အောင်သပြေ ပဋိပက္ခဖြစ်စဉ်မှ ဒေသခံ ၅ ဦးကို စွဲချက်တင်၊ တဦးလွတ်
ပုသိမ်ကြီးမြို့နယ်၊ အောင်သပြေကျေးရွာအနီးရှိ အောင်သပြေ ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံစီမံကိန်း ပဋိပက္ခဖြစ်စဉ်မှ မီးရှို့မှုနှင့် တရားစွဲဆိုခံခဲ့ရသည့် အောင်သပြေဒေသခံ ၆ ဦးထဲမှ ၅ ဦးကို စွဲချက်တင်အမိန့်ချခဲ့ပြီး တဦးအား တရားရှင်လွှတ်ပေးလိုက်သည်။
အဆိုပါ အောင်သပြေဒေသခံ ၆ ဦးကို ဒီဇင်ဘာ ၂၀ ရက်နေ့တွင် ပုသိမ်ကြီးမြို့နယ် တရားရုံးက အမိန့်ချမှတ်ခဲ့ ခြင်းဖြစ်ကြောင်း အမှုအား လိုက်ပါဆောင်ရွက် ပေးလျက်ရှိသည့် တရားလွှတ်တော်ရှေ့နေ ဦးစည်သူက ပြောသည်။
ဦးစည်သူ က “တရားလိုစွဲဆိုတဲ့ အမှုနဲ့ပတ်သတ်ပြီးတော့ စွဲချက်တင်နိုင်လောက်တဲ့ သက်သေခံအထောက်အထား တင်ပြနိုင်ခြင်းမရှိတာကြောင့် တဦးကိုတော့ ကျင့်ထုံးပုဒ်မ ၂၅၃ (၁) အရ တရားရှင်လွှတ်ပေးလိုက်တာပါ၊ ကျန် ၅ ဦးကိုတော့ မူလစွဲထားတဲ့ပုဒ်မအပြင် ၁၁၄ နဲ့ပါ စွဲချက်တင်ခဲ့တယ်” ဟု ပြောသည်။
တရားစွဲဆိုခံရသူများမှာ အောင်သပြေဒေသခံ ကိုနိုင်ထွန်းအောင်၊ ကိုမင်းသိန်း၊ ကိုဖိုးမာ၊ ကိုကျော်ဇေယျ၊ ဦးမြင့်ခိုင်နှင့် ရာအိမ်မှုး ကိုမိုးလင်းတို့ဖြစ်ပြီး ၂၀၁၉ ခုနှစ် မေလ ၁၆ ရက်နေ့တွင် ရဲတပ်ဖွဲ့၏ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်းဖြစ်ကာ ၎င်းတို့အား ကျောက်မီးသွေး စွမ်းအင်သုံးဘိလပ်မြေစက်ရုံစီမံကိန်းမှ ဦးဟန်ဇော်လင်းက အမှုဖွင့်ခဲ့ကာ ၂၀၁၉ ခုနှစ် ဇွန်လ ၁၄ ရက်နေ့က ပုသိမ်ကြီးမြို့နယ် တရားရုံးသို့ တရားစွဲတင်ခဲ့ခြင်းဖြစ်သည်။
ပုသိမ်ကြီးမြို့နယ်တရားရုံးက ရာဇဝတ်ကြီးအမှုအမှတ် ၄၇၀/၂၀၁၉၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၄၃၆၊ ၄၄၀ ဖြင့် လက်ခံစစ်ဆေးနေသော အမှုဖြစ်ပြီး တရားစွဲဆိုခံရသူများအနက်မှ အသက် ၅၁ နှစ်အရွယ်ရှိ ဦးမြင့်ခိုင်အား စွဲချက်မတင်မီ တရားရှင်လွှတ်ပေးခဲ့ပြီး ကျန် ၅ ဦးအား မီးရှို့မှုပုဒ်မ ၄၃၆၊ ဒဏ်ရာရရှိအောင်ပြုလုပ်မှု ၄၄၀၊ ပုဒ်မ ၁၁၄ (အားပေးကူညီမှု) တို့ဖြင့် တရားရုံးက စွဲချက်တင်ခဲ့ခြင်းဖြစ်သည်။
စွဲချက်မတင်မီ အပြစ်မရှိကြောင်း တွေ့ရှိရသဖြင့် တရားရှင်လွတ်မြောက်လာသည့် ဦးမြင့်ခိုင်မှာ အိုးဘိုအကျဉ်းထောင် အတွင်း၌ ၇ လကျော်ကြာအောင် အချုပ်ဖြင့် တရားရင်ဆိုင်ခဲ့ရ၍ နိုင်ငံသားတယောက်၏ အခွင့်အရေးများ ဆုံးရှုံးနစ်နာ ကြောင်း၊ ပုဒ်မ ၃ ခုဖြင့် စွဲချက်တင်ခံရသူများကို ပုသိမ်ကြီးမြို့ နယ်တရားရုံးက ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၃ ရက်သို့ ထပ်မံချိန်းဆိုခဲ့သည်ဟု တရားလွှတ်တော်ရှေ့နေ ဦးစည်သူက ပြောသည်။
ထို့အပြင် အဆိုပါအမှုတွဲမှ တူးဝေယံသည် ကလေးအဖြစ် သီးခြားခွဲထွက်ထားသဖြင့် ကလေးသူငယ်တရားရုံးတွင် အမှုရင်ဆိုင်နေရဆဲဖြစ်သလို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)ဖြင့် အမှုဖွင့်လှစ်ခံထားသူ ရာအိမ်မှုး ဦးမိုးလင်းကို ဒီဇင်ဘာ ၂၇ ရက်နေ့တွင်လည်း အမိန့်ချမှတ်သွားမည်ဟု သိရသည်။
ဦးစည်သူက “တကယ်လို့ ပြစ်မှုကျုးလွန်သူ ဖြစ်ခဲ့မယ်ဆိုရင် ဥပဒေက ပေးတဲ့ပြစ်ဒဏ်ကို ခံကြရမှာဖြစ်တယ်၊ သို့သော် သူတို့ဟာ ပြစ်မှုကျုးလွန်တဲ့သူ ဟုတ်သလား၊ မဟုတ်ဘူးလားဆိုတာ အမှုမှာပါတဲ့ နှစ်ဘက်လုံးကို ပြည့်ပြည့်စုံစုံ စစ်ဆေးဖို့တော့ လိုအပ်ပါတယ်၊ အဲဒီလို စစ်ဆေးပေါ်ပေါက်ချက်တွေကိုမှ တရားရုံးကနေ မှန်မှန်ကန်ကန် ဘက်မလိုက်ပဲနဲ့ မျှတစွာ သုံးသပ်မယ်ဆိုရင်တော့ ကောင်းပါတယ်” ဟု သုံးသပ်ပြောပြသည်။
စီမံကိန်းပဋိပက္ခနှင့် ပတ်သက်၍ ဇွန်လ ၂ ရက်နေ့က ရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်းခံခဲ့ရသည့် အောင်သပြေရွာသား ကိုထွန်းမြင့်ဝင်းသည် မန္တလေး ဗဟိုအကျဉ်းထောင်အတွင်း ရိုက်နှက်နှိပ်စက်ခံရခြင်းများကြောင့် ဇွန်လ ၅ ရက်နေ့သေဆုံးခဲ့ရသည်။
ကျောက်မီးသွေး စွမ်းအင်သုံး ဘိလပ်မြေ စက်ရုံစီမံကိန်းကို ဒေသခံများက ကန့်ကွက်မှုများ၊ ဆန္ဒ ဖော်ထုတ်မှုများ ဆက်တိုက်ပြုလုပ်ခဲ့ရာက မေလ ၁၄ ရက်နေ့တွင် ကျောက်မီးသွေး စွမ်းအင်သုံး ဘိလပ်မြေစက်ရုံစီမံကိန်း ဖျက်သိမ်းပေးရန်နှင့် ဖမ်းဆီး ထားသော တောင်သူများကို အမြန်ဆုံး လွှတ်ပေးရေးအတွက် ကျေးရွာအဝင်လမ်းကို ပိတ်ဆို့၍ အောင်သပြေကျေးရွာမှ ရွာသူရွာသားများက ဆန္ဒပြခဲ့ ကြသည်။
အဆိုပါကဲ့သို့ ဆန္ဒထုတ်ဖော်ရာသို့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနနှင့် လုံခြုံရေးရဲတပ်ဖွဲ့ဝင်များ လာရောက်ခဲ့ပြီး လမ်းပိတ်ဆို့မှုအား ဖယ်ရှားပေးရန် ပြောဆိုရာ ဒေသခံများနှင့် တင်းမာမှုဖြစ်ပေါ်ခဲ့ကာ မေလ ၁၅ ရက်နေ့ နံနက် ၄ နာရီခွဲခန့်က ဆန္ဒပြနေကြသည့် ဒေသခံတို့ကို ရဲတပ်ဖွဲ့ဝင် အင်အား ၁၅၀ ကျော် အင်အားအသုံး၍ ရာဘာကျည်များ၊ မျက်ရည်ယို ဗုံးများဖြင့် ပစ်ခတ်လူစုခွဲခဲ့သည်။
ယင်းဖြစ်စဉ်များနှင့် ပတ်သက်ပြီး မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့နှင့် ကုမ္ပဏီတို့က တရားလိုပြုလုပ်၍ လမ်းတံတားဥပဒေပုဒ်မ ၂၂/ ၂၃၊ ငြိမ်းစုစီပုဒ်မ ၁၉ အပါအဝင် ရာဇဝတ်ဥပဒေပုဒ်မ ၃၅၃ (ပြည်သူ့ဝန်ထမ်းကို နှောက်ယှက်ဟန့်တားမှု)၊ ၃၃၂( ပြည်သူ့ဝန်ထမ်းကို သာမန်ဒဏ်ရာရအောင်ပြုလုပ်မှု)၊ ၃၃၃ (ပြည်သူ့ဝန်ထမ်းကို ပြင်းထန်ဒဏ်ရာရအောင်ပြုမှု)၊ ၄၃၆ (မီးရှို့မှု)၊ ၃၃၆ (လုံခြုံရေးကို ဘေးဖြစ်စေသောပြုလုပ်မှု)၊ ၄၃၅ (မီး၊ ပေါက်ကွဲစေသောအရာဖြင့် အကျိုးဖျက်ဆီးမှု)၊ ၄၄၇(ရာဇဝတ်မကင်းသော ကျော်နင်းမှု)၊ ၁၄၇ (ရုန်းရင်းဆန်ခတ် မှု)၊ ၁၁၄ (အားပေးကူညီမှု)၊ လက်နက်မှုပုဒ်မ ၁၉ (င)၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) အစရှိသည့် ပုဒ်မများဖြင့် အမှုများလည်း ရှိကြောင်း သိရသည်။
“လက်ကျန်အမှုတွေလည်း ကျန်နေသေးတယ်၊ ပုသိမ်ကြီးမြို့နယ်ရဲတပ်ဖွဲ့ မြို့နယ်မှုး ရဲမှူးမျိုးညွှန့်သန်း တရားလို ပြုလုပ်တဲ့ ဒေသခံများနှင့် ရဲတပ်ဖွဲ့ ပဋိပက္ခဖြစ်တဲ့အမှု ကျန်တယ်၊ ပုသိမ်ကြီးမြို့နယ်ထွေအုပ်ကေနတရားလိုလုပ်စွဲတဲ့ နိုင်ငံတော် အကြည်ညိုပျက်တဲ့ ၅၀၅ တမှုကျန်တယ်၊ ရဲတပ်ဖွဲ့ကပဲ စွဲထားတဲ့ လက်နက်မှုလည်း ကျန်သေးတယ်၊ ဖမ်းမိတဲ့သူလည်း ရှိသလို ဖမ်းဝရမ်းထုတ်ခံထားရတဲ့ သူတွေလည်း ရှိတယ်၊ လက်ရှိမှာကို အချုပ်နဲ့ အမှုရင်ဆိုင်နေရတာ ၈ ဦးရှိတယ်” ဟု တရားလွှတ်တော်ရှေ့နေ ဦးစည်သူက ပြောသည်။
ကျောက်မီးသွေးစွမ်းအင်သုံးဘိလပ်မြေစက်ရုံစီမံကိန်း ပဋိပက္ခဖြစ်စဉ်နှင့်ပတ်သက်၍ အောင်သပြေကျေးရွာဒေသခံ ၁၀၀ ဝန်းကျင်ခန့်ကို ရဲတပ်ဖွဲ့က အမှုဖွင့်ဖမ်းဝရမ်း ထုတ်ထားသဖြင့် ဒေသခံအချို့မှာ ထွက်ပြေးတိမ်း ရှောင်နေရဆဲ ဖြစ်သောကြောင့် ၎င်းတို့၏ သား၊ သမီးအချို့မှာ ယခုပညာသင်နှစ်တွင် ကျောင်းမတက်ရောက်နိုင်သူများလည်း ရှိကြောင်း သိရသည်။
ဆက်စပ်ဖတ်ရှူရန်
အောင်သပြေဖြစ်စဉ် ပါဝင်သူများအားလုံးကို ဖမ်းဆီးအရေးယူမည်
ကျောက်မီးသွေး စွမ်းအင်သုံး ဘိလပ်မြေ စက်ရုံ စီမံကိန်း ပဋိပက္ခ ယာယီ ပြေလည်