လာဘ်စားမှုဖြင့် တိုင်ကြားခံထားရသည့် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ သံရုံး အလုပ်သမား သံအရာရှိဟောင်း ဦးစန်းမောင်ဦး ကို စစ်ဆေးရန် ရန်ကုန်တိုင်းတရားရုံးတွင် ယနေ့ ချိန်းဆိုခဲ့သော်လည်း ရဲအရာရှိ ရောက်မလာ သဖြင့် မစစ်ဆေးဖြစ်ခဲ့ကြောင်းသိရသည်။
ဦးစန်းမောင်ဦး၏ ရှေ့နေဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးအောင်မြသိန်း က “ဒီနေ့က ဖမ်းဝရမ်းအတည်ပြုမယ့် ရဲအရာရှိမလာလို့ ရုံးချိန်းကို ဇန်နဝါရီလ ၇ ရက်နေ့ကို ပြန်ချိန်းလိုက်တာပေါ့။ ရဲအရာရှိလာတော့မှ အမှုကို စစ်ပြီးမှ စစ်ဆေးလို့ရမယ်” ဟု ပြောသည်။
ဦးစန်းမောင်ဦးကို ထိုင်းနိုင်ငံသို့ လုပ်သား စေလွှတ်နေသည့် အေဂျင်စီ ၃၂ ခုက ငွေကျပ်သိန်း တသောင်း နှစ်ထောင်ကျော် လာဘ်စားမှုဖြင့် လွန်ခဲ့သည့် ဧပြီလ ၁၂ ရက်နေ့က နိုင်ငံတော် သမ္မတ အပါအဝင် နိုင်ငံတော် ၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်နှင့် အမျိုးသား လွှတ်တော် ပြည်တွင်း ပြည်ပ အလုပ်သမားရေးရာ ကော်မတီသို့ တိုင်ကြားခဲ့ခြင်းဖြစ်သည်။
တိုင်ကြားစာနှင့် ပတ်သက်ပြီး သမ္မတရုံးမှ မေ ၁၇ ရက်တွင် လည်းကောင်း၊ အလုပ်သမား လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာနက မေ ၁၆ ရက်တွင် လည်းကောင်း၊ ရန်ကုန်မြို့ အဂတိလိုက်စားမှု တိုက်ဖျက် ရေး ကော်မရှင်ရုံးမှ မေ ၂၄ ရက်မှ ၂၈ ရက်တွင် လည်းကောင်း တိုင်ကြားသူများ အနက်မှ ကိုယ်စားပြု ကိုယ်စား လှယ် ၅ ဦးကို သက်ဆိုင်ရာဌာန အလိုက် ခေါ်ယူ စစ်ဆေးခဲ့သည်။
အဂတိကော်မရှင်၏ စစ်ဆေးချက်များ အရ ဦးစန်းမောင်ဦး တာဝန်ထမ်းဆောင်နေသည့် ၁ နှစ်အတွင်း ပြည်ပ အလုပ် အကိုင် အေဂျင်စီ ကုမ္ပဏီများ ထံမှ ထိုင်းဘတ် ၄၄၄၇၃၀၀ (ကျပ်သိန်းနှစ်ထောင်ကျော်) ကို လာဘ်ငွေ ရယူခဲ့ကြောင်း တိုင်ကြားခံထားရသူဖြစ်သည်။
ဦးစန်းမောင်ဦးသည် ပြည်ပ အလုပ်အကိုင် အေဂျင်စီ ကုမ္ပဏီများက အလုပ်သမား အမည်စာရင်း (Name List) များကို တင်ပြရာတွင် အလုပ်သမား တဦးလျှင် ထိုင်းဘတ်ငွေ ၁၀၀ နှုန်း ကောက်ခံပြီး ကုမ္ပဏီ ၁၆ ခုထံမှ ထိုင်း ဘတ်ငွေ ၃၈၇၃၀၀၀ နှင့် အလုပ်ခေါ်စာ (Demand Letter) များကို ခွင့်ပြုမိန့် အမြန် လက်မှတ်ရေးထိုးခြင်းနှင့် ပတ်သက်၍ ကုမ္ပဏီ ၁၂ ခုထံမှ လာဘ်ငွေအဖြစ် ထိုင်းဘတ်ငွေ ၅၇၄၃၀၀ ကို တောင်းခံယူခဲ့ကြောင်း အဂတိ ကော်မရှင်က စစ်ဆေးပေါ်ပေါက်ခဲ့သည်။
ထိုကုမ္ပဏီများထံမှ ရရှိငွေများကို ဒေသခန့် ဝန်ထမ်း ဦးသန်းထိုက်စိုး (ခ) ကိုစိုးနှင့် ဦးစောပြည့်ငြိမ်း(ခ) စော ဂျက် အပါအဝင် ဦးစန်းမောင်ဦးက တာဝန် ပေးအပ်ထားသည့် အရပ်သား တချို့ထံမှ တဆင့် လက်ခံရယူခဲ့ခြင်း ဖြင့် ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အဂတိ လိုက်စားမှု ကျူးလွန်ခဲ့သည်ဟု သိရသည်။
ထို့ကြောင့် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆ အရ ဦးစန်းမောင်ဦးနှင့် အဂတိလိုက်စားမှု ကျူးလွန်ရာတွင် အားပေးကူညီခဲ့သည့် ဦးသန်းထိုက်စိုး (ခ) ကိုစိုးနှင့် ဦးစောပြည့်ငြိမ်း (ခ) စောဂျက်တို့ကို ဥပဒေ ပုဒ်မ ၅၆/၆၃ အရ ရန် ကုန် အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့မရဲစခန်းတွင် အောက်တိုဘာ ၆ ရက်၌ ပထမသတင်းပေး တိုင်ကြားချက် ဖွင့်လှစ်၍ တရားစွဲဆို အရေးယူခဲ့ခြင်းဖြစ်သည်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ တွင် နိုင်ငံရေးရာထူး လက်ရှိဖြစ်သူမှအပ အခြားလုပ်ပိုင်ခွင့် အာဏာရှိသူ မည်သူမဆို လာဘ်ပေးလာဘ်ယူ ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင် ထိုသူကို ၁၀ နှစ်ထက် မပိုသော ထောင်ဒဏ် ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။
You may also like these stories:
အဂတိ တိုက်ဖျက်ရေး ကော်မရှင် တနှစ်ပြည့်ပြီ
အဂတိ တိုက်ဖျက်ရေး ကော်မရှင် စွပ်စွဲချက် BPI စက်ရုံမှူး ငြင်းဆို
အဂတိမှုဖြင့် စွဲဆိုထားသည့် နေပြည်တော် စည်ပင် ဈေးများဌာနမှူးကို တရားသေလွှတ်