သတင်း

ရခိုင်တိုက်ပွဲကြောင့် မြေမြှုပ်မိုင်း အသုံးပြုမှု စာရင်း၌ ၄မြို့နယ် ထပ်တိုးလာ

Want create site? Find Free WordPress Themes and plugins.

မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်စစ်တပ်(AA) တို့ အကြား တိုက်ပွဲ ဖြစ်ပွားလျက်ရှိသည့် ဒေသတွင်း မြို့နယ် ၄ ခုတွင် မြေမြှုပ် မိုင်း အသုံးပြုမှုမှာ ထပ်တိုးလာသည်ကို တွေ့ရှိရကြောင်း မြေမြှုပ်မိုင်းများနှင့် ထပ်ဆင့် ပေါက်ကွဲစေနိုင်သော ပစ္စည်းများ စောင့်ကြည့်လေ့လာရေး အဖွဲ့၏ ၂၀၁၉ ခုနှစ် အစီရင်ခံစာတွင် ဖော်ပြထားသည်။

“အရင်တုန်းက မိုင်း လုံးဝ မရှိခဲ့တဲ့ မြို့နယ် ၄ ခုက မြေမြှုပ်မိုင်းတွေ ရှိတယ်ဆိုတဲ့ စာရင်းထဲမှာ ပါလာပါပြီ။ တနှစ်နဲ့ တနှစ် သတင်းရတဲ့ အရင်းအမြစ်က မတူတော့ နှိုင်းယှဉ်သုံးသပ်ဖို့က တော် တော် ခက်ခဲပါတယ်။ သေချာတာ တခုကတော့ ဒီနှစ် က ပြီးခဲ့တဲ့ နှစ်ထက် ပိုပြီး ထိခိုက်ဒဏ်ရာ များလာတယ်” ဟု စောင့်ကြည့်လေ့လာရေး အဖွဲ့မှ ဒေသဆိုင်ရာ ညှိနှိုင်းရေး မှူး ဒေါက်တာ ယေရွှာမိုဆာပန်စူဝန်က ယနေ့ ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီတွင် ပြုလုပ်သည့် အစီရင်ခံစာ ထုတ်ပြန်ပွဲတွင် ပြောသည်။

ဆက်လက်၍ ၎င်းက “နိုင်ငံမှာ ရှိတဲ့ မြို့ပေါင်း အားလုံးနဲ့ ယှဉ်ရင် ၃ ပုံ ၁ ပုံက မိုင်းအန္တရာယ် ရှိနေ ပါတယ်။ မြို့အားလုံးမှာ မိုင်းအန္တရာယ် ကျရောက်နေတယ်လို့ ဆိုတာ မဟုတ်ပါဘူး။ အဲဒီမြို့မှာမှ လယ်ကွက် တကွက် ဖြစ်ချင်ဖြစ်မယ်။ ယာကွက် တကွက် ဖြစ်ချင်ဖြစ်မယ်” ဟု ရှင်းပြသည်။

မြေမြှုပ်မိုင်း ထပ်မံတွေ့ရှိရသည့် မြို့နယ်များမှာ ရခိုင်ပြည်နယ်ရှိ မောင်တော၊ ကျောက်ဖြူ၊ ဘူးသီးတောင်နှင့် ချင်းပြည်နယ် ရှိ ပလက်ဝတို့ ဖြစ်ကြောင်း မြေမြှုပ်မိုင်းများနှင့် ထပ်ဆင့် ပေါက်ကွဲစေနိုင်သော ပစ္စည်းများ စောင့်ကြည့်လေ့လာရေး အဖွဲ့ ၏ ၂၀၁၉ ခုနှစ် အစီရင်ခံစာ အရ သိရသည်။

အဆိုပါ မြို့နယ် ၄ ခုသည် ယခင်နှစ်များတွင် မြေမြှုပ်မိုင်း အသုံးပြုမှုကို မတွေ့ရှိခဲ့ရသည့် မြို့နယ်များ ဖြစ်ပြီး ရခိုင်ပြည် နယ်တွင် ထပ်မံ တွေ့ရှိသည့် မြို့နယ် ၃ ခု အပြင် မင်းပြား၊ မြောက်ဦး၊ မြေပုံ၊ ပုဏ္ဍားကျွန်းနှင့် ရသေ့တောင် တို့တွင်လည်း မိုင်းပျံ့နှံ့မှု ရှိနေပြီး မိုင်းအန္တရာယ်ရှိသော ဒေသများ အဖြစ် အစီရင်ခံစာတွင် ဖော်ပြထားသည်။

ယင်း အစီရင်ခံစာသည် နိုင်ငံတကာ မြေမြှုပ်မိုင်းတားဆီးရေးအဖွဲ့က ၂၀၁၈ ခုနှစ်ကုန်က ထုတ် ပြန်ခဲ့သည့် ကမ္ဘာလုံးဆိုင်ရာ အစီရင်ခံစာ၏ တစိတ်တပိုင်းကို ကောက်နှုတ် ဖော်ပြခြင်း ဖြစ် သည်။

အစီရင်ခံစာ တွင် ဖော်ပြထားသည့် မြို့နယ်များတွင် ဖြစ်ပွားခဲ့သည့် ၂၀၁၉ ခုနှစ် ဖြစ်စဉ်များ အတွင်း ထိခိုက်ဒဏ်ရာ ရရှိမှု၊ သေဆုံးမှု စသည့် စာရင်းများ ကိုမူ လာမည့် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာ တွင် ထုတ်ပြန်မည့် နိုင်ငံတကာ မြေမြှုပ်မိုင်း တားဆီး ရေး အဖွဲ့ အစီရင်ခံစာ ထွက်ရှိလာပြီး နောက်ပိုင်းမှသာ အသေးစိတ် သိရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

မိုင်းအန္တရာယ်ရှိသော ဒေသများတွင် တိုင်းနှင့် ပြည်နယ် ၁၄ ခုအနက် ၂၀၁၈ ခုနှစ် လေ့လာချက် များအရ မြို့နယ် ၉၀ အထိ ရှိလာကာ ၂၀၁၇ ခုနှစ်ထက် ပိုမိုများပြားလာကြောင်း ယင်းအစီရင်ခံ စာ အရ သိရသည်။ ၂၀၁၇ ခုနှစ်တွင် မိုင်းအန္တရာယ်ရှိသော ဒေသများမှာ ၇၁ မြို့နယ်ဖြစ်ပြီး ၂၀၁၆ ခုနှစ်တွင် မြို့နယ် ၆၀ ဖြစ်သဖြင့် တနှစ်ထက် တနှစ် တိုးလာသည့် အနေအထားတွင် ရှိသည်။

၂၀၁၉ ခုနှစ်တွင် မိုင်းအန္တရာယ်ရှိသော ဒေသများ ဖြစ်သည့် မြို့နယ် ၉၀ မှာ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယား ပြည် နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီး နှင့် တနသာင်္ရီတိုင်း ဒေသကြီး တို့တွင် ဖြစ်ကြောင်း အစီရင်ခံစာ ဖော်ပြချက် အရ သိရသည်။

“မြန်မာနိုင်ငံက အာရှမှာရှိတဲ့ လူဦးရေ စုစုပေါင်းရဲ့ ၁ ရာခိုင်နှုန်းပဲ ရှိပါတယ်။ သို့သော် မိုင်းကြောင့် ဒဏ်ရာရသူ ဦးရေဟာ အာရှလူဦးရေ စုစုပေါင်းရဲ့ ၁၂ ရာခိုင်နှုန်း အထိ ရှိနေတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ အာရှမှာ ၁၂ ရာခိုင်နှုန်းထက် ပိုသာတာ ဘာကဏ္ဍမှာများ ရှိပါသလဲ။ ဒါက ဂုဏ်ယူဝမ်းမြောက်စရာ မဟုတ်ပါဘူး” ဒေါက်တာ ယေရွှာမိုဆာပန်စူဝန်က ပြောသည်။

မြန်မာနိုင်ငံတွင် ၂၀၀၀ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ မိုင်းကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူ ၄၆၂၃ ဦး ရှိပြီး ၂၀၀၇ မှ စတင်ကာ အခြားသော အာရှနိုင်ငံများနှင့် နှိုင်းယှဉ်ပါက ဒုတိယ နေရာတွင် ရှိနေသည်။

အစီရင်ခံစာတွင် ပါဝင်ချက်များအရ ၂၀၁၇ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း မြေမြှုပ်မိုင်းကြောင့် ထိခိုက် သေဆုံးမှု ဖြစ်ပွားရာ ဒေသများတွင် ကချင်ပြည်နယ်က ထိခိုက်သေဆုံးမှု အများဆုံး ဖြစ်ပြီး ရှမ်းပြည်နယ်၊ ကယားပြည်နယ်နှင့် ကရင်ပြည် နယ်က ဒုတိယအများဆုံး၊ ပဲခူးတိုင်းဒေသကြီးက တတိယအများဆုံး တွင် ရှိနေသည်။

ထိခိုက်နစ်နာ သေဆုံးသူ အများစုမှာလည်း အရွယ်ရောက်ပြီး အမျိုးသားများဖြစ်ပြီး အမျိုးသမီးများနှင့် ကလေးသူငယ် များ၏ ထိခိုက်သေဆုံးမှုမှာ ပဋိပက္ခ ဖြစ်ပွားပြီးချိန်တွင် ပိုမိုများပြားလာကြောင်း၊ မြန်မာနိုင်ငံ၏ တရားဝင် မိုင်းရှင်းလင်းရေး လုပ်ငန်းအစီအစဉ် ဖြင့် မိုင်းရှင်းလင်းခြင်း လုပ်ဆောင်ချက်မှာ သုည ရာခိုင်နှုန်းဖြစ်ကြောင်း အစီရင်ခံစာတွင် သုံးသပ်ထားသည်။

မြန်မာနိုင်ငံတွင် ၂၀၁၉ ခုနှစ်အတွင်း မိုင်းအန္တရာယ်ကြောင့် လူဦးရေ ၄၀ ကျော် သေဆုံးပြီး ဒဏ်ရာရရှိသူ ၁၆၀ ကျော် ရှိကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထား ရေး ဝန်ကြီးဌာန (လူကယ်ပြန်) ပြန်လည် ထူထောင် ရေး ဦးစီး ဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်းက အောက်တိုဘာ ၃၀ ရက်နေ့က နေပြည်တော်ရှိ Hilton ဟိုတယ်တွင် ပြုလုပ်သည့် မြန်မာနိုင်ငံ အမျိုးသားအဆင့် မိုင်း ကင်းစင်ရေး အာဏာပိုင်အဖွဲ့ ဖွဲ့စည်းတည်ထောင်ရေး အလုပ်ရုံ ဆွေးနွေးပွဲ အဖွင့် အမှာစကား၌ ထည့်သွင်း ပြောကြားခဲ့သည်။

ယနေ့ မနက်ပိုင်းကလည်း ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် မိုင်း ၃ လုံး ဆက်တိုက် ပေါက်ကွဲခဲ့ပြီး ထိုမြို့နယ်ရှိ ဆိုလာဓာတ်အားပေးစက်ရုံဖွင့်ပွဲသို့ တက်ရောက်ရန်အတွက် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် သွားရောက်ခဲ့သည့် ရက်နှင့် တိုက်ဆိုင်နေသည်။

မြေမြှုပ်မိုင်းများနှင့် ထပ်ဆင့် ပေါက်ကွဲစေနိုင်သော ပစ္စည်းများ စောင့်ကြည့်လေ့လာရေး အဖွဲ့သည် မြန်မာနိုင်ငံတွင် မြေမြုပ်မိုင်း အသုံးပြုမှုစောင့်ကြည့်ခြင်းကို ၁၉၉၉ ခုနှစ်မှ စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ယခုမြန်မာနိုင်ငံ ဆိုင်ရာ အစီရင်ခံစာသည် နိုင်ငံတကာ မြေမြှုပ်မိုင်းတားဆီးရေးအဖွဲ့က ထုတ်ပြန်သည့် ကမ္ဘာလုံးဆိုင်ရာ အစီရင်ခံစာ၏ တစိတ်တပိုင်းဖြစ်သည်။

You may also like these stories:

မိုင်းပေါက်ကွဲမှု ဆက်တိုက်ဖြစ်ခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည် စက်ရုံဖွင့်ပွဲကိုတက်ရောက်

၂၀၁၉ ခုနှစ် အတွင်း မိုင်းကြောင့် သေဆုံးသူ ၄၀ ကျော်၊ ဒဏ်ရာရရှိသူ ၁၆၀ ကျော်ရှိဟု ဆို

မိုင်းအန္တရာယ်ကြောင့် ထိခိုက် သေဆုံးမှု တနှစ်ထက် တနှစ် ပိုများလာ

Did you find apk for android? You can find new Free Android Games and apps.
Loading