ တွင် လုပ်သားဆန္ဒပြမှုများ ဖြစ်ပွားခဲ့
လူမှုဖူလုံရေးကြေး အလွဲသုံးစားလုပ်ခံရ၍ အထည်ချုပ်စက်ရုံ အလုပ်သမားများ ဆန္ဒပြ