တပ်မတော်နှင့် အငြင်းပွားမှု ဖြစ်ပွားနေသော ရန်ကုန်မြို့ ဗဟန်းမြို့ရှိ မြရိပ်ညို ဟိုတယ်ဝင်းအတွင်း၌ တည်ဆောက်မည့် အထပ်မြင့် စီမံကိန်းအတွင်းမှ ဇေကမ္ဘာကုမ္ပဏီသည် ဒီဇင်ဘာလ ၁၉ ရက်က ထွက်ခွာပေးလိုက်ရကြောင်း သိရသည်။
စီမံကိန်းဝင်း အတွင်းရှိ ဇေကမ္ဘာ ကုမ္ပဏီ၏ တည်ဆောက်ရေး လုပ်ငန်းများအတွက် ပြင်ဆင်ထားသော ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများနှင့် ကုမ္ပဏီ၏ လုံခြုံရေး ဝန်ထမ်းများပါ မရှိတော့ဘဲ ယခုတွင် တပ်မြို့စည်ပင်မှ လုံခြုံရေးများသာ စောင့်ကြပ်လျက်ရှိကြောင်း ဧရာဝတီက ကွင်းဆင်း သတင်း ရယူချိန်တွင် တွေ့ရှိခဲ့ရသည်။
ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး သန်းထူးဇော်က “ကျနော်တို့ကတော့ ဘာမှမလုပ်သေးဘူး။ စောင့်ကြည့်နေတယ် သူ့ဘာသာသွားမလား၊ သွားရင် တပ်မတော်က ဘာမှ လုပ်စရာမလိုဘူး။ အဲဒါ တပ်ပိုင်မြေပဲ။ ကျနော်တို့ ကြားသလောက် ကတော့ သူ့တို့ဘာသာ ရွှေ့နေတယ်လို့ ကြားတယ်။ တပ်မတော်က သဘောကောင်းပြီး စောင့်ကြည့်နေတာပဲ ရှိတယ် နို့တစ်ပေးပြီးသားလေ” ဟု ဧရာဝတီသို့ ပြောသည်။
မြရိပ်ညိုစီမံကိန်း နှင့် ပတ်သက်ပြီး တပ်မတော် နှင့် ဇေကမ္ဘာကုမ္ပဏီ ကြားမှ BOT သဘောတူညီမှုလည်း ပျက်သွားပြီဖြ စ်သလို နောက်ဆုံးဖယ်ရှားခိုင်းထားသည့် သတ်မှတ်ရက်လဲ ကျော်လွန်နေပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။
အဆိုပါ စီမံကိန်းနှင့် ပတ်သက်ပြီး ဇေကမ္ဘာကုမ္ပဏီကို ၁၉၅၅ ခုနှစ် အစိုးရအိမ်ဥပစာ (နှင်ထုတ်ခြင်း) အက်ဥပဒေအရ နိုဝင်ဘာလ ၃၀ ရက် နောက်ဆုံးထား ဖယ်ရှားပေးရန် သတိပေးစာ ပို့ထားပြီး ဇေကမ္ဘာကုမ္ပဏီဘက်ကလည်း ဆောက် လုပ်ရေးဝန်ကြီး ဌာနထံ အယူခံ တင်ထားခဲ့သည်။
ယခု ထွက်ခွာပေးရမှုသည် ဇေကမ္ဘာ ကုမ္ပဏီ၏ အယူခံကို ဆောက်လုပ်ရေး ဝန်ကြီးဌာနက ပယ်ချခဲ့ခြင်းကြောင့်ဖြစ် သည်ဟု သတင်းများ ထွက်ပေါ်လျက် ရှိသော်လည်း ဧရာဝတီက အတည်ပြုရန် ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ တပ် မြို့စည်ပင်နှင့် ဇေကမ္ဘာကုမ္ပဏီကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိပါ။
အဆိုပါ စီမံကိန်းဝင်း အတွင်းမှ ဇေကမ္ဘာကုမ္ပဏီက ၎င်းတို့၏ ပစ္စည်းများ ရွှေ့ပြောင်းခြင်းများကို ယခုရက်ပိုင်း အတွင်း လုပ်ဆောင်နေသည်များကို မြင်တွေ့နေရကြောင်း ယင်းစီမံကိန်း၏ အနီး ပတ်ဝန်းကျင်တွင် နေထိုင်သော ဧရာဝတီ၏ သတင်းရင်းမြစ်တဦးက ပြောသည်။
မြရိပ်ညို အထပ်မြင့် အိမ်ရာစီမံကိန်း ဆောက်လုပ်ရန် တပ်မတော်နှင့် ဇေကမ္ဘာကုမ္ပဏီတို့ကြား သဘောတူထားခြင်း ဖြစ် သော်လည်း ကုမ္ပဏီဘက်မှ နားလည်မှု စာချွန်လွှာပါ သဘောတူညီချက်များကို ချိုးဖောက်သည် ဟုဆိုကာ နိုဝင်ဘာလ ၃၀ ရက် နောက်ဆုံးထား ဖယ်ရှားပေးရန် တပ်မတော်က သတိပေးထားခြင်း ဖြစ်သည်။
မြရိပ်ညို အိမ်ရာ စီမံကိန်းသည် တပ်ပိုင် မြေဧက ၁၃ ဧက ကျော်ပေါ်တွင် အကောင်အထည် ဖော်မည့် ၁၂ ထပ်ပါ အထပ် မြင့် အဆောက်အအုံ စီမံကိန်း တခုဖြစ်သည်။
ဇေကမ္ဘာကုမ္ပဏီ အနေဖြင့် တပ်မတော်နှင့် နှစ်ဖက်သဘောတူ ချုပ်ဆိုထားသော စာချုပ်များကို ချိုးဖောက်ခြင်း၊ မြေအသုံး ပြု ငှားရမ်းခများကို ပေးသွင်းရန် ပျက်ကွက်ခြင်း၊ ဇေကမ္ဘာ ကုမ္ပဏီသည် တရုတ်ကုမ္ပဏီတခုနှင့် Yangon New World စီမံကိန်းကို ခွင့်ပြုချက် တစုံတရာ မယူဘဲ လုပ်ကိုင်ခြင်း၊ ထို့ပြင် ကုမ္ပဏီအနေဖြင့် BOT စာချုပ်ချုပ် ဆိုနိုင်ခြင်း မရှိသည့် အချိန်တွင် သက်ဆိုင်ရာကို တင်ပြခြင်း မရှိဘဲ ရှေးဟောင်းသမိုင်းဝင် မြို့တော်ဝန် အိမ်အပါအဝင် အခြား အဆောက်အအုံ ၂ လုံးကို ဖြိုဖျက်ခြင်း စသည့် အကြောင်းပြချက်များဖြင့် တပ်မတော်က ၂၀၁၈ ခုနှစ်ထဲတွင် အဆိုပါ စီမံကိန်းကို ပိတ်ပင် ရပ်ဆိုင်းခဲ့သည်။
ယင်းအပြင် အဆိုပါ စီမံကိန်းသည် မြို့နယ် ၈ မြို့နယ် ရေပေးဝေနေသည့် ကုက္ကိုင်း ရေလှောင်ကန် မြေနေရာကို ထိခိုက် နိုင်သည် ဆိုသော ကန့်ကွက်မှုများကြောင့် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ကလည်း ၂၀၁၈ ခုနှစ် အတွင်း၌ စီမံကိန်းကို ရပ်ဆိုင်းထားရန် တားမြစ်ထားသည်။
ဆက်စပ်ဖတ်ရှုရန်
မြရိပ်ညို စီမံကိန်းအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနထံ ဇေကမ္ဘာကုမ္ပဏီ အယူခံတင်ဟုဆို
ဇေကမ္ဘာကုမ္ပဏီ၏ မြရိပ်ညိုအထပ်မြင့် စီမံကိန်း ဖယ်ရှားရန် တပ်မတော် သတိပေး