ပြည်ထောင်စု လွှတ်တော်က ဖွဲ့စည်းပေးထားသည့်၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ၏ လုပ်ရပ်များကို ကန့်ကွက်ကြောင်း လွှတ်တော်တွင် တပ်မတော်သား အစုအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် တင်ဆွေဝင်းက ပြည်ထောင်စု လွှတ်တော် နာယကထံသို့ တင်ပြသည်။
အထက်ပါ ပူးပေါင်း ကော်မတီဝင်လည်း ဖြစ်သူ ဗိုလ်ချုပ် တင်ဆွေဝင်းကိုယ်တိုင် လက်မှတ် ရေးထိုးထားသည့် ကော်မ တီ၏ ဆောင်ရွက်ချက်များကို ကန့်ကွက်ကြောင်းနှင့် ပြန်လည် စိစစ်ပေးရန် စာတစောင်ကို တပ်မတော်က ယနေ့ ရက်စွဲဖြင့် လွှတ်တော် အစည်းအဝေး၌ ပြည်ထောင်စု လွှတ်တော် နာယက ဦးတီခွန်မြတ်ထံသို့ တင်ပြခဲ့သည်။
ယင်းစာ၏ နောက်ဆုံးအပိုဒ်တွင် ပူးပေါင်းကော်မတီ၏ (နိုင်ထက်စီးနင်း) မဲများရာနိုင်ဖြင့် ဆောင်ရွက်နေသော လုပ်ရပ် များအား ကန့်ကွက်ကြောင်းနှင့် ပြန်လည် စိစစ်ပေးရန် တင်ပြအပ်ပါသည်ဟု ရေးသားထားသည်။
ထို့ပြင် ကော်မတီတွင် မဲခွဲ ဆုံးဖြတ်ဆောင်ရွက်ရာတွင် တိုင်းရင်းသား ပါတီများ၏ ပြင်ဆင် ဖြည့်စွက်တင်ပြချက်များ မပါရှိတော့ဘဲ အနိုင်ရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ၏ ပြင်ဆင်ချက်များသာ အတည်ဖြစ်နေကြောင်းနှင့် အားလုံး ဘုံသဘောတူညီချက်ရအောင် ညှိနှိုင်းဆောင်ရွက်မည်ဟု စကားလုံးလှလှ ပြောနေသော်လည်း NLD ပါတီ၏ ပြင်ဆင်ချက်သာ အတည်ဖြစ်နေသည်ဟု ဝေဖန်ထားသည်။
NLD ပါတီမှ ပူးပေါင်းကော်မတီဝင် ဦးအောင်ကြည်ညွန့် က “ပူးပေါင်းပါဝင် ကြိုးစားနေတဲ့ တိုင်းရင်းသား ပါတီအဖွဲ့ အစည်းတွေက ဘာသံမှ မထွက်ဘူး။ အားလုံးက ရင်းရင်းနှီးနှီး ချစ်ချစ်ခင်ခင်နဲ့ ဆောင်ရွက်နေကြတာ။ ဘယ်သူက ဘာလုပ်ရမယ်ဆိုတဲ့ ဖိအားပေးမှုတွေ မရှိတဲ့အတွက် နိုင်ထက်စီးနင်း ဆိုတဲ့ စကားလုံးဟာ အင်မတန် ပြင်းထန်တဲ့ စွပ်စွဲပုတ်ခတ်တဲ့ အနေအထား ဖြစ်နေတယ်” ဟု ပြောသည်။
ဦးအောင်ကြည်ညွန့်သည့် ပြည်ထောင်စု လွှတ်တော်တွင်၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဆောင်ရွက်ရန် အရေးကြီးအဆို တင်သွင်းခဲ့သူ တဦးဖြစ်ပြီး ဖွဲ့စည်းပုံဆိုင်ရာ အငြင်းပွားမှုများကို ပါတီကိုယ်စား အမြဲလိုက်ပါ ဆောင်ရွက်ရသူတဦး လည်း ဖြစ်သည်။
ယခု ဥပဒေကြမ်းတွင် မည်သည့်အကြောင်းအရာကို ထည့်သွင်းမည်ဆိုသည်ကို စုစည်းနေခြင်း ဖြစ်ပြီး တိုင်းရင်းသား ပါတီတချို့ကလည်း NLD နှင့် ပူးပေါင်း၍ ဆန္ဒပြုသည့် ပုဒ်မများလည်း ရှိကြောင်း၊ ဖိအားပေး ဆောင်ရွက်စေခြင်းမျိုး လုံးဝ မရှိသည့်အတွက် နိုင်ထက်စီးနင်း ဆိုသည့် စကားလုံးသည် အင်မတန် ရင့်သီးသည်ဟု ခံစားရကြောင်း ၎င်းက ဆိုသည်။
ဦးအောင်ကြည်ညွန့်က ဆက်၍ “အဲဒီစကားလုံးက တကယ်ဆိုရင်တော့ ကန့်ကွက်ရမှာပဲ။ ဘယ်သူမှ နိုင်ထက်စီးနင်း လုပ်လို့ မရဘူးလေ။ ၄၅ ဦး ကော်မတီမှာ ပါဝင်တဲ့သူတွေ အကုန်လုံးက လူကြီးလူကောင်းတွေချည်းပဲ။ ပုဒ်မခွဲတခုမှာ Options တွေ အမျိုးမျိုး ရှိတယ်လေ။ ဘယ် Options က အသင့်တော်ဆုံး ဖြစ်မလဲဆိုတာကို မဲခွဲပြီး ဆုံးဖြတ်တာ” ဟု ရှင်းပြသည်။
တပ်မတော်၏ အသုံးအနှုန်းများ ဖြစ်သည့် ဒီမိုကရေစီ အနိုင်ကျင့်သည်၊ နိုင်ထက်စီးနင်း ဆိုသည့် စကားလုံးများသည် ပူးပေါင်း ကော်မတီတွင် အင်အားများသည့် သူက အနိုင်ရနေသည့် သဘောကိုဆိုလိုခြင်းဖြစ်ပြီး ညှိနှိုင်းသည့် စနစ်ဖြင့် သွားရန် လိုလားခြင်း ဖြစ်နိုင်ကြောင်း၊ ကော်မတီတွင် လူနည်းစု အသံပျောက်နေသဖြင့် ရခိုင်ပါတီ အနေဖြင့်လည်း နုတ်ထွက်ခဲ့ရကြောင်း မြေပုံမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ပြောသည်။
“NLD က သူတို့ ပြင်ချင်တဲ့ ၁၁၄ ချက် အပေါ်မှာပဲ အတည်ပြုနေတယ်။ ကျန်တာက အတည်မပြုဘူး။ တပ်နဲ့ NLD နဲ့ ၂ ဖွဲ့လုံးမှာ တဖွဲ့ဖွဲ့က ကန့်ကွက်ရင် ပျက်မှာ။ သူတို့ ပူးပေါင်း လုပ်ဆောင်ဖို့ လိုတယ်။ အခုလည်းပဲ ဒီထုတ်ပြန်ချက်က နောက်ဆုံး ဒီကော်မတီ နုတ်ထွက်ဖို့ အချက်ပြလိုက်တာလားလို့ ကျနော် ထင်တယ်” ဟု ၎င်းက ဆိုသည်။
ယခု ပူးပေါင်း ကော်မတီကို၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလက ပါတီ အစုအဖွဲ့ အသီးသီးမှ လူဦးရေ ၄၅ ဦးဖြင့် ပြည်ထောင် စု လွှတ်တော်တွင် မဲခွဲဆုံးဖြတ် အတည်ပြု ဖွဲှ့စည်းခဲ့ခြင်းဖြစ်ပြီး ထိုစဉ်ကပင် တပ်မတော်နှင့် အတိုက်အခံ ကြံ့ခိုင်ရေး ပါတီတို့က ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြသည်။
သို့သော် ကော်မတီတွင် ကြံ့ခိုင်ရေးပါတီက ကိုယ်စားလှယ်၂ ဦး ပါဝင်ခဲ့ပြီး တပ်မတော်ကလည်း ၎င်းတို့ အချိုးအစား အတိုင်း ကိုယ်စားလှယ် ၈ ဦးဖြင့် ယင်းအစည်းအဝေးများတွင် သဘောထား မှတ်ချက် မပေးသော်လည်း ဝင်ထိုင်ခဲ့ကြ သည်ကို တွေ့ရသည်။
ပူးပေါင်းကော်မတီ ဖွဲ့စည်းပြီး ၉ လခန့် ကြာသည့်အခါတွင် စုစုပေါင်း လူဦးရေ ၃၉ ဦးသာ ကျန်ရှိတော့ပြီး အမျိုးသား ညီညွတ်သော ဒီမိုကရက်တစ် ပါတီမှ ကိုယ်စားလှယ် ဦးစိန်ဝင်းက စတင် နုတ်ထွက်ခဲ့သည်။
ဦးစိန်ဝင်းသည် ၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီမှ ရွေးကောက် တင်မြှောက်ခံရသူတဦး ဖြစ်ပြီး လွှတ်တော်ကိုယ် စားလှယ် ဖြစ်လာပြီးမှ ထိုစဉ်က ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် သဘောထား မတိုက်ဆိုင်သဖြင့် အာဏာရ ပါတီမှ နုတ်ထွက်ကာ သီးသန့် ပါတီတခုထောင်သဖြင့် ယခု ပူးပေါင်းကော်မတီတွင် ကိုယ်စားလှယ်နေရာ ရှိလာသူ တ ဦး ဖြစ်သည်။ထို့နောက် ရခိုင်အမျိုးသားပါတီမှ ဦးအောင်ကျော်ဇံနှင့် ဦးမြင့်နိုင် တို့ ဆက်လက် နုတ်ထွက်ကြပြီး ၎င်းတို့က တသီး ပုဂ္ဂလ လူနည်းစုများ၏ ဆန္ဒကို အလေးမထားသဖြင့် နုတ်ထွက်သည်ဟု အကြောင်းပြခဲ့ကြသည်။
ပူးပေါင်း ကော်မတီသို့ မတက်ရောက်တော့သည့် နောက်တဦးမှာ လီဆူ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီ (ဒူလေး) ပါတီမှ ဦးလာမာလေး ဖြစ်ပြီး ၎င်းသည် ယင်းပါတီမှ အထုတ်ခံရသဖြင့် ကော်မတီသို့ ဆက်တက်ရောက်ခြင်း မရှိတော့ ပေ။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၇ ရက်ကလည်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီဝင် ကိုယ်စားလှယ်
ဦးစိုင်းကျော်မိုးနှင့် ဦးဆီဟူးဒွေ့တို့ ၂ ဦးသည် ၎င်းတို့၏ သဘောဆန္ဒ အရဟုဆိုကာ ထပ်မံ နုတ်ထွက်ခဲ့သည်။
ပြည်ထောင်စု လွှတ်တော် နာယက ဦးတီခွန်မြတ် ကမူ NLD ပါတီ အစိုးရ သက်တမ်းအတွင်း၂၀၀၈ ဖွဲ့စည်းပုံ ပြင် ဆင်ရေးကို ပြီးစီးအောင် ဆောင်ရွက်မည်ဟု ယခု ဒီဇင်ဘာလ အစောပိုင်းက လွှတ်တော်တွင် ပြောဆိုထားသည်။
You may also like these stories:
NLD အစိုးရသက်တမ်းအတွင်း ဖွဲ့စည်းပုံ ပြင်ဆင်ရေး အပြီးသတ်မည်ဟု လွှတ်တော် နာယကပြော
ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်း ကော်မတီမှ ကြံ့ခိုင်ရေး ပါတီဝင်၂ ဦး ထပ်မံနုတ်ထွက်