မန္တလေးခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်၊ ရန်ကုန်-မန္တလေးကားလမ်းဟောင်းနှင့် ကနောင်မင်းသားကြီးလမ်းဆုံ မီးပွိုင့်တွင် ဒီဇင်ဘာ ၂၂ ရက်နေ့က ကျပ်တသောင်းတန် ငွေစက္ကူအတု ရွက်ရေ ၄ ထောင်ခန့်ကို ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေးခရိုင် ရဲတပ်ဖွဲ့ထံမှ သိရသည်။
မန္တလေးမြို့တွင် ငွေစက္ကူအတုနှင့် အစစ်လဲလှယ်မည် ဆိုသည့်သတင်းအရ ယနေ့နံနက် ၅ နာရီခန့်က
ရဲတပ်ဖွဲ့က စောင့်ဆိုင်းရှာဖွေနေစဉ် AD Van အဖြူရောင်ယာဉ်ပေါ်မှ ငွေစက္ကူအတု တသောင်းတန် ၃၉၆၈ ရွက်နှင့်အတူ အမျိုးသားဦးကို ၅ ဖမ်းဆီးရမိခဲ့သည်။
ပြည်ကြီးတံခွန်မြို့နယ် ရဲတပ်ဖွဲ့မှ အမည်မဖော်လိုသူ ရဲအရာရှိတဦး က “တိုင်းကနေ ဖမ်းတာပါ၊ သက်ဆိုင်ရာ နယ်မြေစခန်းမှာတော့ အမှုဖွင့်ထားပါပြီ၊ စစ်ဆေးမှုတွေကိုတော့ တိုင်းမှုခင်း တပ်ဖွဲ့ကနေ လုပ်တာဖြစ်တဲ့အတွက် အသေးစိတ်ပြောပြလို့မရပါဘူး” ဟု ပြောသည်။
မန္တလေးမြို့သို့ ငွေစက္ကူအတုများ သယ်ယူလာကြောင်း သတင်းအရ မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့၊ မှုခင်းအကူဌာနစိတ်မှ ဒုရဲမှူး သက်နိုင်ထွန်း ဦးစီးအဖွဲ့သည် မန္တလေး ပြည်ကြီး တံခွန်မြို့နယ်၊ ရန်ကုန်-မန္တလေး ကားလမ်းဟောင်းရှိ ဝေဝေတည်းခိုခန်းရှေ့တွင် စောင့်ဆိုင်းနေစဉ် မသင်္ကာသူများမှာ AD Van အဖြူရောင်ယာဉ်ဖြင့် တည်းခိုခန်းမှ ထွက်ခွာသွားသဖြင့် နောက်ယောင်ခံလိုက်ခဲ့ရာ ၎င်းယာဉ်မှာ ရန်ကုန်-မန္တလေး ကားလမ်းဟောင်းနှင့် ကနောင်မင်းသားကြီး လမ်းဆုံ မီးပွိုင့်အရောက် မီးနီ၍ ရပ်တန့်နေစဉ် တာဆီး၍ ရှာဖွေစစ်ဆေးခဲ့ခြင်းဟု သိရသည်။
ထိုသို့ရှာဖွေစစ်ဆေးခဲ့ရာ ငွေစက္ကူအတုများနှင့် အတူ ရန်ကုန်မြို့တွင် နေထိုင်ကြသူများဖြစ်သည့် ဝေယံမင်းခင် (ခ) ဝေယံ (၃၀နှစ်)၊ ဇင်မင်းထွန်း (၁၈ နှစ်)၊ ဇော်မင်းနိုင် (ခ) ရဲလေး (၄၄နှစ်)၊ ကျော်ခိုင် (၄၄နှစ်)၊ မောင်ကြီး (ခ) မြခိုင် (၅၁ နှစ်) တို့ကို ဖမ်းဆီးရမိခဲ့ခြင်းဟု မှုခင်းမှတ်တမ်းများအရသိရသည်။
ဖမ်းဆီးရမိသူများနှင့် အတူ မှတ်ပုံတင်ကတ်များ၊ ဖုန်းများ၊ အဝေးပြေးကားလက်မှတ်များ၊ ကာလာပရင်တာ ဝယ်ယူထားသည့် ဘောင်ချာ၊ ယာယီနယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ်၊ တသောင်းကျပ်တန် အစစ် (၁၅) ရွက်၊ တသောင်းကျပ်တန် ငွေစက္ကူအတု (၃၉၆၈) ရွက်တို့ကို သိမ်းဆည်းရမိခဲ့သည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ ငွေစက္ကူအတုများနှင့် အတူ ဖမ်းဆီးရမိခဲ့သူများကိုမန္တလေးတိုင်း ဒေသကြီးရဲတပ်ဖွဲ့၊ မှုခင်းအကူဌာနစိတ်မှ ရဲအုပ်ထွန်းထွန်းက တရားလိုပြုလုပ်၍ ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုနယ်မြေရဲစခန်းတွင် တိုင်တန်းခဲ့ရာ ရဲစခန်းက (ပ)၅၅၁/၂၀၁၉၊ ၂၀၁၃ခုနှစ်၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥပဒေပုဒ်မ-၁၀၆/၁၀၇အရ အမှုဖွင့် ဖမ်းဆီးထားပြီး တရားစွဲတင်နိုင်ရေးဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
တရုတ်၊ အိန္ဒိယနိုင်ငံများနှင့် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းအတွက် လမ်းပန်းဆက်သွယ်ရေးအရ အချက်အခြာကျသည့် မန္တလေးမြို့တွင် ယခုအခါ တရားမဝင်ကုန်စည်ကူးသန်ူမှုများ၊ လူကုန်ကူးမှုများ၊ မူးယစ်ဆေးဝါးများ၊ လက်နက်နှင့် ဖောက်ခွဲရေးပစ္စည်းများ မကြာခဏ ဖမ်းဆီးရမိလျက်ရှိသည်။
You may also like these stories:
မန္တလေး စီးပွားရေး ဖိုရမ် ၂၀၂၀ ကျင်းပမည်
မန္တလေးကျုံးအတွင်း လူတဦး ခုန်ချ သေဆုံး