ဗစ်တိုးရီယား အမှုနှင့် ပတ်သက်၍ သံသယ တရားခံ ကိုအောင်ကြီးကို တရားရုံးမှ တရားရှင် လွှတ်လိုက်ပြီ ဖြစ်သဖြင့် ဗစ်တိုးရီးယား အမှု ရုံးချိန်း မရှိတော့ကြောင်း ဒက္ခိဏခရိုင် တရားရုံးမှ သတင်းနှင့်ပြန်ကြားရေး အရာရှိ ဒေါ်ဖြူဝင်းလတ် က ပြောသည်။
ယင်းအမှုနှင့် ပတ်သက်ပြီး ဧရာဝတီ၏ မေးမြန်းချက်အား ဒုတိယခရိုင် တရားသူကြီးလည်း ဖြစ်သည့် ဒေါ်ဖြူဝင်းလတ် က ပြန်လည် ဖြေဆိုခြင်း ဖြစ်သည်။
ဒေါ်ဖြူဝင်းလတ် က“အဲ့ဒါကတော့ ပြီးသွားပြီ။ အဲ့ဒါတော့ ပြီးသွားပြီ”ဟုလည်း ဒီဇင်ဘာ ၂၀ ရက်နေ့က နေပြည်တော် ဒက္ခိဏ ခရိုင် တရားရုံးတွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ ပြောသည်။
ဒီဇင်ဘာ ၁၈ ရက်နေ့က ၁၃ ကြိမ်မြောက် ရုံးချိန်းတွင် တရားခွင် စစ်ဆေး ပေါ်ပေါက်ချက်များ အရ စွဲချက်တင်နိုင်သည့် သက်သေခံချက် အထောက်အထား တစုံတရာ တွေ့ရခြင်း မရှိသဖြင့် ရာဇဝတ် ကျင့်ထုံး ဥပဒေ ပုဒ်မ ၂၅၃ (၂) အရ တရား သူကြီးက လွှတ်ပေးလိုက်ခြင်း ဖြစ်ကြောင်းလည်း ဒေါ်ဖြူဝင်းလတ်က ရှင်းပြသည်။
ပုဒ်မ ၂၅၃ (၂) ၏ ပြဌာန်းချက်တွင် စွဲဆိုချက်၌ အခြေအမြစ်မရှိဟု တရားသူကြီးက ယူဆပါက အမှု၏ မည်သည့် အဆင့်တွင် မဆို တရားခံအား စွဲချက်မတင်မီ လွှတ်ပေးခြင်းကို မည်သည့် အချက်ကမှ တားမြစ်၍ မရကြောင်း ပါရှိ သည်။
ကိုအောင်ကြီးအပေါ် စွပ်စွဲထားသည့် အချက်လက်များနှင့် ဆက်လက်၍ အရေးယူရန် အကြောင်း မပေါ်ပေါက်၍ စွဲချက် မတင်မီ လွှတ်လိုက်ခြင်းနှင့် ပတ်သက်ပြီး ဝေဖန်မှုများအပေါ် တုံ့ပြန်စရာ အကြောင်း မရှိကြောင်းလည်း ဒေါ်ဖြူဝင်းလတ် က ပြောဆိုသည်။
ကိုအောင်ကြီးကို တရားရှင် လွှတ်ပေးလိုက်သည့် အမိန့်အပေါ် နစ်နာသူများနှင့် တရားလို၊ တရားစွဲ အဖွဲ့အစည်း၊ ဥပဒေ အရာရှိများက ကျေနပ်မှု မရှိပါက အဆင့်မြင့် တရားရုံးသို့ ၂ လအတွင်း ပြင်ဆင်ချက်ဖြင့် ပေးပို့နိုင်ကြောင်း လည်း ၎င်းက ရှင်းပြသည်။
ကိုအောင်ကြီးအား စွဲချက်မတင်မီ လွှတ်ပေးလိုက်ခြင်း ဖြစ်၍ ဗစ်တိုးရီးယားအမှု ပြီးသွားပြီ ဖြစ်သော်လည်း သက်သေ အထောက် အထားများ ထပ်မံ ပေါ်ပေါက်ခဲ့၍ တင်ပြလာပါက တရားရုံးအနေဖြင့် ဆက်လက် စစ်ဆေးသွားမည်ဟု လည်း ဒေါ်ဖြူဝင်းလတ်က ဆိုသည်။
ယင်းအမှုကို တရားလိုဘက်မှ လိုပြသက်သေများ အပါအဝင် လူသက်သေ ၁၉ ယောက် စစ်ဆေးခဲ့သလို၊ ကွန်ပျူတာ နှင့် ပတ်သက်သည့် စက်ပစ္စည်းများကိုလည်း စစ်ဆေးခဲ့ပြီး ဖြစ်ကြောင်း၊ လူသက်သေ ထွက်ဆိုချက်များတွင် တရားလို ဘက်မှ ထွက်ဆိုချက်များ အပြင် Wisdom Hill ကျောင်းမှ ဆရာမများကို စစ်ဆေးရာတွင်လည်း ကိုအောင်ကြီး ပြစ်မှု မကျူးလွန်ကြောင်း ထွက်ဆိုခဲ့သဖြင့် ယခုကဲ့သို့ တရားရှင် လွှတ်ပေးရခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက် ရှင်းပြ သည်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မှုခင်း တပ်ဖွဲ့ (CID) တပ်ဖွဲ့မှူး ရဲမှူးချုပ် စိုးနိုင်ဦးကမူ တရားရုံးသို့ တင်ပြထားသည့် လိုပြ သက်သေများနှင့် သက်မဲ့ အထောက်အထားများ စစ်ဆေးဆောင်ရွက်မှု မပြီးပြတ်သေးဘဲ ကိုအောင်ကြီးကို တရားရှင် လွှတ်ပေးလိုက် ခြင်းကို အံ့သြမိကြောင်း၊ မျှော်လင့်ထားသည်မှာ တင်ပြထားသည့် လူသက်သေ၊ သက်မဲ့ သက်သေ များ အကုန်စစ်ပြီး မှသာ တရားစွဲတင်ရန် သင့်၊ မသင့် ဆုံးဖြတ်သင့်ကြောင့် ယမန်နေ့က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ တွင် ပြောသည်။
၎င်းက“ကျင့်ထုံး ဥပဒေ ပုဒ်မ ၂၅၃ အရ တရားသူကြီးက ဒါကို တရားရှင်လွှတ်ခြင်းနဲ့ ဖြစ်ပေါ်လာတဲ့ အနေအထားမှာ ဒါလေးကတော့ စောလွန်းတယ်လို့ ဆိုပြီးတော့မှ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အနေနဲ့ ဒါကို သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရ ခြင်း ဖြစ်ပါတယ်”ဟု ပြောသည်။
ထိုသို့ ကိုအောင်ကြီးကို လွှတ်လိုက်မှု စောလွန်းကြောင်း ပြောနေသော်လည်း တရားရုံး စစ်ဆေး ပေါ်ပေါက်ချက်များ အရ ကိုအောင်ကြီးသည် တရားရှင် လွှတ်မြောက်နေပြီ ဖြင့်သဖြင့် ဥပဒေကြောင်း အရ ကြည့်မည်ဆိုပါက စိုးရိမ်စရာ မရှိကြောင်း၊ သို့သော် ယင်းအမှု တရားခံ မည်သူဖြစ်မည်ကို ပြန်လည် ဖော်ထုတ်ရန် လိုအပ်ကြောင်း ကိုအောင်ကြီး ဘက်မှ လိုက်ပါ ဆောင်ရွက်သည့် တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်ဇော်က ဧရာဝတီသို့ ပြောသည်။
ဦးခင်မောင်ဇော် က“အဲ့ဒီ တရားခံကို ရှာရမယ့် တာဝန်က ဘယ်သူလဲ နိုင်ငံတော် သမ္မတရုံးကလည်း ပြောထားပြီးပြီဗျ။ ဘယ်သူ တာဝန်ရှိ သလဲ။ သူတို့ပဲ ပြန်ရှာရမှာလေ။ ပြန်ရှာမယ့် အလုပ်ကို သူတို့ မလုပ်နိုင်ဘူး။ မလုပ်ရဲတာလား။ ဘာကြောင့်လဲတော့ မသိဘူးပေါ့ဗျာ။ ပေခံ ငြင်းတာပဲလို့ပဲ ကျနော်ထင်တယ်လေ”ဟု ပြောသည်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရဲမှူးကြီး မင်းဟန်က ယင်းအမှုနှင့် ပတ်သက်၍ မည်သို့ ဆက်လက် ဆောင်ရွက်မည်ကို လက်ရှိ တွင် တရားရုံးမှ တရားရှင် လွှတ်ပေးလိုက်သည့် စီရင်ချက် မရသေးကြောင်း၊ ထိုစီရင်ချက်ရရှိပါက ဥပဒေနှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ယမန်နေ့က ရှင်းလင်းပွဲတွင် ပြောဆိုသည်။
မှုခင်း ညွှန်ကြားရေးမှူးလည်း ဖြစ်သည့် ရဲမှူးကြီး မင်းဟန်က“တရားသူကြီးရဲ့ စီရင်ဆုံးဖြတ်ချက်ကို ဥပဒေနဲ့အညီပဲ ဆက်လက် ဆောင်ရွက်သွားမှာပါ”ဟု ပြောသည်။
ဗစ်တိုးရီးယားအမှုနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့အပေါ် နောက်ကွယ်မှ တစုံတရာ ကြိုးကိုင်ထားခြင်မျိုး မရှိဘဲ အမှုမှန်ပေါ် ပေါက်စေရေးကိုသာ ရိုးရိုးသားသား စုံစမ်းစစ်ဆေး ဖော်ထုတ်နေကြောင်းလည်း ရဲမှူးကြီး မင်းဟန်က ဆက်ပြောသည်။
ယင်းအမှုသည် နေပြည်တော် သပြေကုန်း၌ ဖွင့်လှစ်ထားသည့် Wisdom Hill အမည်ရှိ ပုဂ္ဂလိက မူကြိုကျောင်းတွင် တက်နေသော ဗစ်တိုးရီးယား ဟူသည့် ကလေးငယ်သည် ယခုနှစ် မေလ ၁၇ ရက်က လိင်အကြမ်းဖက် ခံရမှုဖြင့် ကလေး ငယ်၏ မိခင်ကိုယ်တိုင် တိုင်ကြား စွဲဆိုထားသော အမှု ဖြစ်သည်။
You may also like these stories:
ဗစ်တိုးရီးယား DNA စစ်ဆေးချက်ရလဒ် ဆေးရုံနှင့် CID ကွဲလွဲမှု ရှိနေ
ရဲတပ်ဖွဲ့ကို တရားစွဲမည်ဟု ဗစ်တိုးရီးယား၏ ဖခင် ပြော
ရဲတပ်ဖွဲ့ သတင်းစာ ရှင်းလင်းပွဲ၌ ဗစ်တိုးရီးယား အမည်ရင်း ထုတ်ဖော် ပြောဆိုမှု ဝေဖန်ခံရ