ဧရာဝတီ တိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့၊ ဟွာမန်အထည်ချုပ်စက်ရုံ အလုပ်ရှင်၊ အလုပ်သမားပြဿနာအား ကိုင်တွယ် ဖြေရှင်းနိုင်ခြင်း မရှိသည့် ဧရာဝတီတိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်း အား အရင်းအမြစ်ဌာန ဝန်ကြီး ဒေါက်တာစိုးဝင်းနှင့် ဧရာဝတီတိုင်း အလုပ်သမားဌာနမှ တာဝန်ရှိသူများ နှုတ်ထွက်ပေးရန် အလုပ်သမား ၁၀၀၀ ကျော်က ဒီဇင်ဘာ ၂၂ ရက်က ပုသိမ်မြို့၌ ဆန္ဒဖော်ထုတ်တောင်းဆိုခဲ့ကြောင်း သတင်းရရှိသည်။
ဟွာမန်အထည်ချုပ် လုပ်သားများသမဂ္ဂ ဥက္ကဋ္ဌ မခိုင်နွေဦးမွန် က “အလုပ်သမား အခွင့်အရေးတွေ ချိုးဖောက် ခံနေရလို့ အကျိုးစီးပွားဆိုင်ရာ အချက် ၈ ချက်ကို တောင်းဆိုရာမှာ ခုံသမာဓိအဖွဲ့က အလုပ်ရှင် ဖြစ်စေချင်တဲ့ အတိုင်း ဆုံးဖြတ် ပေးတယ်။ အဲဒါကို မကျေနပ်လို့ ဥပဒေနဲ့အညီ သပိတ်မှောက်တယ်။ အခုဆိုရင် ဟွာမန် အလုပ်သမား သပိတ်က ၁၄ ရက်ရှိပြီ။ ဒီလောက်အချိန်တွေ ကြာတဲ့အထိ အလုပ်သမားပြဿနာကို ဖြေရှင်း မပေးနိုင်တဲ့အတွက် ဝန်ကြီးဒေါက်တာ စိုးဝင်းနဲ့ အလုပ်သမားဌာနက တာဝန်ရှိသူတွေ နှုတ်ထွက်ပေးဖို့ တောင်းဆိုတာ ဖြစ်ပါတယ်” ဟု ဧရာဝတီကို ပြောသည်။
ထိုဆန္ဒပြပွဲတွင် လုပ်ငန်းခွင် အခြေအနေများ ပိုမိုတိုးတက် ကောင်းမွန်စေရေး၊ ဖျန်ဖြေရေး ယန္တရား အားကောင်း လာစေရေး၊ အလုပ်သမား သမဂ္ဂများ ပိုမို အားကောင်းလာစေရေး၊ အလုပ်သမား ဥပဒေများအား မလိုက်နာ သော အလုပ်ရုံများကို ထိရောက်စွာ အရေးယူပေးရေးနှင့် အလုပ်သမား ပြဿနာများအား ထိရောက်စွာ ဖြေရှင်း ပေးနိုင်ခြင်း မရှိသည့် အလုပ်သမားဌာန ၃ ခုမှ တာဝန်ရှိသူများနှင့် ဝန်ကြီးဒေါက်တာ စိုးဝင်းတို့ ရာထူးမှ နှုတ်ထွက်ပေးရေး စသည့်တောင်းဆိုချက် ၅ ချက်ကို ပုသိမ်မြို့အနှံ့လှည့်လည်၍ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
ဟွာမန်အထည်ချုပ် လုပ်သားသမဂ္ဂ ဦးဆောင်သူ မစုပုံချစ် က “သပိတ်က ရက်ကြာလာပြီဆိုတော့ အခက်အခဲတွေ အမျိုးမျိုး ကြုံနေရတယ်။ တချို့ဆို ဝမ်းပျက်ဝမ်းလျောတာတွေ၊ ခေါင်းမူး ခေါင်းကိုက်တာတွေ၊ သမံတလင်းပေါ် အိပ်ရတာ ရက်ကြာလာတော့ ကျန်းမာရေး ထိခိုက် လာတာတွေ ဖြစ်နေ တယ်။ ဒါကြောင့် ဒီပြဿနာကို အမြန်ဆုံး ပြေလည်စေချင်တယ်။ ကျမတို့ကတော့ တောင်းဆိုချက်တွေ မရမခြင်း သပိတ်ကို ဆက်လက် ဆင်နွှဲသွားမှာ ဖြစ်တယ်” ဟု ပြောသည်။
ကန်ကြီးထောင့်မြို့၊ ဟွာမန်အထည်ချုပ်စက်ရုံ အလုပ်ရှင်၊ အလုပ်သမားပြဿနာနှင့် ပတ်သက်၍ ဧရာဝတီတိုင်း
ခုံသမာဓိအဖွဲ့၏ ဆုံးဖြတ်ချက်ကို မကျေနပ်သဖြင့် ဟွာမန်အထည်ချုပ် စက်ရုံလုပ်သား သမဂ္ဂက ဦးဆောင်၍ အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေအရ ဒီဇင်ဘာလ ၉ ရက်နေ့မှ စတင်ကာ စက်ရုံတွင် အလုပ်မဆင်းဘဲ တရားဝင် သပိတ်မှောက်မှုများ ဆောင်ရွက်ခဲ့သည်။
ထိုစက်ရုံလုပ်သား ၆၀၀ ကျော်က အလုပ်မဆင်းဘဲ စက်ရုံရှေ့ လမ်းဘေး ဝဲယာတွင် ယာယီတဲများထိုး၍ ထိုင် သပိတ် ဆင်နွှဲကာ သပိတ်မှောက်ခဲ့ကာ အစိုးရက အလုပ်ရှင် တလှည့်၊ အလုပ်သမားတလှည့် ခေါ်ယူတွေ့ဆုံ ညှိနှိုင်းခဲ့သော်လည်း အချိန် ၁၄ ရက်ကြာသည်အထိ ပြဿနာများ ပြေလည်ခြင်း မရှိသေးပါ။
ထို့အပြင် ဒီဇင်ဘာ ၂၀ ရက်နေ့ကလည်း စက်ရုံ ပိုင်ရှင်အား အစိုးရ က ဆင့်ခေါ်ကာ ၃ ပွင့်ဆိုင် တွေ့ဆုံရန် ပြင်ဆင်ခဲ့သော်လည်း အလုပ်ရှင်က မလာခဲ့ကြောင်း၊ ထိုသို့သော မရေမရာ အနေအထားများကြောင့် ဧရာဝတီတိုင်း ခုံသမာဓိအဖွဲ့ ဥက္ကဋ္ဌ ၊ ဝန်ကြီး ဒေါက်တာ စိုးဝင်းနှင့် ဧရာဝတီတိုင်း အလုပ်သမားဌာန တာဝန်ရှိသူများ နှုတ်ထွက်ပေးရန် တောင်းဆိုခြင်း ဖြစ်ကြောင်း သိရသည်။
ဆန္ဒပြပွဲသို့ ကန်ကြီးထောင့်မြို၊ ဟွာမန်အထည်ချုပ်စက်ရုံကို အလုပ်မဆင်းဘဲ သပိတ်မှောက်နေသည့် အလုပ်သမား ၅၀၀ ကျော်နှင့်အတူ ပုသိမ်မြို့ရှိ အထည်ချုပ်စက်ရုံ ၃ ခုမှ အလုပ်သမားများ ပူးပေါင်းပါဝင်ခဲ့ ကြောင်း သိရသည်။
ဆန္ဒပြခံရသူ ဝန်ကြီး ဒေါက်တာ စိုးဝင်းမှာ ပုသိမ်မြို့နယ်၊ အမှတ် ၁ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်ဖြစ်ပြီး ပြီးခဲ့သည့် စက်တင်ဘာလက စတင်၍ ဧရာဝတီတိုင်း အစိုးရအဖွဲ့တွင် အသစ်တိုးချဲ့ ဖွဲ့စည်းခဲ့သည့် လူဝင်မှု ကြီးကြပ် ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဌာန ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ခြင်း ဖြစ်သည်။ ဝန်ကြီး အဖြစ် တာဝန် ထမ်းဆောင် ပြီးနောက် ၃ လအကြာတွင် ရာထူးမှ နှုတ်ထွက်ပေးရန် အလုပ်သမားများ၏ တောင်းဆိုမှုများ ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။
လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဌာနဝန်ကြီး ဒေါက်တာစိုးဝင်းက “ကျနော့်အနေနဲ့ တရားဥပဒေ အတိုင်း မျှမျှတတနဲ့ သမာသမတ် ဖြစ်အောင် ကြိုးစား ဖြေရှင်းနေပါတယ်။ ဆွေးနွေး ညှိနှိုင်းတယ်ဆိုတာ အောင်မြင်တာလည်း ရှိသလို၊ မအောင်မြင်တာလည်း ရှိတာပေါ့။ အခုက သူတို့(သမိတ်မှောက် အလုပ်သမားတွေ) လိုချင်တဲ့အတိုင်း ရာနှုန်းပြည့် မအောင်မြင်တော့ သူတို့ အားမရဘူး။ ဒီအပေါ်မှာ အခုလို ဆန္ဒ ဖော်ထုတ်တာကို ကျနော့်အနေနဲ့ နားလည်ပါတယ်။ ခါတိုင်းထက် ပိုအားထည့်ပြီး ဒီပြဿနာ ပြေလည်ဖို့ ကြိုးစား သွားပါမယ်” ဟု ဧရာဝတီသို့ ပြောသည်။
ကန်ကြီးထောင့်မြို့ရှိ ဟွာမန် အထည်ချုပ်စက်ရုံတွင် အလုပ်သမားများ တနင်္ဂနွေနေ့ အလုပ်မဆင်းလျှင် ဒဏ်ငွေ ၁ သောင်းကျပ် ပေးဆောင်ရခြင်း၊ အလုပ်ရှင် အလုပ်သမား သဘောတူစာချုပ် ချုပ်ဆိုခြင်းမရှိဘဲ အလုပ် ခိုင်းစေခြင်း၊ ခွင့်ရက်နှင့် အလုပ် ပိတ်ရက်များ မရရှိခြင်း အချိန်ပိုများကို အလုပ်သမားဥပဒေအရ သတ်မှတ် ထားသည့်နာရီထက် ပိုမိုခေါ်ယူခြင်း၊ သန့်ရှင်းသည့် သောက်သုံးရေ စီစဉ်မပေးခြင်းများ ရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် အစိုးရ တရားဝင် ရုံးပိတ်ရက်များ တွင် အလုပ်ဆင်းခိုင်းခြင်း၊ ခွင့်တိုင်၍ အလုပ်ပျက်ကွက်သည်ကို ရက်မှန် ကြေးများ ဖြတ်တောက်ခြင်း စသည့်အလုပ်သမားအခွင့်အရေးများ ချိုးဖောက်ခံနေရသည့်အတွက် အလုပ်သမားများက ပြီးခဲ့သည့် အောက်တိုဘာလ ၇ ရက်နေ့တွင် အလုပ်သမားများ စုပေါင်းတောင်းဆိုခဲ့ကြသဖြင့် ကန်ကြီးထောင့်မြို့နယ် ညှိုနှိုင်းဖျန်ဖြေရေးအဖွဲ့က ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
ညှိနှိုင်းမှုအရ စက်ရုံပိုင်ရှင်များဘက်မှ အလုပ်သမားများကို ဥပဒေအရ မဖြစ်မနေ ပေးအပ်ရမည့် အခြေခံအခွင့် အရေးဆိုင်ရာ တောင်းဆိုချက် ၄၉ ချက်ကို အကောင်အထည် ဖော်ပေးမည်ဖြစ်ကြောင်း သဘောတူညီခဲ့သဖြင့် ကန်ကြီးထောင့်မြို့နယ်၊ အုပ်ချုပ်ရေးရုံးတွင် အခွင့်အရေးဆိုင်ရာ အချက်ပေါင်း ၄၉ ချက်ကို ဟွာမန်အထည်ချုပ် စက်ရုံပိုင်ရှင်နှင့် အလုပ်သမားများအကြား သဘောတူစာချုပ် ချုပ်ဆိုခဲ့သည်။
အဆိုပါ စာချုပ်ချုပ်ဆိုပြီးနောက် ဆက်လက်ညှိနှိုင်းရန် ကျန်နေသည့် အလုပ်သမား အကျိုးစီးပွားဆိုင်ရာ အချက် ၈ ချက်ကို စက်ရုံဘက်မှ သဘောမတူ ငြင်းဆန်ခဲ့သည့်အတွက် စက်ရုံအလုပ်သမားများမှ ဧရာဝတီတိုင်း အစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဌာနဝန်ကြီး ဒေါက်တာစိုးဝင်း ဦးဆောင်သည့် ဧရာဝတီတိုင်းအလုပ်သမား ခုံသမာဓိအဖွဲ့သို့ ဆက်လက် တိုင်ကြားခဲ့ကြောင်း သိရသည်။
အလုပ်ရှင်နှင့် အလုပ်သမားတို့၏ တင်ပြချက်များကို ကြားနာပြီးနောက် နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ခုံသမာဓိအဖွဲ့မှ ဆုံးဖြတ်ချက် ၈ ချက် ချမှတ်ခဲ့ရာ အလုပ်ရှင်ဘက်မှ အလုပ်သမားကြိုပို့ကား စီစဉ်မပေးခြင်း၊ ကျွမ်းကျင် အလုပ်သမား များကို အဆင့် A၊ B၊ C ခွဲခြားကာ ကျွမ်းကျင်မှု အဆင့်အလိုက် ခံစားခွင့်ပေးအပ်မှု မရှိခြင်း၊ အလုပ်သမားများမှ ရက်မှန် ကြေး တလလျှင် ၃ သောင်းကျပ် တောင်းခံသည်ကို အလုပ်ရှင်ဘက်မှ အချိန် ၉ လကြာမြင့်မှ ၅ ထောင်ကျပ်သာ တိုးပေး မည်ဟု ပြောဆိုချက်များကို ခုံသမာဓိအဖွဲ့က ထည့်သွင်း ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
ခုံသမာဓိအဖွဲ့၏ ဆုံးဖြတ်ချက်ကို မကျေနပ်သည့်အတွက် အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေဥပဒေ ပုဒ်မ ၂၈ အရ စက်ရုံအလုပ်သမား ၂၀၀ ကျော်က ဧရာဝတီတိုင်းအစိုးရနှင့် ကန်ကြီးထောင့်မြို့နယ် ဌာနဆိုင်ရာ များထံ တရားဝင် စာတင်၍ ဒီဇင်ဘာ ၉ ရက် နေ့တွင် စက်ရုံဝန်းအတွင်းရှိ ထမင်းစားဆောင်တွင် စတင် သပိတ်မှောက်ခဲ့သည်။ ယင်းဥပဒေ ပုဒ်မ ၂၈ တွင် ခုံသမာဓိအဖွဲ့၏ဆုံးဖြတ်ချက်ကို မကျေနပ်ပါက အလုပ်ရှင် ဘက်မှဖြစ်စေ၊ အလုပ်သမားဘက်မှဖြစ်စေ ၇ ရက်အတွင်း သပိတ်မှောက်ခွင့် ရှိကြောင်း ပြဌာန်းထားသည်။
ဒီဇင်ဘာ ၁၀ ရက်နေ့တွင် ဟွာမန်အထည်ချုပ်စက်ရုံ တာဝန်ရှိသူများက စက်ရုံဝန်းအတွင်း သပိတ်မှောက်ခွင့် မပေးဘဲ စက်ရုံဝန်းတံခါးကို ပိတ်ထားသည့်အတွက် အလုပ်သမားများမှာ စက်ရုံ၏ အဓိက ဝင်ပေါက်တံခါး ရှေ့တွင် ထိုင်သပိတ် ပြုလုပ်ကာ အလုပ်သမားများ အိမ်မပြန်ဘဲ စက်ရုံရှေ့တွင် အိပ်စက်၍ သပိတ်မှောက် ခဲ့ကြသည်။
ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် သပိတ်မှောက် အလုပ်သမားဦးရေ ၆၀၀ ကျော်အထိ တိုးမြင့်လာခဲ့ပြီး စက်ရုံရှေ့ လမ်းဘေး တွင် ယာယီတဲများ ထိုး၍ အလုပ်မဆင်းဘဲ သပိတ်မှောက်ခဲ့ကြသည်။ ဟွာမန်စက်ရုံတွင် အလုပ်သမား ၁၀၀၀ ခန့် အလုပ် လုပ်ကိုင်နေသည့်အတွက် စက်ရုံ ၁ ခုလုံးရှိ အလုပ်သမား ၆၀ ရာခိုင်နှုန်း ခန့်က အလုပ်မဆင်းဘဲ သပိတ်မှောက်နေ့ခြင်း ဖြစ်သည်။
ဟွာမန်အလုပ်သမား သပိတ် ပိုမို ကြီးထွားလာသည့်အတွက် ဧရာဝတီတိုင်း အစိုးရအဖွဲ့က စက်ရုံတာဝန်ရှိ သူများကို ခေါ်ယူ၍ ညှိနှိုင်းခဲ့ရာ အဝေးသင် တက္ကသိုလ်တက်ရောက်မည့် ကျောင်းသားကျောင်းသူများကို ခွင့် ၄၅ ရက် ပေးအပ်ရန်၊ ရက်မှန်ကြေးကို ဇန်နဝါရီလမှ စတင်၍ ၅၀၀၀ ကျပ် တိုးမြှင့်ပေးအပ်ရန်၊ ခွင့်တိုင်ကြားပါက ရက်မှန်ကြေး ကို မဖြတ် တောက်ရန် စသည့်အချက်များ အပါအဝင် အချက် ၄ ချက်ကို အလုပ်ရှင်ဘက်မှ လိုက်လျောပေးခဲ့သည်။
သို့သော် လုပ်ငန်းကျွမ်းကျင်မှု အလိုက် Grade A၊ B၊ C အဆင့်သတ်မှတ်၍ လစာ ခံစားခွင့်ပေးရန်၊ မြန်မာ နှစ်သစ်ကူး သင်္ကြန်ကာလတွင် အပိုဆုကြေး ပေးအပ်ရန်၊ စက်ရုံသို့ အသွားအပြန် ဖယ်ရီကား စီစဉ်ပေးရန်နှင့် အလုပ်သမား သမဂ္ဂအဖွဲ့ဝင်များကို အလုပ်ခွင်အတွင်း ကြမ်းတမ်း ရိုင်းစိုင်းစွာ ဆက်ဆံသည့် စက်ရုံ၏ လူ့စွမ်းအား အရင်းအမြစ် – HR မန်နေဂျာအား အလုပ်မှ ထုတ်ပယ်ပေးရန် စသည့် အချက် ၄ ချက်ကို ဟွာမန်အထည်ချုပ် စက်ရုံဘက်မှ မလိုက်လျော သည့် အတွက် သပိတ်မှောက်မှုများ ဆက်လက် ဖြစ်ပွားခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ၂၀၁၉ ခုနှစ်အတွင်း အထည်ချုပ်စက်ရုံများကို အလုပ်သမားများ အလုပ်မဆင်းဘဲ ဆန္ဒဖော်ထုတ် တောင်းဆိုမှုများ ရှိခဲ့သော်လည်း စက်ရုံကို ရက်ရှည်သပိတ်မှောက်မှု မရှိခဲ့ပေ။ ကန်ကြီးထောင့်မြို့ ဟွာမန် အထည်ချုပ်စက်ရုံ အုလပ်သမားသပိတ်မှာ ၁၉၈၈ ခုနှစ်နောက်ပိုင်း နှစ်ပေါင်း ၃၀ အတွင်း ဧရာဝတီတိုင်း၌ ပထမဆုံး ပေါ်ပေါက်ခဲ့သည့် အလုပ်သမားသပိတ်ဖြစ်သည်။
အလုပ်သမားများ အနေဖြင့် သပိတ်မှောက်ရာတွင် စက်ရုံအတွင်း၌ သပိတ်မှောက်ခြင်း မလုပ်ဘဲ စက်ရုံရှေ့ လမ်းမ အများပြည်သူ သက်ဆိုင်သောနေရာတွင် ခွင့်ပြုထားခြင်းမရှိ၊ ခွင့်ပြုချက်တင်ထားခြင်းလည်း မရှိဘဲ လူစုလူဝေးဖြင့် သပိတ်မှောက်ခြင်းသည် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဥပဒေကို ချိုးဖောက် နေခြင်းဖြစ်ကြောင်း ဧရာဝတီတိုင်းအစိုးရက ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် စာထုတ်ပြန်၍ ကန်ကြီးထောင့် မြို့နယ်၊ အုပ်ချုပ်ရေးဌာနမှတဆင့် အလုပ်သမားသပိတ် တာဝန်ရှိသူများကို လာရောက် သတိပေးခဲ့သည်။
အဆိုပါ ဟွာမန်အလုပ်သမား သပိတ်မှာ ဥပဒေနှင့် ညီညွတ်မှု မရှိသည့်အတွက် အေးချမ်းစွာ လူစုခွဲရန်နှင့် လိုက်နာခြင်း မရှိပါက တည်ဆဲဥပဒေများ နှင့်အညီ အင်အားသုံး၍ လူစုခွဲဖယ်ရှားခြင်း၊ တရားစွဲဆို ပြစ်ဒဏ်ချမှတ်ခြင်းများ မလွဲ မရှောင်သာ ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း တိုင်အစိုးရအဖွဲ့၏ သတိပေးစာတွင် ရေးသားထားသည်။
ဧရာဝတီတိုင်းအစိုးရက သပိတ်မှောက်အလုပ်သမားများကို သတိပေးထားသော်လည်း အလုပ်သမားများ ဘက်မှ အစိုးရ၏သတိပေးချက်ကို လက်မခံဘဲ ပယ်ချခဲ့ပြီး စက်ရုံရှေ့လမ်းဘေးဝဲယာများတွင် ယာယီတဲများ ထိုး၍ စက်ရုံကို အလုပ်မဆင်းဘဲ သပိတ်မှောက်မှုများ ဆက်လက်ပြုလုပ်နေဆဲဖြစ်သည်။
ဆက်စပ်ဖတ်ရှုရန်
ဟွာမန်အထည်ချုပ်စက်ရုံ အလုပ်သမား သပိတ် ဘယ်လိုအဆုံးသတ်မလဲ
ကန်ကြီးထောင့်မြို့ ဟွာမန်အထည်ချုပ် စက်ရုံအလုပ်သမားသပိတ် အရှိန်မြင့်လာ
ဧရာဝတီတိုင်းက ရေလုပ်သားငယ်တို့ရဲ့ ဒုက္ခ
လေးမျက်နှာမြို့နယ် ငါးလုပ်ငန်းဌာနကို ရေလုပ်သားများ ဆန္ဒဖော်ထုတ်