ရခိုင်ပြည်နယ် မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့၌ အသတ်ခံရသည့် လယ်သမား၂ ဦး၏ အလောင်းကို တွေ့ရှိခဲ့ကြောင်း သတင်း ရရှိသည်။
သတ်ဖြတ်ခံရသူများမှာ ကမ်းထောင်းကြီးမြို့ ရွာသစ်ရပ်ကွက်နေ အသက် ၆၃ နှစ်အရွယ် ဦးဦးနီသန်းနှင့် အသက် ၄၂ နှစ် အရွယ် ချင်းတိုင်းရင်းသား ဦးကင်းချေတို့ ဖြစ်ကြကာ ဒီဇင်ဘာလ ၂၂ ရက်က လယ်တောထဲတွင် သတ်ဖြတ်၍ မြေမြှုပ် ထားသည်ကို တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း မိသားစုဝင်များက ဆိုသည်။
အသတ်ခံရသည့် ဦးဦးနီသန်း၏ သားမက်ဖြစ်သူ ကိုသောင်းလှရွှေ က “ကျနော် ယောက္ခမ ဦးဦးနီသန်းနဲ့ ဦးကင်းချေတို့က လယ်တောထဲမှာ စပါးသိမ်းနေကြတာ။ ၁၈ ရက် ညနေပိုင်းကတည်းက သူတို့ကို ဖုန်းဆက်လို့ မရတော့ဘူး။ စစ်သားတွေ က အဲဒီနေရာမှာ ရှိနေတော့ သွားလည်း မရှာရဲကြဘူး။ မနေ့ကမှ သက်ဆိုင်ရာတွေကို သတင်းပို့ပြီး သွားကြည့်တဲ့အခါ လယ်တောနဲ့ ပေ ၃၀၀ လောက် အကွာမှာ အလောင်းတွေ မြှုပ်ထားတာကို တွေ့တာပါ” ဟု ဧရာဝတီသို့ ပြောသည်။
၎င်းတို့နှစ်ဦး စပါးရိတ်နေသည့် ရေထိုးတောင် လယ်ကွင်းသည် ကမ်းထောင်းကြီးမြို့နှင့် ၃ မိုင်ခန့် ကွာဝေးပြီး ဒီဇင်ဘာလ ၁၈ ရက်က အဆိုပါ လယ်တောအနီး တောစပ်၌ တပ်မတော်စစ်ကြောင်း ဖြတ်သွားစဉ် ပေါက်ကွဲသံတခုကို ကြားရပြီး နောက် ၎င်းတို့ နှစ်ဦးကို ဆက်သွယ်၍ မရတော့ကြောင်းလည်း မိသားစုဝင်များက ဆိုသည်။
ကိုသောင်းလှရွှေ က “အဲဒီ လယ်တောအနီးမှာ ပေါက်ကွဲသံကြားကတည်းက ကျနော်တို့က စိုးရိမ်ပြီး သူတို့ ၂ ယောက်ကို ဖုန်းဆက်သွယ်တယ်။ မရဘူး။ သွားကြည့်မယ် လုပ်တော့လည်း အဲဒီအနီးမှာ စစ်သားတွေကို လှမ်းမြင်ရတဲ့အတွက် မသွား ရဲကြဘူး။ နောက်သွားကြည့်မယ် လုပ်ပြန်တယ်။ စစ်သားတွေ ရှိသေးတယ်။ အဲဒါနဲ့ မနေ့ကမှ သွားကြည့်ဖြစ်တာ။ အဲဒီ နေရာမှာ စစ်သားတွေပဲ ရှိတော့ ကျနော်တို့ကတော့ သူတို့ လုပ်တာလို့ပဲ ယူဆတယ်” ဟု ပြောသည်။
အဆိုပါ လယ်တောအနီးတွင် နေထိုင်ခဲ့သော တပ်မတော်သားများမှာ တပ်မ ၆၆ မှဖြစ်ပြီး ဒီဇင်ဘာလ ၁၈ ရက်မှ ၂၁ ရက်အထိ ယင်းလယ်တောအနီး နေထိုင်ခဲ့ကြောင်းလည်း ဒေသခံများနှင့် မိသားစုဝင်များက ပြောသည်။
ထို့ပြင် ယမန်နေ့က အဆိုပါ တပ်မတော် စစ်ကြောင်းမှာ ကမ်းထောင်းကြီးမြို့မ ရဲစခန်းသို့ ရောက်ရှိလာခဲ့ကြောင်း၊ မိသား စုဝင်များက ၎င်းတို့ ၂ ဦး ပျောက်ဆုံးနေမှုအပေါ် ရှာဖွေရန် မြို့နယ်အုပ်ချုပ်ရေးနှင့် ရဲစခန်းမှူးတို့အား သွားရောက်အကူ အညီ တောင်းခံခဲ့ကြောင်း၊ ကမ်းထောင်းကြီးမြို့မ စခန်းမှူးက အဆိုပါ စစ်ကြောင်း အရာရှိထံ ဆက်လက် သတင်းပို့ကာ ခွင့်ပြုချက်ရမှ ထိုနေရာသို့ သွားရောက် ရှာဖွေခဲ့ခြင်း ဖြစ်ကြောင်း သေဆုံးသူ၏ မိသားစုဝင်များက ဆိုသည်။
ကမ်းထောင်းကြီး ရဲစခန်းမှ ရဲအုပ် ထွန်းထွန်းဝေက လယ်သမား ၂ ဦး သေဆုံးသည့် ဖြစ်စဉ်မှာ မှန်ကန်ကြောင်း အတည်ပြု သော်လည်း ဖြစ်စဉ်ပွားသည့် လယ်တောမှာ အမ်းမြို့နယ် အပိုင်ဖြစ်သည့်အတွက် အသေးစိတ် အချက်အလက်ကို မသိရှိ ကြောင်း ဧရာဝတီသို့ ပြောသည်။
မြေပုံမဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ရွာသားများ၏ သတင်းပို့ချက်အရ အဆိုပါ လယ် သမား ၂ ဦး သတ်ဖြတ်ခံရမှုကို သိရှိရပြီး မည်သည့် အဖွဲ့လုပ်သည်ကိုမူ တိတိကျကျ မပြောနိုင်ကြောင်း ဧရာဝတီသို့ ပြော ဆိုသည်။
ဦးဖေသန်း က “မိသားစုဝင်တွေကတော့ အဲဒီအနီးမှာ တပ်မတော်သားတွေကို တွေ့ရတယ်လို့တော့ ပြောတယ်။ ကျနော့် အထင်ကတော့ အဖွဲ့အစည်း တခုက မသင်္ကာမှုနဲ့ သတ်ဖြတ်တယ်လို့ပဲ ထင်တယ်” ဟု ဆိုသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ဧရာဝတီမှ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး ဝင်းဇော်ဦး အား ဆက်သွယ်ခဲ့ရာ အလုပ်မအားသေးကြောင်းသာ ပြန်လည် ဖြေကြားသည်။
တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က “တပ်မတော်အနေနဲ့ အဲလိုလုပ်စရာ အကြောင်းမရှိပါဘူး။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ အသေးစိတ်ကို သတင်းထုတ်ပြန်ပေးဖို့ရှိပါတယ်။ ကမ်းကြီးထောင်းမှာ ဒီလိုအရပ်သားတွေ အသတ်ခံရတာ အခု ပထမဆုံး အကြိမ် မဟုတ်ပါဘူး။ ဘယ်သူ့လက်ချက်လဲဆိုတာ စဉ်းစားကြည့်ရင် သိနိုင်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ယမန်နေ့က အဆိုပါ လယ်သမား ၂ ဦး၏ အလောင်းကို မိသားစုဝင်များက ပြန်လည် ဖော်ယူခဲ့ပြီး ကမ်းထောင်းကြီး ဆေးရုံ သို့ ပို့ဆောင်ခဲ့ကြောင်း၊ ဦးဦးနီသန်း၏ ရင်ဘတ်နို့အုံတွင် ဓားဒဏ်ရာများ တွေ့ရှိရသလို ဦးကင်းချေ၏ လည်ပင်းတွင်လည်း လှီးဖြတ်ထားသည့် ဒဏ်ရာများ တွေ့ရှိရကြောင်း မိသားစုဝင်များက ပြောသည်။
သေဆုံးသူ၂ ဦး၏ ရုပ်အလောင်းကို မနက်ဖြန်၌ သဂြိုဟ်မည် ဖြစ်ကြောင်းလည်း သိရသည်။
ဒီဇင်ဘာလ ၁၈ ရက်ကလည်း ကမ်းထောင်းကြီးမြို့အလယ်ပိုင်း ရပ်ကွက်မှ အသက် ၄၂ နှစ် အရွယ် ဒေါ်ခင်မာရီမှာ နေအိမ်ရှေ့တွင် ရပ်နေစဉ် ဦးခေါင်းပေါ် ကျည်ဆန်ကျရောက် ထိမှန်ခဲ့သည့်အတွက် ပွဲချင်းပြီး သေဆုံးခဲ့သည်။
တပ်မတော်နှင့် ရက္ခိုင်စစ်တပ် (AA) တို့သည်၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းမှစ၍ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေမှုမှာ ၁ နှစ်ကျော် ကြာမြင့်လာပြီ ဖြစ်ကာ နှစ်ဖက်ထိခိုက်ကျဆုံးမှုလည်း အများဆုံးလည်း ဖြစ်သလို အရပ်သားများ ထိခိုက် သေဆုံးမှု ပိုမိုများပြားလာကြောင်း သိရသည်။
ဧရာဝတီ၏ စာရင်းပြုစုချက်အရ ယခုလ ဒီဇင်ဘာလ ၁ ရက်မှ ၂၃ ရက်အထိ လက်နက်ကြီး၊ လက်နက်ငယ် ကျရောက် ပေါက်ကွဲမှု အပါအဝင် ပစ်ခတ်ခံရမှုကြောင့် အရပ်သား သေဆုံးသူ ၁၄ ဦး ရှိပြီး ထိခိုက် ဒဏ်ရာရရှိသူ ၂၁ ဦးထိ ရှိလာ သည်။
You may also like these stories:
ကမ်းထောင်းကြီးတွင် ခေါင်းပြတ် အလောင်း၂ လောင်း လူမြင်ကွင်း၌ ချထားမှုဖြစ်ပွား
ကျယ်ပြန့် လာနေသော ရခိုင်စစ်မီး