သမီးဖြစ်သူ ဗစ်တိုးရီးယားအတွက် အမှန်တရားရရှိရန် နှင့် ရှေ့ဆက်ဆောင်ရွက်ရန် လမ်းစပြတ်နေသလို ကူကယ်ရာမဲ့ နေကြောင်း ဗစ်တိုးရီးယား ဖခင်ဖြစ်သူက ပြောသည်။
ဗစ်တိုးရီးယား ဖခင်ဖြစ်သူ က “လောလောဆယ် ဆက်လုပ်ဖို့ လမ်းစပြတ်နေတာပေါ့လေ။ လမ်းစပြတ်သွားတာပေါ့။ သမီး လေး အမှန်တရား ပေါ်ပေါက်ဖို့ အတွက်က ဒီတရားရုံးမှာ ကိုအောင်ကြီးက လွတ်သွားပြီ။ တရားရှင် လွှတ်ပေးလိုက်ပြီဆို တော့ ဆက်လုပ်ဖို့က လမ်းစပြတ် နေတယ်။ ကူကယ်ရာ မဲ့နေတဲ့ အခြေအနေ ဖြစ်တယ်” ဟု ဒီဇင်ဘာ ၂၁ ရက်နေ့က သတင်းထောက် အချို့ကိုပြောသည်။
ဒီဇင်ဘာ ၁၈ ရက်နေ့က ၁၃ ကြိမ်မြောက် ရုံးချိန်းတွင် ဒက္ခိဏ ခရိုင်တရားရုံးက သံသယ တရားခံကိုအောင်ကြီးကို တရားရှင် လွှတ်လိုက်ပြီ ဖြစ်သဖြင့် ယင်းအမှုမှာ လတ်တလော ပြီးဆုံးသည့် အနေအထား ဖြစ်နေသဖြင့် တရားစွဲ အဖွဲ့အစည်းဖြစ်သည့် CID ဘက်မှ မည်ကဲ့သို့ ဆက်လက်ဆောင်ရွက်မည်ကို နှစ်ဘက်ရှေ့နေများနှင့် ယင်းအမှုကို စိတ်ဝင်စားသူများအားလုံး စောင့်ကြည့်နေသည့် ကာလလည်း ဖြစ်သည်။
ဗစ်တိုးရီးယား ဖခင်ဖြစ်သူက “ရဲတပ်ဖွဲ့ အနေနဲ့ အမှုမှန်ပေါ်ပေါက်ရေး အတွက်က တရားရုံးမှာ ထွက်ထားတဲ့ သက်သေခံချက်တွေ၊ သက်မဲ့ သက်သေတွေ၊ လူသက်သေတွေ အပေါ် မူတည်ပြီး အခြေခံပြီးတော့ ဆက်လက် စုံစမ်း စစ်ဆေးမယ်ဆိုရင် ပိုပြီးတော့ နီး စပ်မယ်ထင်တယ်” ဟု ဆက်ပြောသည်။
ထိုသို့ ကိုအောင်ကြီးကို ဒီဇင်ဘာ ၁၈ ရက်နေ့ကတရားရှင် လွှတ်ပြီး နောက်တရက်တွင် ကိုအောင်ကြီးကို တရားရှင် လွှတ် ပေးမှု နှင့်ပတ်သက်၍ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သတင်းစာရှင်းလင်းပွဲ တရပ်ပြုလုပ်ခဲ့ပြီး တရားရှင် လွှတ်ပေးလိုက်ခြင်းမှာ စောလွန်းကြောင်း၊ ရုံးတော်သို့တင်သွင်းထားသည့် လူသက်သေ၊ သက်မဲ့သက်သေများကို ကုန်အောင် စစ်ပြီးမှ တရားစွဲတင်ရန် သင့်၊ မသင့် ဆုံးဖြတ်သင့်ကြောင်း ယင်းနေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် CID မှ တပ်ဖွဲ့မှူး ရဲမှူးချုပ် စိုးနိုင်ဦးက ပြောသည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် အမှုဖြစ်စဉ် ရဲတပ်ဖွဲ့ဝင်ဘက်မှ ဆောင်ရွက်ခဲ့သည့် အခြေအနေများကို ရှင်းပြစဉ် ဗစ် တိုးရီးယား၏ မိသားစု အမည်များ၊ နေရပ်လိမ်စာများနှင့် မိသားစု၏ လူနေမှု အဆင့်အတန်းကိုပါ ထုတ်ဖော်ပြောကြား သည့်အပြင် သတင်းစာရှင်းလင်းပွဲအပြီးတွင် ယင်းအမှုနှင့်ပတ်သက်သည့် စာရွက်စာတမ်းများကိုပါ “ရဲဇာနည်” Facebook စာမျက်နှာတွင် တင်လိုက်ခြင်းကြောင့် မြန်မာနိုင်ငံ ရဲတပ်အပေါ် နာရီပိုင်း အတွင်း ဝေဖန်မှုများ မြင့်တက်လာခဲ့သည်။
ကိုအောင်ကြီးအပေါ် စွပ်စွဲထားသည့် အချက်လက်များနှင့် ဆက်လက်၍ အရေးယူရန် အကြောင်း မပေါ်ပေါက်၍ စွဲချက် မတင်မီ လွှတ်လိုက်ခြင်းနှင့် ပတ်သက်ပြီး ဝေဖန်မှုများအပေါ် တုံ့ပြန်စရာ အကြောင်း မရှိကြောင်းလည်း က္ခိဏခရိုင် တရားရုံးမှ သတင်းနှင့် ပြန်ကြားရေး အရာရှိ ဒေါ်ဖြူဝင်းလတ် ကပြောဆိုထားသည်။
ကိုအောင်ကြီးကို တရားရှင် လွှတ်ပေးလိုက်သည့် အမိန့်အပေါ် နစ်နာသူများနှင့် တရားလို၊ တရားစွဲ အဖွဲ့အစည်း၊ ဥပဒေ အရာရှိများက ကျေနပ်မှု မရှိပါက အဆင့်မြင့် တရားရုံးသို့ ၂ လအတွင်း ပြင်ဆင်ချက်ဖြင့် ပေးပို့နိုင်ကြောင်း လည်း ၎င်းက ရှင်းပြသည်။
ကိုအောင်ကြီးအား စွဲချက်မတင်မီ လွှတ်ပေးလိုက်ခြင်း ဖြစ်၍ ဗစ်တိုးရီးယားအမှု ပြီးသွားပြီ ဖြစ်သော်လည်း သက်သေ အထောက် အထားများ ထပ်မံ ပေါ်ပေါက်ခဲ့၍ တင်ပြလာပါက တရားရုံးအနေဖြင့် ဆက်လက် စစ်ဆေးသွားမည်ဟု လည်း ဒေါ်ဖြူဝင်းလတ်က ဆိုသည်။
နေပြည်တော် သပြေကုန်းတွင် ဖွင့်လှစ်ထားသည့် Wisdom Hill အမည်ရှိ ပုဂ္ဂလိက မူကြိုကျောင်းတွင် တက်နေသည့် ဗစ် တိုးရီးယားသည် ယခုနှစ် မေလ ၁၇ ရက်က လိင်အကြမ်းဖက်ခံရမှုဖြင့် ကလေးငယ်၏ မိခင်ကိုယ်တိုင် အမှုဖွင့်ခဲ့ခြင်း ဖြစ် သည်။
ထိုအမှုကို ဇွန်လ ၃ ရက်တွင် CID က လွှဲပြောင်းရယူခဲ့ပြီး ယင်းအမှုနှင့် ပတ်သက်၍ ရာဇသတ်ကြီး ပုဒ်မ ၃၇၆/ ၅၁၁ ဖြင့် အမှုဖွင့် စစ်ဆေးခဲ့ကြောင်း သိရသည်။
ယင်းအမှုနှင့်ပတ်သက်၍ ဗစ်တိုးရီးယား အတွက် အမှန်တရားရရှိရန် အတွက် ထုတ်ဖော်ဆန္ဒပြမှုများကို ရန်ကုန်- မန္တလေး မြို့ကြီးများတွင် ဒီဇင် ၂၃ ရက်နေ့တွင်ပြုလုပ်သွားမည် ဖြစ်ကြောင်းသိရသည်။
You may also like these stories:
အောင်ကြီးကို လွှတ်လိုက်၍ ဗစ်တိုးရီးယား အမှု ရုံးချိန်း မရှိတော့ဟု တရားရုံး ပြော
ဗစ်တိုးရီးယား DNA စစ်ဆေးချက်ရလဒ် ဆေးရုံနှင့် CID ကွဲလွဲမှု ရှိနေ
ဗစ်တိုးရီးယား အမှု ထိုင်းနိုင်ငံတွင် DNA စစ်ဆေးခွင့်ပြုရန် ဖခင်ဖြစ်သူ တောင်းဆို
ရဲတပ်ဖွဲ့ သတင်းစာ ရှင်းလင်းပွဲ၌ ဗစ်တိုးရီးယား အမည်ရင်း ထုတ်ဖော် ပြောဆိုမှု ဝေဖန်ခံရ