စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် ကျန်းမာေ ရး အခြေအနေကြောင့် လုပ်ငန်းတာဝန်များမှ ယာယီခွင့်ယူထားကြောင်း သိရသည်။
နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့တွင် ဒီဇင်ဘာ ၃ ရက်နေ့ မှ ၄ ရက်အထိ ကျင်းပသော ကုန်စည်များဆိုင်ရာ ဘုံရန်ပုံငွေအဖွဲ့ နှစ် ၃၀ ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနား နှင့် အဆိုပါ အဖွဲ့အစည်း၏ ၃၁ ကြိမ်မြောက် အုပ်ချုပ်မှု ကောင်စီအစည်းအဝေး တက်ရောက်ပြီး အပြန်ခရီးစဉ်တွင် သည်းခြေ ကျောက်တည်သည့် ဝေဒနာ ခံစားရခြင်းဖြစ်ကြောင်း သိရသည်။
စီး/ကူးဝန်ကြီးဌာန၏ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင် က “ခရီးစဉ်အပြန်မှာ ဖြစ်တာပါ။ စင်ကာပူမှာ ဆေးကုသမှုခံယူပြီး ၂၀ ရက်နေ့မှာ ရန်ကုန်မှာ ဆေးကုသမှု ထပ်ခံယူပြီး မနက်ဖြန်ဆိုရင်တော့ ဆေးရုံဆင်းပြီး နေပြည်တော် ပြန်ရောက်မှာပါ။ သိပ်အကြာကြီးတော့ ခွင့်မယူပါဘူး” ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိအချိန်တွင် ၎င်း၏ ကျန်းမာရေးအခြေအနေများကို နိုင်ငံတော်သမ္မတရုံးသို့ တင်ပြထားပြီး အလုပ်တာ ဝန်များမှ ယာယီခွင့်ယူထားပြီး မည်သည့်အချိန်တွင် လုပ်ငန်းတာဝန်များ ပြန်လည်ထမ်းဆောင်နိုင်မည်ကို သေချာမသိရသေးဟုဆိုသည်။
စီး/ကူး ဝန်ကြီး ဒေါက်တာ သန်းမြင့် သည် လက်ရှိအချိန်တွင် အသက်အရွယ် ၇၆ နှစ် ရှိနေပြီဖြစ်သည်။
မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့် အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) ၏ ဒုတိယ ဥက္ကဋ္ဌ (၂) ဒေါက်တာ ဇော်မြင့်မောင် သည်လည်း ကျန်းမာရေးအခြေအနေကြောင့် ၎င်း၏ အလုပ်တာဝန်များမှ ယာယီအနားယူထားလျက်ရှိသည်။
ပြီးခဲ့သည့် ဇူလိုင်လအတွင်းတွင်လည်း လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းခိုင် လည်း ကျန်းမာရေး အခြေအနေကြောင့် ခွင့်ယူကာ အနားယူခဲ့ရပြီး လက်ရှိအချိန်တွင်တော့ လုပ်ငန်းတာဝန်များ ပြန်လည်ထမ်းဆောင်နေပြီ ဖြစ်သည်။
You may also like these stories:
အခြေခံ စပါးဈေး အောက်တိုဘာလ မကုန်မီ ကြေညာမည်ဟု စီး/ကူး ဒုဝန်ကြီး ဆို
ဝန်ကြီးဌာန ၂ ခုကို ပေါင်း၍ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဟု ပြောင်းလဲ