ဗစ်တိုးရီးယား ခန္ဓာကိုယ်အတွင်းမှ ထုတ်ယူထားပြီး စစ်ဆေးခဲ့သည့် DNA မှာ ဆေးရုံနှင့် မှုခင်းတပ်ဖွဲ့ (CID) တို့ကြား ကွဲလွဲမှု ရှိနေကြောင်း သိရသည်။
ဒီဇင်ဘာ ၁၉ ရက်က နေပြည်တော် ရဲတပ်ဖွဲ့ ဌာနချုပ်တွင် ဗစ်တိုးရီးယား အမှုနှင့်ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲ ပြု လုပ်စဉ် DNA ကိစ္စအား အထက်ပါအတိုင်း ပြောခြင်း ဖြစ်သည်။
အမှုစတင် ဖြစ်ပွားချိန်၌ နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံမှ ဗစ်တိုးရီးယား၏ ကိုယ်တွင်းက ထုတ်ယူပြီး ကနဦး စစ် ဆေးချက်အရ သုတ်ပိုး တွေ့ရှိထားကြောင်း ပြောကြားထားသော်လည်း ယင်းအမှုကို CID သို့ လွှဲပြောင်းပေးပြီး စစ်ဆေး ချက်အရ သုတ်ပိုး DNA မတွေ့ရှိကြောင်း ပြောဆိုခြင်း ဖြစ်သည်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ DNA ဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာ ချစ်ပန် က “အဲဒီ Slide ပြားတွေကို ဇွန်လ ၈ ရက်မှာ လက်ခံ ရရှိပါတယ်။ ၈ ရက်မှာပဲ ကျနော်တို့ စစ်ဆေးပါတယ်။ အချိန်ပိုတောင်ဆင်းပြီး ကျနော် စစ်ပါတယ်။ ၉ ရက်မှာ အဖြေရ ပါတယ်။ အဖြေမထွက်ပါဘူး။ ကျနော်လည်း စစ်တော့စစ်တာပဲ မထွက်တော့ ဘာမှ မတတ်နိုင်ပါဘူး။ ဘာနဲ့မှ တိုက်ဆိုင် စစ်ဆေးလို့ မရတော့ဘူး။ ဒီမှာလည်း မပေါ်ဘူး” ဆိုသည်။
၎င်းက ဆက်၍ “ကလေးလေးရဲ့ အဝတ်အစားမှာ ယောင်္ကျားလေး DNA တွေ့ရှိခဲ့မယ်ဆိုရင် အဲဒီ DNA က တရားခံ ဖြစ်ဖို့ များသွားပြီ။ အဲဒီ သံသယရှိတဲ့ တရားခံနဲ့ တိုက်ဆိုင်ပြီး စစ်ဆေးရမှာ ဖြစ်ပါတယ်။ ဒီမှာ ယောင်္ကျားလေး DNA မတွေ့တာကြောင့် ဘယ်လိုမှ တိုက်ဆိုင် စစ်ဆေးလို့ မရပါဘူး။ အဲဒီမှာတင် ရပ်နေပါတယ်။ အဲဒီတော့ ကျနော်တို့ ဘာမှလုပ်ပေးလို့ မရဘူး” ဟု ပြောသည်။
ထိုသို့ CID အနေဖြင့် သုတ်ပိုးတွေ့ရှိသည့် မှန်ပြားကို တောင်းယူစစ်ဆေးရခြင်းမှာ ဗစ်တိုးရီးယားအမှု တခုတည်းသာ စစ် ဆေးခဲ့ခြင်း ဖြစ်ပြီး အခြားသော မုဒိမ်းမှုများမှာ ဆေးစာဖြင့်သာပေးခြင်း ဖြစ်ကြောင်း CID မှ တပ်ဖွ့ဲမှူး ရဲမှူးချုပ် စိုးနိုင်ဦးက ပြောဆိုသည်။
ရဲတပ်ဖွဲ့မှ သံသယရှိသည်ဟု ဖမ်းဆီးခဲ့သည့် ကိုအောင်ကြီး အပါအဝင် တစုံတယောက်၏ DNA ဆေးစစ်ချက် အထောက် အထားများကို တရားရုံးသို့ တင်သွင်းသည့် သက်သေခံပစ္စည်း အဖြစ် မပါသွားခြင်းမှာ မူရင်းသက်သေခံပစ္စည်းတွင် DNA အချက်များ မရရှိသည့်အတွက် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ယင်းအမှုနှင့် ပတ်သက်၍ ဗစ်တိုးရီးယား၏ မိန်းမကိုယ် အတွင်းမှ DNA ကို ထုတ်ယူပြီး မှန်ချပ်ပေါ်၌ စစ် ဆေးရာ၌ သုတ်ပိုး တွေ့ရှိကြောင်း ဆေးစာတွင် သက်သေခံ (ဇ) အဖြစ် ဖော်ပြချက်အရ ဓာတ်ခွဲခန်း မှတ်ပုံတင် နံပါတ် R/N 1925342 ဖြစ်ကြောင်းကို နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံမှ မှုခင်းဆရာဝန် ဒေါက်တာ တင်မိုးမိုးခိုင်က ၁၁ ကြိမ် မြောက် ရုံးချိန်းတရားခွင်အတွင်း ထွက်ဆိုခဲ့သည်။
ထို့ပြင်၂၀၁၉ ခုနှစ် သြဂုတ် ၈ ရက်က နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံ အစည်းအဝေးခန်းမတွင် CID မှ အထက် အရာရှိများနှင့် ဆေးရုံမှ သက်ဆိုင်ရာ တာဝန်ရှိသူများ အစည်းအဝေးတရပ် ပြုလုပ်ပြီး အဆိုပါ မှန်ချပ်ပြားအား စာအိတ် ဖြင့် ချိတ်ပိတ်၍ CID သို့ စနစ်တကျ လွှဲပြောင်းပေးလိုက်ကြောင်း ဒေါက်တာ တင်မိုးမိုးခိုင်က ထွက်ဆိုသွားသည်။
CID သို့ လွှဲပြောင်းပေးရခြင်းမှာ ထူးခြားသည့် ဖြစ်စဉ်တခု ဖြစ်ကြောင်းနှင့် ဗစ်တိုးရီးယား ကျန်းမာရေး စစ်ဆေးခံယူထား သည့် ဆေးစစ်ချက်မှတ်တမ်း အသေးစိတ်ကိုလည်း တရားရုံးတွင် ထွက်ဆိုခဲ့ဖူးသည်။
သို့သော်လည်း ပြီးခဲ့သည့် ဒီဇင်ဘာ ၁၇ ရက်က ဗစ်တိုးရီးယား ဖခင်ကိုယ်တိုင် သုတ်ပိုးတွေ့ရှိသည့် မှန်ပြားကို ထိုင်းနိုင်ငံ တွင် စစ်ဆေးရန် ခွင့်ပြုပေးရန်အတွက် ဒက္ခိဏခရိုင် ဥပဒေရုံးသို့ လျှောက်လွှာ တင်သွင်းခဲ့သည်။
ယင်းသို့ တင်သွင်းထားမှုအပေါ် တည်ဆဲဥပဒေအရ ခွင့်ပြုပါက ပေးရန်အသင့်ဖြစ်ကြောင်းကိုလည်း ရဲမှူးကြီး မင်းဟန်က ပြောသည်။
ယင်းအမှုနှင့် ပတ်သက်၍ သံသယ တရားခံအဖြစ် ဖမ်းဆီးခံခဲ့ရသည့် ကိုအောင်ကြီးသည်၏ ရှေ့နေဖြစ်သူ ဦးခင်မောင် ဇော်က “ဘာမှ ပါမလာဘူးဆိုရင် စစ်မရတော့ဘူးလား။ နိုင်ငံတကာမှာကတော့ ဘာမှမပါလည်း အဲဒီအပေါ်မှာ ရှိနေရင် ရအောင် စစ်လို့ ရတာဆိုတာမျိုး ရှိတယ်ဗျ။ ကျနော်ကိုယ်တိုင်လည်း လှမ်းပြီး မေးထားတာ ရှိတယ်ဗျ” ဟု ပြောသည်။
သတင်းစာ ရှင်းပွဲတွင် DNA ကိစ္စနှင့် ပတ်သက်၍ ဒေါက်တာ ချစ်ပန် ရှင်းပြသွားသည်မှာ နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံမှ ကလေးငယ်၏ မှန်ပြားကို ယူဆောင်ရခြင်း၏ အကြောင်းအရာများကို ပြောခြင်းသာဖြစ်ပြီး DNA ကိစ္စ မည်ကဲ့သို့ ဆက်လက် ဆောင်ရွက်မည် ဆိုသည်ကိုမူ ပြောဆိုခြင်း မရှိကြောင်း ဦးခင်မောင်ဇော်က သုံးသပ် ပြောဆိုသည်။
နေပြည်တော် သပြေကုန်းတွင် ဖွင့်လှစ်ထားသည့် Wisdom Hill အမည်ရှိ ပုဂ္ဂလိက မူကြိုကျောင်းတွင် တက်နေသည့် ဗစ် တိုးရီးယားသည် ယခုနှစ် မေလ ၁၇ ရက်က လိင်အကြမ်းဖက်ခံရမှုဖြင့် ကလေးငယ်၏ မိခင်ကိုယ်တိုင် အမှုဖွင့်ခဲ့ခြင်း ဖြစ် သည်။
ထိုအမှုကို ဇွန်လ ၃ ရက်တွင် CID က လွှဲပြောင်းရယူခဲ့ပြီး ယင်းအမှုနှင့် ပတ်သက်၍ ရာဇသတ်ကြီး ပုဒ်မ ၃၇၆/ ၅၁၁ ဖြင့် အမှုဖွင့် စစ်ဆေးခဲ့ကြောင်း သိရသည်။
You may also like these stories:
ဗစ်တိုးရီးယား အမှု ထိုင်းနိုင်ငံတွင် DNA စစ်ဆေးခွင့်ပြုရန် ဖခင်ဖြစ်သူ တောင်းဆို
ဗစ်တိုရီးယား အတွက် အမှန်တရား ရစေချင်တယ်ဆိုတဲ့ အောင်ကြီး
ရဲတပ်ဖွဲ့ သတင်းစာ ရှင်းလင်းပွဲ၌ ဗစ်တိုးရီးယား အမည်ရင်း ထုတ်ဖော် ပြောဆိုမှု ဝေဖန်ခံရ